အပြည်ပြည်ဆိုင်ရာ သွားလာမည့်ယာဉ်များအား မှတ်ပုံတင်ခြင်း


မော်တော်ယာဉ်အမျိုးအစား

“မော်တော်ယာဉ်”ဆိုသည်မှာ လူ(သို့) ကုန်စည်အား သယ်ယူပို့ဆောင်ရန် လမ်းပေါ်တွင် အသုံးပြုသော စက်စွမ်းအားသုံးယာဉ်ကိုဆိုလိုသည်။

ယင်းဝေါဟာရတွင် နောက်တွဲမပါ သာမန်မော်တော်ယာဉ်များ၊ နောက်တွဲယာဉ်များ(တစ်ဝက်နောက်တွဲတစ်ခုကို ချိတ်ဆွဲသယ်ဆောင်လာသောယာဉ်)နှင့် တစ်ဝက်နောက်တွဲယာဉ်များ(၎င်း၏တစ်စိတ်တစ်ပိုင်းသည် မော်တော်ယာဉ်ပေါ်တွင် ဆင့်တင်ထားပြီး ၎င်း၏ဝန်လေးချိန် အတော်များများကို မော်တော်ယာဉ်က တင်ဆောင်ထမ်းရွက်စေသော အနေအထားဖြင့် မော်တော်ယာဉ်၏ နောက်မှအဆွဲခံရသောယာဉ်)များလည်း အကျုံးဝင်သည်။

သို့ရာတွင် လယ်ယာလုပ်ငန်းသုံးထွန်စက်များ (သို့) လမ်းတည်ဆောက်ရေးသုံး စက်ယန္တရားများကဲ့သို့သော လူနှင့် ကုန်စည်ကိုကြုံကြိုက်၍ လမ်းပေါ်သယ်ယူ၊ ဆွဲယူရန်အသုံးပြုသော ယာဉ်များမပါ၀င်ပေ။

ထို့အပြင်သံလမ်းပြေးယာဉ်များ၊ မိုးပက်များနှင့် မော်တော်ဆိုင်ကယ်များလည်း မပါ၀င်ပေ။

ယင်းစာချုပ်ငယ်တွင်သတ်မှတ်ထားသော မော်တော်ယာဉ်များ၏ အမျိုးအစားကို နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။

မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ

နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်များနှင့် တစ်ဝက်ယာဉ်များသည် ဤနောက်ဆက်တွဲ စာချုပ်ငယ်တွင် ချမှတ်ထားသည့် ဥပဒေများနှင့်အညီ မိခင်နိုင်ငံအသီးသီးတွင် မှတ်ပုံတင်ရမည်။

အသုံးပြုမည့် ဘာသာနှင့်အက္ခရာ

ယာဉ်၏ သက်သေခံအမှတ်အသားများ၊ မှတ်ပုံတင်သက်သေခံလက်မှတ်နှင့် ယာဉ်နံပါတ်ပြားတို့တွင် ရေးသားထားသောအချက်အလက်များသည် အင်္ဂလိပ်ဘာသာ(ပုံနှိိပ်စာလုံး(နှင့်/သို့) အက္ခရာအသေးစာလုံးများ)နှင့် အာရဗီဂဏာန်းများဖြစ်ရပေသည်။

ဤသို့အင်္ဂလိပ်အက္ခရာ/အာရဗီဂဏာန်းတို့နှင့်အတူ မိမိတို့နိုင်ငံ၏ နိုင်ငံတော်ဘာသာ၊ အက္ခရာဖြင့် ထပ်မံယှဉ်တွဲ ထည့်သွင်းရေးသားခြင်းကို ကန့်ကွက်ရန်မရှိပေ။

သက်သေခံအမှတ်အသားများ

(က) နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင်အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် အောက်ဖော်ပြပါ သက်သေခံအမှတ်အသားများပါရှိရမည််-

(၁) ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ၏အမည် (သို့) ကုန်စည်အမှတ်တံဆိပ်၊

(၂) ဘောင်ပေါ်တွင် (သို့) ဘောင်မပါသည့်အခါ ယာဉ်ကိုယ်ထည်ပေါ်တွင် ထုတ်လုပ်သည့်ကုမ္ပဏီ၏ ထုတ်လုပ်မှုနံပါတ် (သို့) ထုတ်လုပ်မှုအမှတ်စဉ်နံပါတ်၊

(၃) စက်နံပါတ်၊ ထုတ်လုပ်သည့်ကုမ္ပဏီမှ စက်ပေါ်တွင် နံပါတ်ရိုက်နှိပ်ပါက (တစ်ဝက်နောက်တွဲယာဉ်အတွက် အလိုအပ်ပါ။)

