Intelligent Speed Adaptation နည်းပညာဖြင့် အမြန်လမ်းပေါ်တွင်မောင်းနှင်သော အရှိန်နှုန်းကို ထိန်းချုပ်


ပြင်းထန်သည့် ယာဉ်တိုက်မှုများ ဖြစ်ရသည့် အကြောင်းရင်းမှာ အရှိန်ပြင်းမောင်းပြီး မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်သွားရသော အခြေအနေမျိုး ရောက်သွားသောကြောင့်ဖြစ်ပါသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ယာဉ်ကြောရှင်းပြီး လမ်းကလည်း ကောင်းသောကြောင့် စိတ်လွတ်ကိုယ်လွတ် အရှိန်တင်ပြီး မောင်းကြပါသည်။

ထိုအခါ မမျှော်လင့်ဘဲ ရုတ်တရက်ပေါ်လာသော အခြေအနေ တစ်မျိုးမျိုးနှင့် ရင်ဆိုင်တွေ့ရသည့်အချိန်မှာတော့ ကိုယ်မောင်းလာသည့်အရှိန်ကို ကိုယ်မနိုင်တော့ပေ။

နောက်ဆုံး ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်ပြီး အန္တရာယ်နှင့် တွေ့သဖြင့် သတင်းမီဒီယာများတွင် နေ့စဉ်နီးပါး ယာဉ်တိုက်မှုသတင်းများ တက်နေပါသည်။

မြို့တွင်း လမ်းမကြီးများတွင်ဖြစ်ဖြစ်၊ မြို့ပြင်လမ်းမကြီးများတွင်ဖြစ်ဖြစ် အန္တရာယ်ဖြစ်နိုင်သောအမြန်နှုန်းကို သက်ဆိုင်ရာက ကန့်သတ်ထားသော်လည်း ယာဉ်မောင်းသူ အများစုက မလိုက်နာကြပေ။

အမြန်လမ်းမကြီးများပေါ်တွင် အန္တရာယ်ဖြစ်စေနိုင်သော အရှိန်ပြင်းမောင်းနှင်သူများကို ကန့်သတ်ထိန်းချုပ်နိုင်ရန် Intelligent Speed Adaptation စနစ်ကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျင့်သုံးနေကြပြီ ဖြစ်ပါသည်။

သုတေသန ပြုလုပ်ပြီး လေ့လာတွေ့ရှိချက်များအရ အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသော အမြန်နှုန်းထက် (10 mph) ပိုပြီးမောင်းပါက မတော်တဆဖြစ်နိုင်ခြေ အခွင့်အလမ်း နှစ်ဆကျော် တက်လာပါသည်။

အရှိန်ပြင်းမောင်း၍ ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီ ဆိုသည်နှင့် ဆုံးရှုံးမှုတန်ဖိုးက ကြီးမားပါသည်။

ကားလည်း လုံးဝပျက်စီးပြီး လူလည်း အသက်ဆုံးရှုံးရနိုင်ပြီး ကံကောင်း၍ မသေလျှင်တောင် မသန်စွမ်းဘဝ ရောက်သွားနိုင်ပါသည်။

ထို့ကြောင့် အရှိန်ပြင်းမောင်းခြင်းကြောင့် ဖြစ်ပေါ်နေရသော ယာဉ်မတော်တဆမှုများကို ခေတ်မီနည်းပညာများ သုံးပြီး ဘယ်လိုထိန်းချုပ်ကြမလဲ။

နိုင်ငံတကာ အမြန်လမ်းမကြီးများတွင် ယာဉ်မတော်တဆမှုများ၊ ယာဉ်အန္တရာယ်မျယဒ လျော့ကျသွားအောင် Intelligent Speed Adaptation (ISA) နည်းပညာကို အသုံးချပြီး ထိန်းချုပ်နေကြပါသည်။

ဂြိုဟ်တု ဆက်သွယ်ရေး GPS စနစ် (Intelligent Speed Adaption) နည်းပညာကို အခြေခံ စနစ်လေးမျိုးနှင့် တည်ဆောက်ထားပါသည်။

GPS Data (ဂြိုဟ်တုဆက်သွယ်ရေးတည်နေရာပြ သတင်းအချက်အလက်)၊ Radio Beacons (ရေဒီယိုအချက်ပြ အသံလွှင့်စက်)၊ Optical Recognition Systems နှင့် Dead Recognizing (ပုံသေလက်ခံထားသော အချက်အလက်) များဖြစ်ပါသည်။

ISA (Intelligent Speed Adaptation) စနစ်မှာ အဓိကကျသော အရာမှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံး အခြေခံအဆောက်အအုံ (Infrastructure) ပြည့်စုံကောင်းမွန်ရန် လိုအပ်ပါသည်။

GPS Data များ လက်ခံရရှိရေးအတွက် GPS Receiver သုံးရပြီး GPS Data တွင် မော်တော်ယာဉ်တစ်စီး ရွေ့လျားနေသော အမြန်နှုန်း(Speed) နှင့် မြေပြင်တည်နေရာတို့ကို ညွှန်ပြပေးနိုင်ပါသည်။

