ကားကို အရစ်ကျဝယ်မယ်ဆို ဘာတွေကို သတိထားရမလဲ


ကားတစ်စီးကို ဘယ်လို အရစ်ကျဝယ်ကြမလဲ။ ဒီလိုအရစ်ကျဝယ်မယ်ဆိုရင် ဘာတွေကို သတိထားရမလဲ။

လွယ်လွယ်ကူကူအရစ်ကျ ဝယ်သင့်လား။ အရစ်ကျလို့ဆိုတဲ့နေရာမှာ တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ အိမ်၊ ကားနဲ့ မိုဘိုင်းလ်ဖုန်းတွေကို ရောင်းချကြတာပါ။ ဒီအထဲမှာမှ ကားတစ်စီးကို အရစ်ကျဝယ်ယူလိုတယ်ဆိုရင် ဘယ်လိုဝယ်ရမလဲဆိုတာနဲ့ ဘာတွေကို သတိထားရမလဲဆိုတာကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

ထောက်ခံစာတွေ

ဒါက အရစ်ကျကား ဝယ်မယ်ဆိုတာနဲ့ အရင်ဆုံး တောင်းမယ့်အချက်အလက်တွေဖြစ်ပါတယ်။ အရင်တုန်းကတော့ ကိုယ့်ကုမ္ပဏီက အထက်အရာရှိကပဲဖြစ်ဖြစ်၊ သူဌေးကပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်ကို ပေးရပါတယ်။ အခုနောက်ပိုင်းတော့ ကိုယ်ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်လဲဆိုတာ အပါအဝင် ဝယ်ယူမယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ စရန်ငွေတို့နဲ့အတူ ဝယ်ယူနိုင်ပါတယ်။

ကားအရစ်ကျ ဝယ်မယ်ဆိုရင်

ပထမဆုံးပြောချင်တဲ့အချက်က ကားအရစ်ကျ ဝယ်မယ့်သူတွေအနေနဲ့ အရင်ဆုံးလုပ်ရမှာက ကိုယ် ဘယ်ကားအမျိုးအစားကို ဝယ်မှာလဲဆိုတာပါပဲ။ ကိုယ်ဝယ်ချင်တဲ့ ကားအမျိုးအစားကိုသိမှ ကိုယ်ကျသင့်နိုင်တဲ့ဈေးကို တွက်ချက်လို့ရမှာဖြစ်ပါတယ်။ ဒီမှာ တချို့ကလည်း ရှိတတ်ပါတယ်။ ကားအရောင်းပြခန်းသွားပြီးတော့ အဲဒီရောက်မှ ကိုယ်လိုချင်တဲ့ကားကို ဆုံးဖြတ်ချက်ချတတ်တာလည်း ရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးက အရောင်းပြခန်းမသွားခင်ကတည်းက ကိုယ်ဝယ်မယ့်ကားအကြောင်းကို နည်းနည်း သိထားဖို့ပါ။ ဒီခေတ်မှာက ဖုန်းတွေပေါပါတယ်။ ဖုန်းတွေနဲ့ အရင်မေးမြန်းထားလို့ရပါတယ်။ နောက်တစ်ချက်က ဘယ်ဘဏ်ကနေ အရစ်ကျစနစ်နဲ့ လျှောက်ထားဝယ်ယူမှာလဲဆိုတာပါ။ ပုဂ္ဂလိက ဘဏ်တွေမှာဆိုရင် ကားအရစ်ကျနဲ့ ချိတ်ဆက်ဝယ်ယူလို့ရတာ ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ CB၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နဲ့ တခြားဘဏ် အချို့လည်း ရှိပါတယ်။ ဘဏ်တွေအားလုံးကတော့ အတိုးနှုန်းတွေ၊ ကနဦး ပေးသွင်းငွေတွေ၊ ငွေပေးသွင်း ခွင့်ကာလတွေ သိပ်မကွာကြပါဘူး။ ခြွင်းချက်အနေနဲ့ မြန်မာနိုင်မှာ ထုတ်တဲ့ ဆူဇူကီးကားတွေကို MAB ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူမယ်ဆိုရင်တော့ ကနဦး ပေးသွင်းငွေကို ကားတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းပဲ အရင် ပေးသွင်းခွင့်ပြုထားပါတယ်။