(ခ) ဤသက်သေခံအမှတ်အသားများအားလုံးသည် အသုံးပြုရန်၊ ကြည့်ရှု့ရန် အဆင်ပြေသည့် နေရာတွင်ရှိရမည်ဖြစ်ပြီး ဖတ်ရှု့ရန်ရှင်းလင်းပီသမှုရှိရမည်။

ထို့အပြင် ပြုပြင်ပြောင်းလဲရန်(သို့) ဖျက်ပစ်ရန် လွယ်ကူမှုမရှိစေရပေ။

မှတ်ပုံတင်သက်သေခံလက်မှတ်

(က) နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းတွင် မိခင်နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ ထုတ်ပေးထားသော သက်တမ်းရှိမှတ်ပုံတင်သက်သေခံ လက်မှတ်တစ်ပါးတည်း ယူဆောင်လာရမည်။

(ခ) ၎င်းတွင် အောက်ပါ အချက်အလက်များပါရှိရမည်-

(၁) အခြေခံအချက်အလက်များ

(ကက) မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်ဟူသောခေါင်းစဉ်

(ခခ) မှတ်ပုံတင်ထုတ်ပေးသောဌာနအမည်(နှင့်အမှတ်တံဆိပ်)

(ဂဂ) မှတ်ပုံတင်ထုတ်ပေးသောဌာန၊ လိပ်စာနှင့် ဆက်သွယ်ရမည့်အချက်အလက်များ

(ဃဃ)မှတ်ပုံတင်ထုတ်ပေးသောနိုင်ငံ(နိုင်ငံအမှတ်တံဆိပ်ဖြင့်)

(ငင)  စစ်မှန်မှု အထောက်အထားများ(ချိပ်/တံဆိပ်/လက်မှတ်)

(စစ) ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်ထုတ်ပေးသည့် ရက်စွဲ

(၂) မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များ

(ကက) လိုင်စင်ပြား(သို့) ယာဉ်မှတ်ပုံတင်နံပါတ်

(ခခ) မှတ်ပုံတင်ထားရာနိုင်ငံ၏ နိုင်ငံအမှတ်အသား

(ဂဂ) ကနဦးမှတ်ပုံတင်ရက်စွဲ

(ဃဃ) သက်တမ်းရှိကာလ(ကန့်သတ်မှု ကင်းလွတ်မဟုတ်လျှင်)

(၃) သက်သေခံလက်မှတ်တွင် ပိုင်ရှင်/ ကိုင်ဆောင်သူဆိုင်ရာအချက်အလက်များ

(ကက) အမည်အပြည့်အစုံ

(ခခ) လိပ်စာ

(၄) မော်တော်ယာဉ်ဆိုင်ရာအချက်အလက်များ

(ကက) အမျိုးအစား-ကုန်တင်၊ ခရီးသည်တင်ဘတ်စ်၊ ခရီးသည်တင်ယာဉ်ငယ် စသည်ဖြင့်

(ခခ) ကိုယ်ထည်

(၁၁) အမှတ်တံဆိပ်/ကုန်အမှတ်တံဆိပ်

(၂၂) ခုနှစ်ပုံစံ/ကုတ်နံပါတ်(သက်ဆိုင်လျှင်)

(၃၃) အရောင်(RAL Code)

(၄၄) ထုတ်လုပ်သည့်ခုနှစ်(ရရှိနိုင်လျှင်)

(၅၅) ဘောင်နံပါတ်

(၆၆)၀င်ရိုးအရေအတွက်

(၇၇) ၀န်မဲ့အလေးချိန်(tare)(ကုန်တင်ကားများနှင့် ဘတ်စ်ကားများ)(ဤအချက်အလက်ကို ကုန်တင်ကား(သို့) ဘတ်စ်ကား၏ ကိုယ်ထည်ပေါ်တွင် ဆေးခြယ်ရေးသားထားလိုက ထားနိုင်သည်။

(၈၈) စုစုပေါင်းအလေးချိန်(ကုန်တင်ယာဉ်များ) သို့ တင်ဆောင်နိုင်သည့် လူဦးရေ(ဘတ်စ်)(ဤအချက်အလက်ကို ကုန်တင်ကား (သို့) ဘတ်စ်ကား၏ ကိုယ်ထည်ပေါ်တွင် ဆေးခြယ်ရေးသားထားလိုက ထားနိုင်သည်။)

