Italdesign ကုမ္ပဏီ၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ် Italdesign Zerouno Roadster ပြိုင်ကားသစ်


၁၉၆၈ ခုနှစ်က စတင်တည်ထောင်ခဲ့သော အီတလီနိုင်ငံ အခြေစိုက် Italdesign Giugiaro S.p.A သည် လှပသော တီထွင်မှုများစွာကို ဖန်တီးရာတွင် သမိုင်းအစဉ်အလာရှိခဲ့သောကားမွမ်းမံရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

Italdesign ၏ နောက်ဆုံးပေါ်ဖန်တီးမှုမှာ ၂၀၁၇ ခုနှစ်က ပွဲထုတ်ပြသခဲ့သော Italdesign Zerouno Coupe သာဖြစ်ပြီး Italdesign အမှတ်တံဆိပ်အမည်နှင့် ထုတ်လုပ်သော ပထမဆုံးကားမိုဒယ်လည်း ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ မတ် ၈ ရက်တွင် စတင်းကျင်းပမည့် ဂျီနီဗာကားပြပွဲကြီးတွင် Italdesign သည် ကုမ္ပဏီ၏ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Zerouno Roadster မိုဒယ်သစ်ကို ထုတ်လုပ်မှု မိုဒယ်အဖြစ် တရားဝင်ပွဲထုတ်ပြသရန် စီစဉ်ထားပါသည်။

Zerouno Roadster မိုဒယ်သစ်သည် Zerouno Coupe ၏ အမိုးဖွင့်ဗားရှင်းဖြစ်သောကြောင့် ကားခေါင်မိုးဧရိယာမှလွဲလျှင် တခြားကိုယ်ထည်ဒီဇိုင်း အပြင်အဆင်များက Coupe ဗားရှင်းနှင့် ခပ်ဆင်ဆင် တူပါသည်။

သို့သော်လည်း Roadster မိုဒယ်အသစ်မှာ စိတ်တိုင်းကျ မွမ်းမံမှုများ ပိုလုပ်နိုင်ရန် စီမံပေးထားပါသည်။

ကားဈေးကို အတိအကျမသိရသေးသော်လည်း ကားအစီးရေ ငါးစီးသာ ထုတ်လုပ်ခဲ့သော Italdesign Zerouno Coupe ၏ အခြေခံဈေးသည် ဒေါ်လာ ၂ ဒသမ ၄ သန်းဝန်းကျင်ဖြစ်မည်ဟု ခန့်မှန်းထားကြပါသည်။

Zerouno Coupe မိုဒယ်ကိုသာ အခြေခံထားသော အမိုးဖွင့် Roadster ဗားရှင်း Zerouno Roadster ၏ ကိုယ်ထည်သည် ဖွင့်ထားသော ခေါင်မိုးဧရိယာနှင့် ကားထိုင်ခုံများနောက်က ခုံးမိုးပုံစံ ဧရိယာနှစ်ခုမှလွဲလျှင် အခြားဒီဇိုင်းအပြင်အဆင်များက ယခင်နှင့် သိပ်မကွာခြားပေ။

ပေါ့ပါးကြံ့ခိုင်သော ကာဗွန်ဖိုင်ဘာနှင့် အလူမီနီယမ် သတ္တုများကိုသာ အောက်ခံထည်တွင် အသုံးပြုထားပြီး ကားကိုယ်ထည်တစ်ခုလုံးကိုလည်း ကာဗွန်ဖိုင်ဘာသားနှင့်သာ တည်ဆောက်ထားပါသည်။

ဗြက်ကျယ်ကျယ် ခပ်ဝပ်ဝပ်အနေအထားရှိသော ကားကိုယ်ထည်၏ ထောင့်တိုင်းတွင် လေစုပ်ပေါက်များရှိတက်ခြင်းလည်း ဆင်တူပါသည်။

ထို့အပြင် Zerouno Roadster သည် Lamborghini နှင့် Audi များကဲ့သို့ ဒီဇိုင်းတည်ဆောက်ပုံမျိုးသာ မှီငြမ်းထားပြီး ကား၏ အဓိကအကျဆုံး သော့ချက်မှာ ပေါ့ပါးသော ကိုယ်ထည်ဒီဇိုင်းဖြစ်ပါသည်။

