သိန်း ၁၈၀ ကနေ ၂၂၀ အထိရောက်လာတဲ့ ဂျပန်တစ်ပတ်ရစ် မီနီထရပ်ကားဈေးကွက်


ပြည်တွင်းမှာ အင်ဂျင်ပါဝါအသေးနဲ့ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ ၆၆၀ စီစီ မီနီထရပ် ဂျပန်တစ်ပတ်ရစ်ကားတွေက အခုဆိုရင် သိန်း ၁၈၀ ကနေအမြင့်ဆုံး ၂၂၀ အထိဖြစ်လာခဲ့တယ်လို့ ကားဈေးကွက်အတွင်းကနေသိရပါတယ်။

မော်ဒယ်နိမ့်မီနီထရပ်တွေက သိန်း ၇၀ ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေပေမယ့် ၂၀၁၄ မော်ဒယ်အထက် မော်ဒယ်မြင့် ဂရိတ်စုံ မီနီထရပ်တွေကတော့ သိန်း ၁၈၀ အထက်မှာရှိနေတယ်လို့သိရပါတယ်။

"အဓိကကတော့ ထပ်ပြီးသွင်းမရတော့တာပေါ့ဗျာ။လက်ရှိ ခွေးဘီလူးကားတွေက ပြည်တွင်းမှာ သွင်းထားပြီးသား ကားအရောင်းစင်တာနဲ့ဝယ်ရောင်းတွေလက်ထဲကဟာတွေဘဲ ရှိတော့တာပေါ့။ဝန်တင်တာဖြစ်ဖြစ်ပြည်တွင်းမှာတစ်ချို့ကလည်းခရီးတွေဘာတွေထွက်ကြတော့ ဒီကားလေးတွေက ကြိုက်ကြတာပေါ့။ဈေးကတော့ ဟိုက်ဂျက်ဂရိတ်ပြည့်ပါဝါအစုံ ဆိုသိန်းနှစ်ရာကျော်မယ်"လို့ မန္တလေးမြို့ ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

မီနီထရပ်ကားတွေအနက် Hijet နဲ့ Carry တွေက ဈေးကွက်မှာလူကြိုက်အများဆုံးဖြစ်ပြီး Acty ၊ Clipper နဲ့ Sambar ကားတွေကတော့ ဈေးနှုန်းအနည်းငယ်သက်သာတာကြောင့်သုံးစွဲနေကြတယ်လို့သိရပါတယ်။

ဂျပန်ညာမောင်းကားတွေတင်သွင်းခွင့်မရှိတော့ချိန်မှာ တစ်ပတ်ရစ်ကားဈေးကွက်က ဈေးတန်းတစ်ခုအထိမြင့်တက်ခဲ့တာဖြစ်ပြီး မီနီထရပ်တွေကတော့ ၃ နှစ်အတွင်း ဈေးနှုန်းနှစ်ဆကျော်အထိ မြင့်တက်သွားတယ်လို့လည်း ကားဈေးကွက်အတွင်းကသိရပါတယ်။

Read 2710 times