ယာဉ်နံပါတ်ပြား

နယ်စပ်ဖြတ်ကျော်သွားလာပို့ဆောင်မှုတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းသည် ယာဉ်မှတ်ပုံတင် နံပါတ်ကို ရေပြင်ညီဖြစ်သော ကောင်းမွန်သည့် သတ္တုပြားပေါ်ရေးသားပြီး ယာဉ်၏ အရှေ့နနှင့် အနောက် အလျားလိုက်ကိုယ်ထည်ပြားအလယ်တွင် ထောင့်မှန်ကျကျတပ်ဆင်ရမည်။

ထို့အပြင် မီတာ ၃၅-၄၀ အကွာအဝေးမှ ရှင်းလင်းစွာမြင်နိုင်ရမည်။

နံပါတ်ပြားမျက်နှာပြင်သည် ရောင်ပြန်ပြားဖြစ်နိုင်ပေသည်။

တစ်ဝက်နောက်တွဲယာဉ်များတွင် ယာဉ်နံပါတ်ပြားကို ယာဉ်နောက်ဘက်တွင် တပ်ဆင်လျှင် လုံလောက်ပေသည်။

နိုင်ငံခွဲခြားအမှတ်အသား

(က)နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးတွင် အသုံးပြုမည့် မော်တော်ယာဉ်တိုင်းသည် ယာဉ်မှတ်ပုံတင် နံပါတ်ပြားအပြင်မှတ်ပုံတင်ထားရာနိုင်ငံ၏ နိုင်ငံခွဲခြားအမှတ်အသားကိုပါ ယာဉ်၏ အနောက်ဘက်တွင် တပ်ဆင်ပြသထားရမည်။

၎င်းအမှတ်အသားတွင်စာလုံးရေ(၁)လုံးမှ (၃) လုုံးအထိပါ၀င်နိုင်ပြီး လက်တက်အက္ခရာစာလုံးအကြီးများဖြင့် ဖြစ်ရမည်။

စာလုံးများသည် အနည်းဆုံးအမြင့် ၀.၀၈ မီတာရှိရမည်ဖြစ်ပြီး တစ်လုံးနှင့် တစ်လုံး ၀.၀၁ မီတာကွာရမည်။

ထိုစာလုံးများကို ဘဲဥပုံအဖြူခံပေါ်တွင် အနက်ရောင်ဖြင့် အလျားလိုက်ရေးရမည်။

(ခ)ဤအမှတ်အသားသည် ယာဉ်မှတ်ပုံတင်နံပါတ်နှင့် တွဲစပ်နေခြင်းမရှိစေရ (သို့) ၎င်းနံပါတ်နှင့် ရောထွေးစေမည့်နေရာတွင် တပ်ဆင်ခြင်းမရှိစေရ (သို့) ဖတ်ရူရန် ရှင်းလင်းမှုမရှိသည့် အနေအထားမျိုးမရှိစေရ။

(ဂ)ဤအမှတ်အသားကို တပ်ဆင်ရာတွင်လည်း ယာဉ်မှတ်ပုံတင်နံပါတ်ပြားအား တပ်ဆင်သည့် ဥပဒေအတိုင်း ဆောင်ရွက်ရမည်။

(ဃ)စာချုပ်ဝင်နိုင်ငံအသီးသီး၏ မော်တော်ယာဉ်တွင် တပ်ဆင်ရမည့် နိုင်ငံခွဲခြားအမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်-

ကမ္ဘောဒီးယား                                           -         KH

တရုတ်ပြည်သူ့သမ္မတနိုင်ငံ                              -         CHN

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ             -         LAO

မြန်မာနိုင်ငံ                                                  -         MYA

ထိုင်းနိုင်ငံ                                                   -         T

ဗီယက်နမ်                                                  -         VN

နောက်ဆက်တွဲ

မော်တော်ယာဉ်အမျိုးအစား

လူစီးယာဉ်

အမြင့်ဆုံးခွင့်ပြုနိုင်သောအလေးချိန်                      - ၃၅၀၀ ကီလိုဂရမ်

အမြင့်ဆုံးခွင့်ပြုနိုင်သောယောက်စီး                       - ၈ ယောက်

(ယာဉ်မောင်းမပါ)

ဘတ်စ်

ယောက်စီး(၈)ယောက်ထက်ပိုသော ဘတ်စ်ယာဉ်(ယာဉ်မောင်းမပါ)

နောက်တွဲယာဉ်

နောက်တွဲယာဉ်+တစ်ဝက်နောက်တွဲယာဉ်

မှတ်ချက်။ အထက်တွင်ဖော်ပြထားသော အလေးချိန်များသည် ယာဉ်များအမျိုးအစားခွဲခြား သတ်မှတ်ရန်သာ ရည်ရွယ်ပါသည်။

Read 768 times