ကယ်လီဖိုးနီးယား အီးဗီပြဋ္ဌာန်းချက်ကြောင့် ဂျပန်ကားလုပ်ငန်းများ အခက်တွေ့


ကယ်လီဖိုးနီးယား အီးဗီပြဋ္ဌာန်းချက်ကြောင့် ဂျပန်ကားလုပ်ငန်းများ အခက်တွေ့

ဂျပန်မော်တော်ကားထုတ်လုပ်သူများ ကယ်လီဖိုးနီးယားတွင် ရောင်းချသည့် ဓာတ်ဆီကားများကို သိသိသာသာလျှော့ချရန် စိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်နေရသည်။ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ရရှိမည့် အချိန်မှာ ၄ နှစ်ပင် မကျန်တော့ချေ။ ကြာသပတေးနေ့ (ဩဂုတ် ၂၅)တွင် ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်သုံးဆီ လောင်ကျွမ်းသည့် မော်တော်ယာဉ်များ ရောင်းချခြင်း အားလုံးကို ၂၀၃၅ တွင် ပိတ်ပင်ရန် အတည်ပြုလိုက်သည်။

 

ကယ်လီဖိုးနီးယား လေအရင်းအမြစ်ဘုတ်အဖွဲ့ California Air Resources Board ၏ အမိန့်စာသည် ၂၀၂၆ ခုနှစ် ကားမော်ဒယ်များတွင် စတင်သက်ရောက်သည်။ ၂၀၂၆ တွင် ကားထုတ်လုပ်သည့်လုပ်ငန်းများ ရောင်းချသည့်ကားများတွင် အနည်းဆုံး ၃၅% သည် ဓာတ်ငွေ့ထုတ်လွှတ်မှု သုည zero-emission ကားများ ဖြစ်ကိုဖြစ်ရမည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ ကားရောင်းအားသည် အမေရိကန်ကားဈေးကွက်၏ ၁၂% ရှိသဖြင့် ကားထုတ်လုပ်သူများ ကယ်လီဖိုးနီးယားပြည်နယ်ကို ချန်လှပ်ထားလျှင် ရောင်းအား ထိခိုက်လိမ့်မည်။

 

ထို့ပြင် အခြားပြည်နယ် အချို့တို့ကလည်း အလားတူ ပြဋ္ဌာန်းဖို့ အလားအလာ များနေသည်။ သို့ဖြစ်ရာ ကားထုတ်လုပ်သူများ  ပြဋ္ဌာန်းချက်ကို  လိုက်နာကြရမည်သာ ဖြစ်သည်။ သတ်မှတ်ပြဋ္ဌာန်းချက်များသည် တင်းကျပ်သော်လည်း ၂၀၃၅ တွင် စက်သုံးဆီ သုံးစွဲသည့်ကားများ ကင်းမဲ့ရေး ပန်းတိုင်သို့ ရောက်စေရန် အဆင့်ဆင့် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများသည် ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်မည့် ထုတ်လုပ်ရေး အစီအစဉ်ကို ရေးဆွဲကြရမည် ဖြစ်သည်။

 

၂၀၃၀ ခုနှစ်တွင် နောက်တစ်ဆင့် ထပ်တက်သည်။ ၂၀၃၀ မော်ဒယ်ကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ရောင်းလိုသော ကားထုတ်လုပ်ရေးလုပ်ငန်းသည် zero-emission ကား အနည်းဆုံး ၆၈% ရောင်းချဖို့ လိုအပ်မည်။  ၂၀၃၅ တွင် ပန်းတိုင်သို့ ရောက်ရှိသည်။ ရောင်းချသမျှကားအားလုံး zero-emission ဖြစ်ရမည်။ လျှပ်စစ်ကားများ၊ လောင်စာဆဲလ်ကားများ ဖြစ်ရမည်။ ပလပ်ထိုးဟိုက်ဘရစ်ကားဆိုပါက လျှပ်စစ်ဖြင့် ကီလိုမီတာ ၈၀ နှင့်အထက် မောင်းနှင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။

ဟိုက်ဘရစ်ကားအမျိုးအစားတွင် Toyota Motor အပါအဝင် ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ဟိုက်ဘရစ်ကားများသည် ဘက်ထရီကို ပလပ်ထိုးပြီး အားသွင်း၍ မရချေ။ သို့ဖြစ်ရာ သမားရိုးကျ ဟိုက်ဘရစ်များကို zero-emission ကားဟု ကယ်လီဖိုးနီးယား အာဏာပိုင်တို့က မသတ်မှတ်ချေ။ သို့ဖြစ်ရာ ၎င်းသမားရိုးကျ ဟိုက်ဘရစ်များသည် ၂၀၃၅ တွင် ရောင်းချခြင်း မပြုရန် ပိတ်ပင်ထားခြင်း ခံရမည် ဖြစ်သည်။ 

 

