ဂျပန်မှာ ဆယ်ကျော်သက်တွေကို အီးဗီဘက်ထရီ ပြုလုပ်ပုံ သင်တန်းပေးမည်


ဂျပန်မှာ ဆယ်ကျော်သက်တွေကို အီးဗီဘက်ထရီ ပြုလုပ်ပုံ သင်တန်းပေးမည်


အီးဗီဘက်ထရီလုပ်ငန်းကဏ္ဍတွင် လုပ်သားရှားပါးမှုကို ကျော်လွှားရန်အတွက် ယခုနှစ်မှစတင်ကာ အမျိုးသားရေး ကြိုးပမ်းမှုအနေဖြင့် ဂျပန်နိုင်ငံမှ ဆယ်ကျော်သက်လူငယ်များအား လျှပ်စစ်ကားများအတွက် ဘက်ထရီထုတ်လုပ်ရန် သင်ကြားပေးမည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး ဘက်ထရီနှင့် ပတ်သက်သော လုပ်သား ၃၀,၀၀၀ ကို လေ့ကျင့်ပေးမည့် အစီအစဉ်ကို ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ကုန်သွယ်မှုအဖွဲ့များက မတ်လတွင် အသေးစိတ် ရေးဆွဲခဲ့ကြသည်။ ကုန်သွယ်မှုအဖွဲ့များတွင် Prime Planet Energy & Solutions ၊ Toyota Motor, Panasonic Energy နှင့် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းတို့ အသင်းဝင်အဖြစ် ပါဝင်သည့် Battery Association for Supply Chain ပါဝင်သည်။

ပထမအဆင့်အနေဖြင့် Osaka Prefecture University College of Technology တွင် ဘက်ထရီနည်းပညာ သင်ကြားပေးခြင်း  စတင်စမ်းသပ်မည့် ကျောင်းသား ၄၀ ခန့် ဒီဇင်ဘာလတွင် တက်ရောက်မည် ဖြစ်သည်။
၅ နှစ် အပြင်းအထန် သင်တန်းပေးပြီး သက်မွေးပညာရှင်အဖြစ် လုပ်ကိုင်နိုင်သည့် နည်းပညာရှင်များ မွေးထုတ်မည်။
နောက်နှစ်တွင် အလားတူ သင်တန်းများကို သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များတွင် ပို့ချမည်။

Panasonic Energy က သက်မွေးပညာကျောင်းများနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား ၅၀ ကို ခေါ်ယူပြီး သင်တန်းပို့ချနေသည်။ သို့သော် နောက်ထပ် အများအပြား လိုလပ်နေဆဲ ဖြစ်သည်။
 ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် ဝန်ထမ်းပေါင်း ၅,၀၀၀ ခန့်ကို ခန့်အပ်ရန် စီစဉ်ထားသည်။ မြောက်အမေရိကမှ ဘက်ထရီစက်ရုံများတွင် ဝန်ထမ်း  ၃,၀၀၀ ဝန်းကျင် ထားရှိမည်။
 ၎င်းစက်ရုံသည် Tesla ထံသို့ ဘက်ထရီများ ပေးသွင်းသည်။
 
ဂျပန်မှ သင်တန်းများတွင် သင်တန်းသားများက်ု အစိုးရ၏ National Institute of Advanced Industrial Science and Technology မှ ပံ့ပိုးသည့် စက်ကိရိယာများဖြင့် ဘက်ထရီ ပြုလုပ်တတ်အောင် သင်ပေးမည်။ အီးဗီဘက်ထရီ စက်ရုံများကို ဗီဒီယိုဖြင့် ပြသပေးမည်။ ဘက်ထရီကုမ္ပဏီများမှ အငြိမ်းစားယူထားသူများက သင်ပြပေးကြမည်။

Source Asia nikkei 
 

Read 411 times