ပုံမှန်အရစ်ကျစနစ်နဲ့ ဘဏ်တွေနဲ့ ချိတ်ဆက် ဝယ်ယူမယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းအနည်းဆုံး ပေးသွင်းရမှာပါ။ ကနဦးပေးသွင်းငွေကို ၅၀ ရာခိုင်နှုန်းအထိ ပေးသွင်းလို့ရပေမယ့် ဘဏ်တွေက သတ်မှတ်ထားတဲ့ ၃၀ ရာခိုင်နှုန်းအောက်တော့ပေးပြီး ဝယ်လို့ မရပါဘူး။ အခုနောက်ပိုင်း တချို့ကားကုမ္ပဏီတွေက ပရိုမိုးရှင်းကာလလို ကာလတစ်ခုသတ်မှတ်ပြီး အနိမ့်ဆုံး ကနဦးပေးသွင်းငွေအနေနဲ့ ၂၀ ရာခိုင်နှုန်းပဲ ပေးပြီး ဝယ်ယူခွင့်တွေ ပြုလုပ်ပေးလာတာကို တွေ့လာရပါတယ်။

ပေးသွင်းရမယ့် ဝန်ဆောင်ခတွေ

အရစ်ကျဝယ်ယူမယ်ဆိုရင် ကားတန်ဖိုးရဲ့ ကနဦး ပေးသွင်းငွေအပြင် ပေးသွင်းရမယ့် ဝန်ဆောင်ခတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ ဘဏ်ဝန်ဆောင်ခ၊ ဘဏ်အကောင့်ဖွင့်ခ၊ အခွန်တံဆိပ်ခေါင်းဖိုး၊ အရောင်းကော်မရှင်၊ ကားအာမခံကြေးနဲ့ က.ည.န ကြေးတွေကို ထပ်ပေါင်းပေးသွင်းရပါမယ်။ ငွေလက်ငင်း ဝယ်ယူမယ်ဆိုရင်တော့ ဝန်ဆောင်မှုငါးခုစာလောက်လျော့သွားမှာဖြစ်ပြီး ကားတန်ဖိုးနဲ့ က.ည.နကြေးကိုသာ ပေးသွင်းရမှာဖြစ်ပါတယ်။ ဥပမာ GAC က ကားတစ်စီးကို အခုသူတို့ရဲ့ပရိုမိုးရှင်းကာလဖြစ်တဲ့ ဇန်နဝါရီ လ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း ဝယ်မယ်ဆိုရင် ကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကိုသာသွင်းဖို့လိုမှာဖြစ်သလို ဝင်ငွေခွန်၊ Bank Service Charges တွေထပ် ပေးစရာမလိုဘဲ ၅ နှစ်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာပါ။

ဝင်ငွေခွန်

ဒါကတော့ ကားဝယ်မယ်ဆိုရင် မဖြစ်မနေပေးသွင်းရတဲ့ အခွန်ပါ။ အရင်က လူပုဂ္ဂိုလ်တစ်ဦးချင်းစီကဝယ်တဲ့ ကားတွေအပေါ်ကသာ ကောက်ခံခဲ့ပေမယ့် နောက်ပိုင်းတော့ ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး ယာဉ်အဖြစ်နဲ့ တင်သွင်းတဲ့ ကားတွေအပေါ်ကိုလည်း ကောက်ခံလာခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်ကားပဲဝယ်ဝယ် အခွန်ရုံးကသတ်မှတ်ထားတဲ့ နှုန်းထားအလိုက် ဝင်ငွေခွန်ပေးရမှာဖြစ်ပါတယ်။ ဒီနှုန်းထားကို ၂၀၁၈ အခွန်အကောက်ဥပဒေမှာ လျှော့ချဖို့ လုပ်ခဲ့ပေမယ့် လွှတ်တော်က မလျှော့ဘဲ အရင်နှုန်းထားအတိုင်း သတ်မှတ်ခဲ့ပါတယ်။


ဒီမှာအရစ်ကျဝယ်မယ်ဆိုရင် အထက်က ပြောခဲ့တဲ့ ကားတန်ဖိုးရဲ့ ကနဦးပေးသွင်းငွေ၊ ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်ခတွေနဲ့ က.ည.န ကြေးတွေနဲ့အတူ ဝင်ငွေခွန်ကိုပါ တစ်ခါတည်းပေးသွင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကားဝယ်ယူမယ့်သူက ဝင်ငွေခွန် ဆောင်ထားတာ၊ ငွေဖြူပြနိုင်တာတွေ ရှိမယ်ဆိုရင်တော့ အဲဒီအခွန်ပေးစရာမလိုပါဘူး။ 

