ယခင်နှစ်တွင် လျှောက်ထားသော လုပ်ငန်းသုံးယာဉ် ပါမစ်များကို မတ်လကုန် နောက်ဆုံးထား၍တင်သွင်းရမည်


မတ်လကုန်နောက်ဆုံးထားကတင်သွင်းရမှာဖြစ်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်းတွင် ဂျပန်လေလံကို အပြိုင်ဆွဲနေကြပြီး လေလံဈေးများ မြင့်တက်နေသည်ဟု ကားတင်သွင်းသူများဆီမှ သိရှိခဲ့ရပါသည်။

၂၀၁၈ ခုနှစ်အတွင်းမှာ ဂျပန်ညာမောင်းကားများ ဆက်လက်တင်သွင်းခွင့်မပြုတော့သည့်အတွက် ယခင်နှစ်တွင် လျှောက်ထားသော လုပ်ငန်းသုံးယာဉ် ပါမစ်များကို ၃လပိုင်းကုန် အထိသာ ပါမစ်သက်တမ်းက ပေးထားသောကြောင့် ထိုနေ့မတိုင်ခင်တွင် သင်္ဘောကပ်ရန် လိုပါသည်။

ဂျပန်က သင်္ဘောလိုင်းများကလည်း သူ့ရက်နှင့် သူထွက်နေခြင်းဖြစ်၍ သေချာအောင် ခုရက်ထဲတွင် လေလံဆွဲခြင်း များနေခဲ့ခြင်းဖြစ်ပါသည်။

အရောင်းအဝယ်မှာ အေးစက်နေဆဲဖြစ်ကြောင်း ဂျပန်နိုင်ငံမှ ကားလေလံဆွဲသော ဝန်ဆောင်မှုကိုပေးနေသော ကုမ္မဏီပိုင်ရှင်မှ ပြောကြားခဲ့ပါသည်။

ယခင်က (၂၀၀၈/၂၀၀၉) မော်ဒယ် Hijet မီနီထရပ်တစ်စီးကို ယန်း ၃ သိန်းကျော်ခန့်သာ လေလံ ပေါက်ဈေးရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း လေလံအပြိုင် ဆွဲယူမှုများကြောင့် ယန်း ၅ သိန်းခန့် (မြန်မာငွေသိန်း ၆၀ ကျော်) အထိ လေလံဈေးမြင့်တက်လျက်ရှိနေသည်ဟု သိရပါသည်။

ဂျပန်နိုင်ငံမှ လေလံအောင်မြင်ထားသော ကားများကို သင်္ဘောလိုင်းများနှင့် ရန်ကုန်ဆိပ်ကမ်းကို တင်သွင်းမယ်ဆိုပါက ရက် (၂၀) ကနေ တစ်လဝန်းကျင်အထိ ကြာမြင့်တတ်တာကြောင့် မတ်လကုန်အမီ ရန်ကုန်ဆိပ်ကမ်း ရောက်နိုင်ရန်အတွက် ယခုရက်ပိုင်းများတွင် အပြိုင်ဈေးပေးပြီး လေလံဆွဲ ဝယ်ယူနေကြခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံထုတ် လုပ်ငန်းသုံး ယာဉ်လိုက်ထရပ်နှင့် မီနီထရပ်များကို ပြည်တွင်းမှာ အများဆုံး အသုံးပြုနေခဲ့ကြပြီး ယခုနှစ် မတ်လကုန်အထိသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည့်အပြင် နောက်ပိုင်းများတွင်ဂျပန်ညာမောင်း တစ်ပတ်ရစ်ကားများအစား ဘယ်မောင်းကားများကိုသာ ဈေးကွက်အတွင်း မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

 

Read 835 times