ဟိုက်ဘရစ်ကား အောင်မြင်မှု‌ကြောင့် ဂျပန်ကားလုပ်ငန်းများ အီးဗီကဏ္ဍမှာ ဖင့်နွှဲလေးကန်


ဟိုက်ဘရစ်ကား အောင်မြင်မှု‌ကြောင့် ဂျပန်ကားလုပ်ငန်းများ အီးဗီကဏ္ဍမှာ ဖင့်နွှဲလေးကန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တစ်ချိန်တုန်းက အီးဗီဈေးကွက်ကို ဦးဆောင်နေသော ဂျပန်ကားလုပ်ငန်းများသည် ယခုအခါ နောက်ဘိတ်ဆုံးနေရာသို့ ရောက်ရှိနေသည်။
.
ယခုအခါ တရုတ်နှင့် အနောက်တိုင်း ကားထုတ်လုပ်သူများသည် ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်၏ ၉၀% သို့မဟုတ် ထိုထက်မက ကို ဈေးကွက်ဝေစု ရရှိထားကြသည်။ ဂျပန်ကားထုတ်လုပ်သူများသည် ၅% အောက်ကိုသာ ရရှိထားသည်။
ဂျပန်ကားထုတ်လုပ်သူများသည် ဟိုက်ဘရစ် မော်ဒယ်များဖြင့် အောင်မြင်မှုများ ရရှိနေသဖြင့် အီးဗီကဏ္ဍတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရန် ထက်သန်မှု မရှိကြချေ။
၂၀၂၂ ကမ္ဘာ့လျှပ်စစ်ကားစျေးကွက်၏ ဈေးကွက်ဝေစုများကို အကြမ်းအားဖြင့် ကြည့်လျှင် တရုတ်မှ အီးဗီ ထုတ်လုပ်သူများက ၄၀% ၊ ဥရောပမှ အီးဗီ ထုတ်လုပ်သူများက ၂၀% ၊ အမေရိကန်မှ အီးဗီ ထုတ်လုပ်သူများက ၃၀% ဈေးကွက်ဝေစု အသီးသီး ရရှိထားကြသည်ဟု သတင်းအချက်အလက်ကုမ္ပဏီ MarkLines က ဆိုသည်။
.
ကမ္ဘာ့အီးဗီ ရောင်းအားသည် ၂၀၂၂ ဇန်နဝါရီမှ နိုဝင်ဘာလအထိ စုစုပေါင်း အစီးရေ ၆.၈ သန်းရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် ၅၀% ပိုများသည်။ 
ကားအမျိုးအစားအားလုံးတွင် အီးဗီက ၂၀၂၁ ခုနှစ်တွင် ၆% ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၁၀% ပါဝင်သည်။
တရုတ်ကားလုပ်ငန်းများက ၂၀၂၂ တွင် အီးဗီစီးရေ ၂.၉ သန်းခန့် ရောင်းချခဲ့သည်။
အမေရိကန်ကားလုပ်ငန်းများက အီးဗီစီးရေ ၂.၁ သန်းခန့် ရောင်းချခဲ့သည်။
ဥရောပကားလုပ်ငန်းများက အီးဗီစီးရေ ၁.၂ သန်းခန့် ရောင်းချခဲ့သည်။
ဂျပန်ကားလုပ်ငန်းများက အီးဗီစီးရေ ၂ သိန်းခန့် ရောင်းချခဲ့သည်။ သို့ဖြစ်ရာ ကမ္ဘာ့အီးဗီရောင်းအား၏ ၅% အောက်တွင်သာ ရှိသည်။
.
၂၀၁၀ ခုနှစ်ဝန်းကျင်ကို ပြန်ကြည့်လျှင် တစ်နှစ်တာ အီးဗီရောင်းအားသည် ထောင်ဂဏန်း၊ လွန်ရောကျွံရော သောင်းဂဏန်းသာ ရှိသည်။ ဂျပန်ကားထုတ်လုပ်သူတို့က ဈေးကွက်ဝေစု ၇၀ မှ ၉၀ ရာခိုင်နှုန်းအထိ ရရှိထားသည်။
၂၀၀၉ တွင် Mitsubishi Motors က i-MiEV ထုတ်လုပ်ခဲ့သည်။ ၂၀၁၀ တွင် Nissan က Leaf ထုတ်လုပ်ခဲ့သည်။

