တရုတ်ပြည်မှ ဂျစ်ကားဖက်စပ်လုပ်ငန်း ရပ်စဲကြောင်း ကြေညာ


တရုတ်ပြည်မှ ဂျစ်ကားဖက်စပ်လုပ်ငန်း ရပ်စဲကြောင်း ကြေညာ

ကမ္ဘာ့စတုတ္ထအကြီးဆုံးကားလုပ်ငန်း Stellantis  က  Guangzhou Automobile Group နှင့်  ဖက်စပ်လုပ်ငန်း  ရပ်စဲပြီဖြစ်ကြောင်း တနင်္လာနေ့ (ဇူလိုင် ၁၈) မှာ ကြေညာခဲ့ပါတယ်။

နောက်ခံဇာတ်ကြောင်းကို ပြန်ကည့်ရင် ဥရောပမှ ကားလုပ်ငန်း Fiat Chrysler နှင့် တရုတ်ပြည်မှ Guangzhou Automobile Group Co., Ltd. (GAC Group) တို့ရဲ့ ဖက်စပ်လုပ်ငန်းမှာ အရင်းအနှီး ၅၀% စီ ထည့်ဝင်ထားကြပါတယ်။ အဆိုပါဖက်စပ်လုပ်ငန်းကို တရုတ်ပြည်မှာ ထူထောင်ခဲ့ကြတာ ဖြစ်ပြီး တရုတ်ပြည်တွင်းမှာ Jeep တွေ ထုတ်လုပ်ရောင်းချဖို့အတွက် ထူထောင်လိုက်တာ ဖြစ်ပါတယ်။ 

 ၂၀၂၂ ဇန်နဝါရီလမှာ Fiat Chrysler ကို ကြီးကြပ်တဲ့ Stellantis က  ဂျစ်ကားလုပ်ငန်းမှာ ရှယ်ယာ ၅၀% မှ ၇၅%သို့ တိုးမြှင့်မယ့်အစီအစဉ်ကို ကြေညာပါတယ်။ 

GAC က ၎င်းထံမှ အတည်ပြု သဘောတူညီခြင်းလည်းမရှိ၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခြင်းလည်း မရှိဘဲ တစ်ဘက်သတ်ကြေညာတဲ့အတွက် GAC က Stellantis ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ 

တရုတ်အစိုးရက ဖက်စပ်လုပ်ငန်းမှာ ပြည်ပလုပ်ငန်းက ရှယ်ယာအများစု ပိုင်ဆိုင်ခွင့် မပြုခဲ့ပါဘူး။ အများဆုံး ၅၀% အထိသာ ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖြေလျော့ပေးခဲ့ပြီး ဖက်စပ်လုပ်ငန်းမှာ ပြည်ပလုပ်ငန်းများ ရှယ်ယာ အများစု ပိုင်ဆိုင်တာကို ခွင့်ပြုလိုက်ပါတယ်။ 

 မူဝါဒ ဖြေလျော့ပေးပြီးတဲ့နောက်မှာ BMW နှင့် Volkswagen တို့က ဖက်စပ်လုပ်ငန်းများမှာ ရှယ်ယာများ တိုးမြှင့်ဝယ်ယူပြီး ရှယ်ယာအများစု ပိုင်ဆိုင်တဲ့ အနေအထားကို ရယူခဲ့ကြပါတယ်။ Stellantis ကလည်း ဂျစ်ကားဖက်စပ်လုပ်ငန်းမှာ ရှယ်ယာအများစု ပိုင်ဆိုင်တဲ့ အနေအထားကို ရယူဖို့ ကြိုးစားခဲ့တာမှာ မပြေလည်ခဲ့ပါဘူး။ 

Stellantis က ဖက်စပ်လုပ်ငန်းမှာ ရှယ်ယာအများစု ပိုင်ဆိုင်ရရှိဖို့ လမ်းမမြင်တော့တာကြောင့် ဖက်စပ်လုပ်ငန်းကို ရပ်စဲပြီ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျစ်ကားတွေကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ခြင်း မပြုတော့ဘဲ ပြည်ပမှာ ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ တင်သွင်းပြီး ရောင်းချသွားမယ်လို့ ဆိုပါတယ်။ တရုတ်ပြည်တွင်းမှာ ရှိထားပြီးဖြစ်တဲ့ အရောင်းကိုယ်စားလှယ် ကွန်ရက်ဖြင့် တရုတ်ပြည်တွင်းဈေးကွက်ထဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

Fiat နှင့် Chrysler တို့ ပေါင်းစည်းထားတဲ့ Fiat Chrysler Automobiles (FCA) မှာ Peugeot S.A. ထပ်ပေါင်းထည့်ပြီး ၂၀၂၁ အစောပိုင်းမှာ Stellantis ကို ထူထောင်ခဲ့ကြပါတယ်။  ပေါင်းစည်းမှုမှာ ပါလာတဲ့ brand များ ဖြစ်ကြတဲ့ Alfa Romeo, Chrysler, Citroën, Dodge, Fiat, RAM, Jeep အစရှိတဲ့ brand များကို Stellantis က ကြီးကြပ်ရပါတယ်။ ဂျစ်ကားတွေ ထုတ်လုပ်ဖို့ GAC နှင့် ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်းလည်း ကျွဲကူးရေပါ Stellantis က ကြီးကြပ်ရပါတယ်။ 

 GAC Group က တရုတ်နိုင်ငံမှာ ပဉ္စမအကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်ပြီး သက်တမ်း နှစ် ၇၀ နီးပါး ရှိပါပြီ။ မော်တော်ယာဉ်အများစုကို ပြည်ပလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ထုတ်လုပ်ပါတယ်။ ဂျစ်ကားထုတ်လုပ်မယ့် ဖက်စပ်လုပ်ငန်းကို  Fiat Chrysler နှင့် ၂၀၁၀ မှာ ထူထောင်ခဲ့ပါတယ်။ Fiat Chrysler က  Stellantis ရဲ့ ထီးရိပ်အောက်ကို ရောက်ရှိသွားခဲ့ပြီးတဲ့နောက်မှာ အဆိုပါဖက်စပ်လုပ်ငန်းကို  Stellantis က ကြီးကြပ်ခဲ့ပါတယ်။ 

ယခုအခါ ဖက်စပ်လုပ်ငန်းကို ရပ်စဲပြီ ဖြစ်တဲ့အတွက် တရုတ်ပြည်မှာ ဂျစ်ကား ထုတ်လုပ်မှုလည်း ရပ်စဲပြီ ဖြစ်ပါတယ်။ 

 

တကယ်တော့ ဂျစ်ကား ထုတ်လုပ်ရေးလုပ်ငန်းက အရှုံးပေါ်နေပါတယ်။  Stellantis နှင့် GAC ဖက်စပ်လုပ်ငန်းက ၂၀၂၁ ခုနှစ်မှာ ရောင်းအား ၅၀% ကျဆင်းခဲ့ပြီး စက်ရုံတစ်ရုံပိတ်သိမ်းခဲ့ရပါတယ်။ လူကြိုက်နည်းရတာက ဆီစားလို့ ဖြစ်ပါတယ်။ ဟိုက်ဘရစ်အနေဖြင့် ထုတ်လုပ်မယ်ဆိုရင်တောင် စိတ်မဝင်စားကြတော့ပါဘူး။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: Reuters

Read 13809 times