ကားဘယ်အချိန် ဝယ်ယူသူလက်ထဲရောက်မလဲ

အထက်ကဖော်ပြခဲ့တဲ့ ကနဦးပေးသွင်းငွေတွေ၊ ဝန်ဆောင်ခတွေ၊ ဝင်ငွေခွန်တွေပေးသွင်းပြီးပြီဆိုရင်တော့ ကားကို နှစ်ပတ်အတွင်း ရရှိမှာဖြစ်ပါတယ်။ နှစ်ပတ်စောင့်ရတာကတော့ ဘဏ်လုပ်ငန်းစဉ်တွေ ကြောင့်ပါ။ ကျန်ငွေ ၇၀ ရာခိုင်နှုန်းကိုတော့ ကိုယ်ရယူထားတဲ့ဘဏ်မှာ လစဉ်ပေးသွင်းသွားရုံပါပဲ။

အရစ်ကျ ဝယ်တာနဲ့ လက်ငင်းဝယ်တာ ဘာကွာလဲ

ဒါကတော့ မေးရမယ့် အကောင်းဆုံးမေးခွန်းလို့ပဲဆိုပါရစေ။ အလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ လက်ငင်းငွေချေတာကတော့ ကျသင့်ငွေပေး၊ ပစ္စည်းယူပေါ့။ ဒါပေမဲ့ အများစုက လုံးခနဲ၊ ရင်းခနဲ ပေးလိုက်ရတဲ့ လက်ငင်းငွေပေးချေမှုထက် အရစ်ကျဝယ်ယူမှုကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ ဘာပစ္စည်းပဲ ဝယ်ဝယ်၊ ဥပမာ အိမ်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ် တစ်ခုခုဝယ်မယ်ဆိုတာနဲ့ လက်ငင်းငွေချေတာကတော့ တတ်နိုင်တဲ့သူတွေ လုပ်ကြတာများတာပါ။ ခြွင်းချက်အနေနဲ့ လူလတ်တန်းစားတွေမှာဆိုရင် စုဆောင်းထားတာရှိတဲ့သူတွေလည်း လက်ငင်းငွေချေ ဝယ်ယူကြပါတယ်။

လက်ငင်းငွေချေပြီး ဝယ်တာနဲ့ အရစ်ကျ ဝယ်တာမှာ ဘာကွာလဲဆိုတော့ ငွေလုံး၊ ငွေရင်းမရှိတဲ့သူတွေအတွက် ကားတန်ဖိုးရဲ့ ကုမ္ပဏီကသတ်မှတ်ထားတဲ့ ၂၀၊ ၃၀ ရာခိုင်နှုန်းပေးသွင်းရုံနဲ့ ကားက ကိုယ့်လက်ထဲကို ရောက်လာစေမှာပါ။ ဒါက အရစ်ကျဝယ်ယူခြင်းရဲ့ အားသာချက်ပါ။ ငွေပေးသွင်းခွင့် ကာလကတော့ ကားအမျိုးအစားအလိုက် ကွာခြားလေ့ရှိပါတယ်။ အရင်တုန်းကတော့ ဂျပန်အသုံးပြုပြီးကားတွေရောင်းတဲ့ အရောင်းစင်တာတွေကတော့ အနည်းဆုံး ၁၂ လကနေ ၂၄ လအထိပေးချေခွင့်ပြုခဲ့ပြီးတော့ အခုနောက်ပိုင်း ကားသစ် (Brand New) တွေမှာဆိုရင် သုံးနှစ်ကနေ ငါးနှစ်အထိ အရစ်ကျဝယ်ခွင့်ပေးတာတွေလည်း ရှိလာပါပြီ။

