မော်တော်ကား အရောင်းစင်တာများ Consignments ပါမစ်ဖြင့် ယာဥ်တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုအတွက် ပြောင်းလဲ ပြင်ဆင်ခြင်း ကိုခွင့်ပြုတော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သြဂုတ်လ ၂၅ ရက်တွင် သိရသည်။
မော်တော်ယာဥ် တင်သွင်းခွင့် လိုင်စင်ပါမစ်များ လျှောက်ထားရာတွင် ပြည်ပမှ တင်သွင်းခွင့်ပြုရန် သတ်မှတ်ထားသည့် ယာဥ်၏ ထုတ်လုပ်ခုနှစ်များ၊ အမှတ်တံဆိပ်စသည့် အချက်များကို ပြောင်းလဲပြင်ဆင်ခြင်းနှင့် စျေးနှုန်းပြောင်းလဲ ခြင်း ပြင်ဆင်ခြင်းတို့ကို ခွင့်ပြုတော့မည်မဟုတ်ပေ။
ကားတင်သွင်းသည့်အခါ လိုင်စင်လျှောက်ထားစဥ် သေချာစီစဥ်ရန် လိုအပ်ပြီး လိုင်စင်မှားယွင်းမှုမျိုး ရှိပါက အဆိုပါ လိုင်စင်ဌာနကို ပြန်လည်အပ်နှံ၍ အသစ်ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
"ကားအရောင်းစင်တာတွေ ကားတင်သွင်းခွင့် လိုင်စင် လျှောက်ထားတာကို ပြင်ဆင်ခွင့်မပြုတော့ပါဘူး။ လိုင်စင်မှာ လျှောက်ထားတဲ့ ကားအမှတ်တံဆိပ် ပြင်ဆင်တာတွေ၊ စျေးနှုန်း ပြင်ဆင်တာတွေကို ခွင့်မပြုတော့ပါဘူး။
စာလုံးပေါင်း မှားယွင်းတာ အနည်းငယ်လောက်ကိုပဲ ပြင်ဆင်ခွင့်ပေးမှာပါ"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးပြောသည်။
ယခင်လများက ပြည်ပနိုင်ငံများမှ ကားတင်သွင်းရန် လိုင်စင် ပါမစ်လျှောက်ထားမှု တစ်လလျှင် အစောင်ရေ ၁၅၀ မှ ၂၀၀ အထိရှိခဲ့သော်လည်း ကိုဗစ်ရောဂါ စတင်ဖြစ်ပေါ်ချိန်မှစ၍ ကားတင်သွင်းခွင့် လျှောက်ထားမှု လျော့နည်းလာခဲ့ပြီး ၂၀၂၀ သြဂုတ်လတွင် ကားသွင်းရန် လိုင်စင်ပါမစ်လျှောက်ထားမှု ပြန်လည်များပြားလာကြောင်း သိရသည်။
မော်တော်ယာဥ် အရောင်းစင်တာများအတွက် ပုံမှန် LC/TT စနစ်၊ Consignment စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်နှင့် အစိုးရဌာနများကို ထုတ်ပေးသည့် သွင်းကုန်လိုင်စင် ပါမစ်များကို မူလ လိုင်စင်သက်တမ်း တစ်လသာ ခွင့်ပြုပေးမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးပါက ပထမအကြိမ် နှစ်လ၊ ဒုတိယတစ်ကြိမ် တစ်လ ခွင့်ပြုထုတ်ပေးနေသည်။
By Myanmar Automobile Guide