အလန်းစားပြိုင်ကားတစ်စီးပီသစွာ အကွေ့အဝိုက် အတွန့်အချိုးများလှသော ကားကိုယ်ထည်တွင် လက်မနှစ်ဆယ်အရွယ် အလူမီနီယမ်ကားဘီးများကို လိုက်ဖက်ညီစွာ တပ်ဆင်ထားပါသည်။

ဗြက်ကျယ်သော ခပ်ဝပ်ဝပ် ကားရှေ့မျက်နှာတွင် ကားစက်ဖုံးလေစုပ်ပေါက်များတွင်သာမကပဲ ကားရှေ့ဘီးခုံပေါ်တွင်လည်း လှေကားထစ်ပုံစံလေစုပ်ပေါက်များ ပါဝင်ပါသည်။

ကားရှေ့မီးများက ထူးခြားလှပပြီး ကားအရှေ့ဘက်အစွန်းက အရွယ်အစားကြီးမားလှသော Front Splitter ကြီးကလည်း အလန်းစား ပြိုင်ကားတစ်စီး၏ အသွင်ကို ပိုပီပြင်စေသကဲ့သို့ ကား၏ မြေဝပ်အားကိုလည်း ပိုတိုးတက်ကောင်းမွန်စေပါသည်။

ကားဘေးဘက်တွင်လည်း ပါးဟက်ပုံလေစုပ်ပေါက်များ၊ Side Skirt များနှင့် ပြိုင်ကားတစ်စီးပီသသော လေခွင်းအား အပြင်အဆင်များကို စုံစုံလင်လင် တွေ့မြင်ရပါသည်။

စူပါပြိုင်ကားတစ်စီး၏ အသွင်ကို အထင်အရှားပေါ်လွင်စေသော ကားအနောက်ဘက်တွင်လည်း ကားနောက်ဘီးခုံများပေါ်တွင် အလျားလိုက် လေစုပ်ပေါက်လေးများ ပါဝင်ပြီး ကားထိုင်ခုံများ နောက်ဘက်ကမြင့်တက်နေသော ခုံးမိုးနှစ်ခုမှ ခပ်လျှောလျှော ဆင်းလာသော ဧရိယာပေါ်တွင်လည်း လေစုပ်ပေါက်လေးများ ထည့်သွင်းထားပါသည်။

တစ်တန်းတည်းဖြစ်ရန် ခပ်ဆန်းဆန်းဖန်တီးထားသော ကားနောက်မီးများ၏ အထက်တွင် လေပင့်အားထိန်းတောင်ပံကြီး ပါဝင်ပါသည်။ 

အလန်းစား ဒီဇိုင်းထွင်ထားသော ကားဘမ်ပါ ဧရိယာက အိပ်ဇောပိုက်များကလည်း ခပ်ပြားပြား အသွင်ရှိပြီး ပြိုင်ကားဟန်ကို ပိုပီပြင်လှပစေပါသည်။

Audi ၏ လေးဘီးယက်စနစ်သုံး Italdesign Zerouno Roadster ပြိုင်ကားသစ်တွင် ယခင်လို မြင်းကောင်ရေ ၆၁၀ အား 5.2 Liter V10 အင်ဂျင်ကို Dual-Clutch ဂီယာခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ထားပါသည်။

အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၂၀၅ မိုင်နှုန်းဖြစ်ပြီး ၃ ဒသမ ၂ စက္ကန့်အတွင်းတွင် သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အာင် အရှိန်မြှင့်တင်နိုင်ပါသည်။

နှစ်ယောက်စီးကားအတွင်းခန်းတွင် ကာဗွန်ဖိုင်ဘာသားများ ခပ်များများအသုံပြုထားပြီး စူပါပြိုင်ကားတစ်စီး၏ အတွင်းခန်းပီသစွာ ဇိမ်ကျသော ထိုင်ခုံများ၊ အကောင်းစားသတ္တုပစ္စည်းများနှင့် တွေ့မြင်ကြရပါသည်။

 

Read 829 times