ဒီလိုအရစ်ကျဝယ်တဲ့နေရာမှာ အများစုသော ကားအရောင်းပြခန်းတွေက ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ယူခွင့်ပြုကြပြီးတော့ တချို့ကတော့ ကိုယ်တိုင်အရောင်းပြခန်းကပဲ အတိုးသက်သက်ယူပြီး ဝယ်ယူခွင့်ပြုကြပါတယ်။ အရစ်ကျဝယ်မယ်ဆိုရင်တော့ ဘဏ်ကိုပေးရမယ့် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒါက လတိုင်းပေးသွင်းရမယ့် အတိုးနှုန်းပါ။ ကိုယ်အရစ်ကျဝယ်တဲ့ ကားတန်ဖိုးနည်းရင် နည်းသလို၊ များရင်များသလို ပေးသွင်းရမှာဖြစ်ပါတယ်။ 


အရစ်ကျဝယ်မယ်ဆို ဘာတွေကို သတိထားရမလဲ


အတိုးနှုန်းနဲ့ ဝန်ဆောင်ခတွေ

အဓိကသတိထားရမှာက အတိုးနှုန်းတွေနဲ့ ဝန်ဆောင်ခတွေပါ။ လက်ငင်းဝယ်မယ်ဆိုရင် ဒါတွေ ကြောင့်ကြစရာမရှိပေမယ့် အရစ်ကျဆိုရင် ပူစရာပါ။ ဘဏ်တိုး ၁၃ ရာခိုင်နှုန်းက လစဉ်ပေးရမယ့် အတိုးပါ။ ပြီးတော့ မော်တော်ယာဉ်အလုံးစုံအာမခံ၊ ဝန်ဆောင်ခ၊ အခွန်တွေကို အားလုံးစုပြီး ဘဏ်ကို တစ်လ ၁၆ ရာခိုင်နှုန်းလောက် ပေးနေရမှာဖြစ်တဲ့အတွက် ကားတစ်စီးကို လက်ငင်းထက် ငွေအများကြီး ပိုပေးရမယ့်အချက်ပါ။ ပြီးတော့ ဘဏ်ဝန်ဆောင်ခကိုလည်း တစ်နှစ်ကို ကားတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းပေးသွင်းနေရမှာပါ။ တချို့ဘဏ်တွေဆို ပထမနှစ် ၁ ရာခိုင်နှုန်း၊ ဒုတိယ နှစ်မှာ ၂ ရာခိုင်နှုန်းဆိုပြီး နှစ်အလိုက်တဖြည်းဖြည်း တိုးကောက်တာရှိပါသေးတယ်။


အနီးစပ်ဆုံး အခုလူတွေအပြောများနေတဲ့ ဆူဇူကီးလို ကားမျိုးတွေကို အရစ်ကျဝယ်မယ်ဆိုရင် အဲဒီကားတစ်စီးကို မူလကားတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်လောက်ကနေ အရစ်ကျနဲ့ဆို ၃၀၀ ကျော် ဖြစ်သွားပါတယ်။ ဒီကားကို မစီးလိုတော့လိုပဲဖြစ်ဖြစ်၊ ငွေလို လို့ပဲဖြစ်ဖြစ် ပြန်ရောင်းမယ်ဆို အရှုံးပိုများမှာပါ။ ဝယ်တုန်းကလည်း ရှုံး၊ ပြန်ရောင်းတော့လည်း ရှုံး ဖြစ်မှာဖြစ်တဲ့အတွက် မိအေးနှစ်ခါနာ ဖြစ်စေမှာပါ။


အထက်က ဖော်ပြပေးခဲ့တာတွေကတော့ အရစ်ကျဝယ်မယ်ဆိုရင် လိုအပ်မယ့်အရာတွေအကြောင်းနဲ့ အရစ်ကျဝယ်မယ်ဆိုရင် ရမယ့် အားသာချက်၊ အားနည်းချက်နဲ့ ဘာတွေကို သတိထားသင့်လဲဆိုတာတွေပဲဖြစ် ပါတယ်။ ဒီက ကားအရောင်းပြခန်းတွေ၊ အရောင်းစင်တာတွေမှာ အဲဒီပုံစံမျိုးနဲ့ပဲ အရစ်ကျရောင်းချနေကြတာပါ။ အရောင်းပြခန်းနဲ့ တစ်ခုနဲ့တစ်ခုက အချက်အလက်အနည်းငယ် ကွဲပြားတာပဲရှိပါတယ်။ တော်တော်များများက အထက်က အချက်အလက်တွေအတိုင်း ဝယ်ယူလို့ရနိုင်ပါတယ်။ 

source ;ဟိန်းမြတ်စိုး

Read 1301 times