ယနေ့ခေတ်တွင် ခေတ်စားနေသည့် အရစ်ကျစနစ်ဖြင့် ကားဝယ်ယူသည့်အခါ သတိထားသင့်သည့်အချက်များ


ယနေ့မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာ သည်နှင့်အညီ ကားအရစ်ကျ ဝယ်ယူသည့် စနစ်မှာလည်း တနေ့တခြား ပိုမိုတွင်ကျယ်ကာ ဝယ်ယူသူလည်း ပိုမိုများပြား လာလျက်ရှိပါသည်။

မော်တော်ကားကို အရစ်ကျဝယ်ယူရာ၌ အချို့ဝယ်ယူသူများမှာ ကျသင့်တန်ဖိုးနှင့် အတိုးနှုန်းကို ပေါင်း၍ ထည့်သွင်းပေးချေရမည် ဟု သိရှိထားပြီး သူများရှိသလို အချို့မှာလည်း မော်တော်ကား၏ ကျသင့်တန်ဖိုးကိုသာ

အရစ်ကျ ပေးချေ၍ ဝယ်ယူရသည့်စနစ် ဟု အထင်မှား ယူဆထား သူများလည်း ရှိသည်ကို တွေ့ရပါသည်။

ယနေ့အချိန်တွင် ဘဏ်အများစုသည် ဂျပန်နိုင်ငံမှ တင်သွင်းသော Used ကားများနှင့် နံပါတ်ထွက်ပြီး Used ကားများအား အရစ်ကျသက်တမ်း ၁ နှစ်မှ ၂ နှစ်သာ ရောင်းချခွင့်ပြုထားပြီး Brand New ကားများအား ၅

နှစ်အထိ ရောင်းချပေးချေ ခွင့်ပြုထားပါသည်။

ဘဏ်အရစ်ကျစနစ်ဖြင့် ပေးချေရာ၌ အချို့သော ဝယ်ယူသူများသည် ကားတန်ဖိုးနှင့် တစ်လလျှင် မည်မျှသွင်းရမည်ကိုသာ အမေး များကြပြီး အတိုးမည်မျှ ကျသင့်မည်ကိုမူ မေးမြန်သူ အလွန်နည်းပါးသည် ကို တွေ့ရှိရ

ပါသည်။

အထူးသဖြင့် သိန်း ၂၅၀ နှင့် ၃၀၀ ကြားရှိ Brand New ကားတစ်စီးကို ၅ နှစ်အရစ်ကျစနစ်ဖြင့် ဝယ်ယူပါက တစ်လလျှင် ၃ သိန်းခွဲနှင့် ၄ သိန်း ကြားသာ ပေးချေရသည်မှာ မှန်ကန်သော်လည်း ၅ နှစ်ပြည့်မြောက်ပြီး ချိန်၌ အဆိုပါကားသည် မူလတန်ဖိုးထက် သိန်း ၆၀ ဝန်းကျင်ခန့် ပိုနေမည်ကို သတိပြုမိသူများ အင်မတန် နည်းပါးနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါကားအား ၅ နှစ်ကြာစီးမည့်သူများ ရှိသလို ၅ နှစ်မပြည့်မီ ပြန်လည်ရောင်းချလိုသူများလည်း ရှိသည်။

၅ နှစ်အတွင်း ပြန်ရောင်းလိုသူများမှာ ဘဏ်နှင့်ချိတ်၍ အရစ်ကျ ဝယ်ယူထားသူများ ဖြစ်သဖြင့် အတိုး သိန်း ၆၀ ဝန်းကျင်ကို မဖြစ်မနေ ပေးချေရန် လိုအပ်ပါသည်။ ( ၅ နှစ်သက်တမ်း မပြည့်ပါက အတိုး အနည်းငယ် သက်သာခွင့်ရှိ )

ဘဏ်အရစ်ကျ စနစ်ကို တိတိကျကျ မသိရှိပဲ ဝယ်ယူမိပြီးမှ ငွေသွင်းရန် အခက်အခဲရှိ၍ သော်လည်းကောင်း၊ ကားမကြိုက်သဖြင့် ပြန်လည် ရောင်းချလို၍ သော်လည်းကောင်း၊ အသစ် လဲလှယ်လို၍ သော်လည်းကောင်း ကြုံတွေ့လာပါက နစ်နာဆုံးရှုံးမှု များပြားနိုင်ပါသည်။