နယ်မြေ အရပ်ဒေသတစ်ခုတွင် လမ်းအန္တရာယ်ကင်းအောင် အမြန်နှုန်း (Speed) ကို ကန့်သတ်ထားလေ့ရှိပါသည်။

သတ်မှတ် အမြန်နှုန်းထက် ပိုပြီးမောင်းသော၊ စည်းကမ်းမလိုက်နာသော ယာဉ်မောင်းများကို GPS စနစ်နှင့် အချက်ပြ သတိပေးနိုင်ပါသည်။

ပြည့်စုံသော GPS Navigation Unit မှာ ISA Function စနစ်များ တစ်ခါတည်း တပ်ဆင်ပေးထားပြီး ကားတစ်စီး မောင်းနေသော အမြန်နှုန်းကို Vehicles Speed Sensor က အာရုံခံ သိနိုင်ပြီး သတင်းအချက်အလက်များကို အသုံးချကာ အမြန်နှုန်းကို ထိန်းချုပ်နိုင်ပါသည်။

ISA စနစ်တွင်ပါသော ရေဒီယိုအချက်ပြ အသံလွှင့်စက်နှင့် မျက်မြင် (Optical Recognition Device) ကိရိယာများသုံးပြီး ကန့်သတ်ထားသည့်ဇုန်အတွင်းတွင် သတ်မှတ်အမြန်နှုန်းထက် ပိုပြီးမောင်းနေသော ယာဉ်မောင်းကို သတိပေးနိုင်ပါသည်။

အရှိန်ပြင်း မောင်းနှင်းမှုများကြောင့် ဖြစ်ပွားသော ယာဉ်မတော်တဆမှုကို ထိန်းချုပ်နိုင်ရန် အလိုအလျောက် လုပ်ဆောင်ပေးနိုင်သည့် Vehicle Speed Control ယူနစ် တပ်ဆင်အသုံးပြုပါသည်။

ISA စနစ်ဆိုသည်မှာ ဒစ်ဂျစ်တယ် ခေတ်သစ်၏ အမြန်နှုန်း စီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်လာပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် Highway လမ်းမကြီးပေါ်က ယာဉ်မတော်တဆမှုများကို ထိန်းချုပ်နိုင်ရန် ISA (Intelligent Speed Adaptation) စနစ် ကျင့်သုံးနေပါပြီ။

ဥရောပနိုင်ငံများတွင် ISA စနစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုလျှင် ဥပဒေအရ သတ်မှတ်ထားသော အမြန်နှုန်းတစ်ခုအတွင်းတွင် ယာဉ်မောင်းများ ထိန်းသိမ်းမောင်းနှင်နိုင်ရန်အတွက် အထောက်အကူပြုပေးသော စနစ်တစ်ခု ဖြစ်ပါသည်။

ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ စပိန်၊ ဗြိတိန်၊ ဟန်ဂေရီ စသော ဥပရောပနိုင်ငံများတွင် ISA စနစ်ကို ကျင့်သုံးနေကြပါပြီ။

GPS စနစ်ကို အခြေခံသော Receiver စနစ်တွင် ဂြိုဟ်တုကွန်ရက်စနစ် အသုံးပြုထားပါသည်။

ကားတစ်စီး မောင်းနေသော တည်နေရာနှင့် ဦးတည်ရာလမ်းကြောင်း စသော အချက်များကို GPS စနစ် သုံးပြီး ခြေရာခံထောက်လှမ်းနိုင်ပါသည်။

GPS စနစ်မှာ ဒစ်ဂျစ်တယ် GIS မြေပုံကို တွဲဖက် အသုံးပြုထားသောကြောင့် နယ်မြေဒေသဧရိယာအတွင်းမှာ ကန့်သတ် အမြန်နှုန်းအတွင်း မောင်းနေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ပါသည်။

အဆင့်မြင့် ဒစ်ဂျစ်တယ် မြေပုံမှာ ပကတိအချိန်နှင့် ကားတစ်စီး၏ တည်နေရာ၊ သွားနေသော ဦးတည်ရာလမ်း ကြောင်း (Direction)၊ အမြန်နှုန်း (Speed) စသော အချက်များကို သိရှိနိုင်ပါသည်။

ထို့နောက် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတု သတင်းအချက်အလက် ခန့်မှန်းချက်များကိုလည်း ကြိုတင်သိနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားရအောင် သတိပေးနိုင်ပါသည်။

ဥပမာ-မုန်တိုင်း ကြမ်းမည်၊ မိုးကြီးလေကြီးလာမည်၊ နှင်းများကျပြီး မြူများပိတ်နေမည်၊ လေဆင် နှာမောင်း ကျရောက်နိုင်သည်၊ သဲမုန်တိုင်းများ လာနိုင်သည်ဆိုခြင်းမျိုးများကို ကြိုတင်သိထားမည်ဆိုလျှင် အန္တရာယ်ကို ရှောင်တိမ်းနိုင်ပါသည်။

 

Read 877 times