ပလပ်ထိုးဟိုက်ဘရစ်ကိုလည်း California Air Resources Board က ကန့်သတ်ချက် ပြဋ္ဌာန်းခားသည်။ zero-emissions ကားများ ရောင်းအား၏ ၂၀% ထက်ကျော်လွန်ပြီး ပလပ်ထိုးဟိုက်ဘရစ်ကို ရောင်းချရန် ခွင့်မပြုချေ။ ကယ်လီဖိုးနီးယားတွင် မော်တော်ယာဉ်အများစုသည် အိပ်ဇောမှ ထုတ်လွှတ်ခြင်း ကင်းသည့်ကားများ ဖြစ်နေစေရန် ယခုလို ကန့်သတ်ထားခြင်း ဖြစ်သည်။ အဆိုပါစည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်သော ကားထုန်လုပ်ရေး လုပ်ငန်းသည် ရောင်းချသည့်ကားတစ်စီးတိုင်းအတွက် ဒဏ်ကြေး ကန်ဒေါ်လာ ၂၀,၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။ 

 

ကယ်လီဖိုးနီးယား ကားအသစ် ရောင်းသူများအသင်းCalifornia New Car Dealers Association မှ ထုတ်ပြန်သည့် အချက်အလက်မျအရ ၂၀၂၂ ပထမ နှစ်ဝက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်တွင် ကားစီးရေ ၈၅၃,၀၀၀ ခန့် ရောင်းချခဲ့သည်။ အီးဗီနှင့် ပလပ်ထိုးဟိုက်ဘရစ် ကားများ ၁၇.၉% ပါဝင်သည်။ ၎င်း၁၇.၉% တွင် ကားအမျစုမှာ လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း Tesla ၏ ကားမော်ဒယ်များ ဖြစ်သည်။ 

 

S&P Global မှ ထုတ်ပြန်သည့် အချက်အလက်များအရ  ယခုနှစ် ပထမနှစ်ဝက်တွင် ကယ်လီဖိုးနီးယားမှာ Toyota ရောင်းချခဲ့သည့်ကားများတွင် ၄% သည်  မီးခိုးမဲ့ zero-emission ကားများ ဖြစ်သည်။ Honda Motor မီးခိုးမဲ့ ကားရာခိုင်နှုန်းမှာ ၀.၃% မျှသာ ရှိသည်။  Nissan Motor က အပြည့်အဝလျှပ်စစ်ကား မော်ဒယ်  Leaf ကို ရောင်းချသည်။ ယခုနှစ် ပထမနှစ်ဝက် ရောင်းအားတွင် ၆%  သည် Leaf ရောင်းချသည့် ရာခိုင်နှုန်း ဖြစ်သည်။ 

 

သိုဖြစ်ရာ ၎င်းဂျပန်ကားလုပ်ငန်းများသည် ၄ နှစ်မပြည့်တော့သည့် ကျန်ရှိသည့်အချိန်ကာလမှာ ၃၅% ထိ ဖြစ်လာဖို့ ဝေးနေဆဲဖြစ်သည်။  မီးခိုးမဲ့ကားအနေဖြင့်  အများဆုံးရောင်းအားကို ကြည့်လျှင် လျှပ်စစ်ကား Tesla ရောင်းသမျှကားအားလုံးသည် zero-emissions မော်တော်ယာဉ်များချည်း ဖြစ်ပေရာ ထိပ်ဆုံး ပထမနေရာတွင် ရှိနေသည်။ ဒုတိယနှင့် တတိယနေရာတို့တွင် Hyundai Motor နှင့်  Kia တို့ရှိနေသည်။  Toyota မှာ စတုတ္ထနေရာတွင် ရှိနေသည်။ 

 

Toyota မှာ အီးဗီအစီအစဉ် ရှိသည်။ ၂၀၃၀ တွင် အီးဗီ စီးရေ ၃.၅ သန်း ရောင်းချရန် ရည်မှန်းချက် ထားရှိသည်။ အမေရိကန်ဈေးကွက်ထဲ ရောင်းချရန် လျာထားသည့် စီးရေကို ပြောဆိုခြင်း မပြုသော်လည်း အမေရိကန်ဈေးကွက်ထဲ ရောင်းချသည့် Lexus မော်ဒယ်များအားလုံး ၂၀၃၀ တွင် အပြည့်အဝ လျှပ်စစ်ကား ဖြစ်မည်ဟု ဆိုသည်။ Mazda Motor အဖို့ အမေရိကန်ဈေးကွက်သည် ဝင်ငွေအတွက် အဒိကအကျဆုံး ဈေးကွက်ဖြစ်သည်။ ကယ်လီဖိုးနီးယားအတွက် သီးသန့်အစီအစဉ်အဖြစ် MX-30 EV ရောင်းချသည်။ သို့သော် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ MX-30 EV ၃၂၄ စီးမျှသာ ရောင်းချရသည်။ 

 

မီးခိုးမဲ့ကား အနည်းဆုံး ၃၅% ဆိုသည့် ပြဋ္ဌာန်းချက်ကို ပြည့်မီဖို့ အတော် ဝေးနေဆဲ ဖြစ်သည်။

 

Source Asia.nikkei

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 8858 times