တစ်လချင်း ပေးချေရသည့် ပမာဏ နည်းပါးသော်လည်း ကျသင့်မည့် စုစုပေါင်း တန်ဖိုးနှင့် အတိုးကို ကားဝယ်ယူသူများ အနေဖြင့် အထူး သတိပြုစဉ်းစားရန် လိုအပ်ပါသည်။

ကားအရစ်ကျဝယ်ယူခြင်း စနစ်ဆိုသည်မှာ ကားတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) ၃၀/၄၀ ရာခိုင်နှုန်းအပြင် ကျသင့်သည့် ဘဏ်တိုးကို ပေးသွင်း ရပါသည်။

ကျန်ငွေ ရာခိုင်နှုန်းအလိုက် ၁ နှစ်၊ ၂ နှစ်၊ ၅ နှစ်အစားစား ပေးချေရာ၌ အတိုး ရာခိုင်နှုန်း မှာလည်း ကြာချိန်ပေါ် မူတည်ကာ နှစ်အလိုက် အတိုးပမာဏ တိုး၍ကောက်ခံသည်ကို ဝယ်ယူသူများ သတိပြုစေရန် လိုအပ်ပါသည်။

ထိုအချက်များကြောင့် မော်တော်ကားအရစ်ကျ HP စနစ် ဖွံ့ဖြိုးလာသည်နှင့်အမျှ ကားဝယ်ယူသူများ အနေဖြင့်လည်း အရစ်ကျဝယ်ယူခြင်း အသိပညာ တိုးတက်လာစေရန် လိုအပ်လှပါသည်။

အရစ်ကျဝယ်ယူသူများအနေဖြင့် မိမိဝယ်ယူမည့် ကား၏ မူရင်းတန်ဖိုး၊ နှစ်အလိုက် ပေးချေရမည့် ရာခိုင်နှုန်း၊ အတိုးရာခိုင်နှုန်း၊ စုစုပေါင်း ကျသင့်သွားမည့် တန်ဖိုးတို့ကို မေးမြန်းစုံစမ်း၍ ဝယ်ယူရန် လိုအပ်ပါသည်။

အရစ်ကျ ရောင်းချသည့် ဘဏ်များကလည်း လစဉ် ပေးသွင်းရမည့်ငွေကို ပုံမှန်ပေးသွင်းရန် သတ်မှတ်ထားပြီး ပုံမှန်ပေးသွင်းမည့် ရက်ထက် ၁ လ ကြာပါက ကျန်ငွေအားလုံး၏ ရာခိုင်နှုန်းကို ရက်တိုး ပေးချေရမည် ဖြစ်ပါသည်။

အဆိုပါ ကောက်ခံသော ရက်တိုးသည် ဝယ်ယူသူများ အတွက် ကြီးလေးသော အတိုးနှုန်း ရာခိုင်နှုန်းဖြင့် ကောက်ခံခြင်း ဖြစ်ပါသည်။ ပုံမှန်ပေးသွင်းရမည့် ရက်ထက် ၂ လကျော် ၃ လ ပျက်ကွက်သွားပါက ဘဏ်မှချမှတ်ထားသော ပြစ်ဒဏ်နှင့် ဒဏ်ကြေးကို ခံရမည်ဖြစ်ပါသည်။

ထို့ထက်ကျော်လွန်ပါက ကားအား သိမ်းယူပြီး ထိုက်သင့်သည့် ဈေး သတ်မှတ်ကာ ပြန်လည် ရောင်းချသွားမည် ဖြစ်ပါသည်။

ထိုအချက်များကြောင့် ကားအရစ်ကျ ဝယ်ယူမည့် သူများ အနေဖြင့် မိမိ ၁ လ ပေးသွင့်နိုင်မည့် ရာခိုင်နှုန်း၊ မိမိ၏ ဝင်ငွေဖြင့် လိုက်လျော ညီထွေ ရှိစေမည့် ငွေပမာဏ၊ သုံးစွဲမည့် ငွေကြေးတို့ကို ချင့်ချိန်စဉ်းစား၍ ဝယ်ယူရန် အထူး လိုအပ်လှပါသည်။

သတိပြုရန်မှာ ပုံမှန်စီးပွားရေးလည်ပတ်နေသူ ၊ လစာဝင်ငွေသင့်တင့်ကောင်းမွန်သောသူများ HP အတိုးနှုန်းသည်သင့်တင့်မျှတပါသည် ။ သို့သော် ပုံမှန်ဝင်ငွေမရှိပဲ ကားဝယ်လိုသူများ စဉ်းစားနိုင်စေရန်ဖြစ်ပါသည်။

 

 

Read 1505 times