ယခုအခါ ဥရောပ၊ တရုတ်နှင့် အမေရိကန်တို့တွင် အီးဗီကို သုံးစွဲမှု ပိုများလာနေသည်။ ကာဘွန်ထုတ်လွှတ်မှု ပပျောက်ရေး ဦးတည်ချက် ထားရှိသည့်အတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိသော အီးဗီကို ဦးစားပေးလာကြသည်။ 
ကားထုတ်လုပ်ရေး လုပ်ငန်းသစ်များအနေဖြင့် လူသစ်တန်းအဖို့ ထုတ်လုပ်ဖို့ ခက်ခဲနေစေသည့် အင်ဂျင်ကို ထုတ်လုပ်ရန် မလိုအပ်သဖြင့် ကားထုတ်လုပ်ဖို့ လွယ်ကူနေစေသည်။  အီးဗီတွင်  ပါဝင်သော စက်ကိရိယာ အစိတ်အပိုင်းအမျိုးမျိုးတို့သည်လည်း သမားရိုးကျ အင်ဂျင်ကားထက် နည်းသည်။ 

ဟိုက်ဘရစ်ကားဈေးကွက်ကို Toyota က ကြီးစိုးထားပြီးသား ဖြစ်နေသဖြင့် လွတ်လွတ်ကင်းကင်း ဖြစ်သည့် အီးဗီကဏ္ဍမှာ ကားထုတ်လုပ်ရေး လုပ်ငန်းသစ်များ ဝင်ကစားကြသည်။
ဥရောပမှ အစိုးရများနှင့် တရုတ်အစိုးရ အပါအဝင် နိုင်ငံအစိုးရတို့က အီးဗီစီးကြအောင် တွန်းပို့သည်။ အီးယူတွင်၂၀၃၀ တွင် ဓာတ်ဆီအင်ဂျင်ကားများ လုံးဝဖယ်ရှားမည်ဖြစ်ရာ ဘက်ထရီ ဓာတ်ဆီအင်ဂျင် ဟိုက်ဘရစ်များလည်း ဖယ်ရှားခံမည် ဖြစ်သည်။

ဂျပန်အစိုးရသည် ဂျပန်ကားကုမ္ပဏီကြီးများကို မလွန်ဆန်နိုင်သဖြင့် အခွန်မက်လုံးပေးရာတွင် အီးဗီ၊ လောင်စာဆဲ ကားများအပြင် ဟိုက်ဘရစ်ကားများကိုပါ စာရင်းထဲ ထည့်ထားသည်။

ဂျပန်နိုင်ငံသည် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများကိုလည်း သုံးစွဲနေသဖြင့် အီးဗီကို အားသွင်းသည့် ဓာတ်အားများ ထုတ်လုပ်ရာတွင် ကာဘွန်ထုတ်လွှတ်မှုများ ရှိနေမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ အီးဗီ သုံးစွဲခြင်းကြောင့် ကာဘွန်ထုန်လွှတ်မှု သိသိသာသာ လျော့မကျချေ။ အကြောင်းမထူးချေ။ သို့ဖြစ်ရာ အီးဗီထက် ကာဘွန်ထုတ်လွှတ်မှုနည်းသော ကားများကို ပိုဦးစားပေးသည်မှာ ကျိုးကြောင်းဆီလျော်သည်။

 ယခုအခါ ကမ္ဘာ့ကားဈေးကွက်ထဲ အီးဗီကဏ္ဍ ကြီးထွားလာနေသဖြင့် ဂျပန်ကားလုပ်ငန်းများသည် နေရာတစ်နေရာ ရယူထားနိုင်ရန် အီးဗီ ထုတ်လုပ်မှုများ လုပ်ဆောင်လာကြသည်။ ယေဘုယျအားဖြင့် ဂျပန်ပြည်တွင်းဈေးကွက်အတွက် ဟိုက်ဘရစ်ကို ထုတ်လုပ်မည်။ ကမ္ဘာ့ဈေးကွက်အတွက် အီးဗီများကို အထိုက်အလျောက် ထုတ်လုပ်မည်။

 


 Honda က ဓာတ်ဆီသုံး ကားများကို ၂၀၄၀ နောက်ဆုံးထားပြီး ထုတ်လုပ်မှု ရပ်မည်ဟု ကြေညာခဲ့သည်။
နိုင်ငံအစိုးရများက ၂၀၃၀ ကို နောက်ဆုံးထားပြီး ဓာတ်ဆီသုံး ကားများကို ဖယ်ရှားမည်ဖြစ်ရာ Honda က ၁၀ နှစ် နောက်ချန် ကျန်ရစ်သည်။
Source Asia Nikkei 
 

Read 1121 times