မော်တော်ယာဉ်တင် သွင်းရာတွင် အကောက်ခွန်နှင့် ကညန မှတ်ပုံတင်နှုန်းထားများ ဖြေလျှော့လိုက်သဖြင့် ပြည်တွင်း ၌ ထုတ်လုပ်နေသည့် ဂျပန်ကား ကုမ္ပဏီများ၏ ရေရှည်ရင်းနှီးမြှုပ် နှံမှုအပေါ် ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအ မတ် မစ္စတာ အိချရောမာရုယာမ က အသိပေးပြောကြားသည်။
အခွန်နှုန်းထား အပြောင်းအ လဲကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ် နှံမှု တိုးမြှင့်ရန်နှင့် အသစ်ဝင် ရောက်ရန်ရှိနေသော ဂျပန်ကား ကုမ္ပဏီများအတွက် အဟန့်အ တားဖြစ်စေပြီး ရင်းနှီးမြှုပ်နှံမှုများ ရှေ့ဆက်ရန် ခက်ခဲစေမှုကို ဖြေ ရှင်းရန် ဩဂုတ် ၁၈ ရက်က မြန်မာ့မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) သို့ ဂျပန်သံအမတ် လာရောက် ဆွေးနွေးခဲ့ကြောင်း MAMDA အ သင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောသည်။
‘‘တိုယိုတာကလည်း မကြာ ခင်ဝင်တော့မယ်။ နောက် ပြည် တွင်းမှာ နှစ်စဉ်သောင်းနဲ့ချီထုတ် နေတဲ့ ဆူဇူကီးဈေးကွက်ကလည်း အခုအနေအထားဆို ဈေးကွက် သက်ရောက်မှုကြီးလာမယ်။ ဒါ ကြောင့် သူတို့အနေနဲ့ ဘယ်လို လုပ်နိုင်မလဲဆိုတာ ဆွေးနွေးတာ ဖြစ်တယ်’’ ဟု ဦးမျိုးဇင်ဝင်းက ပြောသည်။
MAMDA အနေဖြင့် မကြာ သေးမီက သတ်မှတ်လိုက်သည့် အစိုးရ၏ မော်တော်ယာဉ်အခွန် အကောက်ကို ကန့်ကွက်ရန်မရှိ ဘဲ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုအပေါ် တိကျခိုင်မာသည့် မော် တော်ယာဉ်မူဝါဒတစ်ခု ထွက်ပေါ် လာရန်သာ အကြံပြုလိုကြောင်း ၎င်းကပြောသည်။
သြဂုတ်လဆန်းပိုင်းက မော် တော်ယာဉ် အခွန်အကောက်နှင့် ဆက်စပ်၍ ကညန မှတ်ပုံတင်ခ အတွက် ပြည်ပမှ တင်သွင်းသည့် လူစီးယာဉ် အမျိုးအစားတွင် ၁,၃၅၀ စီစီ နှင့် အောက်ကို ၃၀ မှ ၁၅ ရာခိုင်နှုန်း၊ ၁,၃၅၁ စီစီ မှ ၂,၀၀၀ စီစီ အထိ ၅၀ မှ ၂၅ ရာခိုင်နှုန်း၊၂,၀၀၁ စီစီ မှ ၅,၀၀၀ စီစီ အထိ ၈၀ မှ ၄၀ရာခိုင်နှုန်းနှင့် ၅,၀၀၁ စီစီနှင့် အထက် ၁၂၀ မှ ၆၀ ရာခိုင်နှုန်း ပြောင်းလဲသတ် မှတ်ခဲ့သည်။
ထို့အပြင် အကောက်ခွန်နှုန်း ထားတွင်လည်း ပြည်ပမှ တင် သွင်းသည့် လူစီးမော်တော်ယာဉ် များအတွက် အင်ဂျင်ပါဝါ ၂,၀၀၀ စီစီနှင့်အောက်ကို အကောက်ခွန် နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်း၊အင်ဂျင်ပါဝါ ၂,၀၀၁ စီစီနှင့် အထက်ကို ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။
လျှော့ချသည့် အခွန်အခ ကြောင့် ပြည်တွင်းထုတ်လုပ်သည့် မော်တော်ယာဉ်ဈေးကွက်တွင် ပြည်ပမှ အလုံးစုံမှာယူတင်သွင်း မှု ပိုများလာမည်ဖြစ်ကာ ဈေးနှုန်း အရလည်း ယခင်ထက် ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ သက်သာမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ မော်တော် ယာဉ် ဝယ်လိုအားနှင့် ထုတ်လုပ်မှု အခြေအနေသည် ယခင်သုံးနှစ်က စ၍ မြင့်တက်လာပြီး ၂၀၁၉ နှစ် ကုန်တွင် brand new မော်တော် ယာဉ် အစီးရေ သုံးသောင်းကျော် အထိ ရောင်းချနိုင်ခဲ့ကြောင်း အာဆီယံမော်တော်ယာဉ်အသင်း က ထုတ်ပြန်ထားသည်။
7Day News Journal