အင်ဒိုနီးရှား လျှပ်စစ်ဆိုင်ကယ် ပြောင်းလဲခြင်းအစီအစဉ် အားစိုက်လုပ်ကိုင်
သမားရိုးကျ မော်တော်ဆိုင်ကယ်များကို လျှပ်စစ် (e-bikes) အဖြစ် ပြောင်းလဲရန် အစီအစဉ်အပေါ် အင်ဒိုနီးရှား စွမ်းအင်နှင့် သတ္တုအရင်းအမြစ် (Energy and Mineral Resources (ESDM) Ministry) ဝန်ကြီးဌာနက အဓိကထားပြီး အားစိုက်နေဆဲ ဖြစ်သည်။ လျှပ်စစ်ဆိုင်ကယ်သို့ ပြောင်းလဲခြင်းအစီအစဉ်သည် နိုင်ငံတွင်း စက်မှုလုပ်ငန်း အမျိုးအမည်သစ်များ ကြီးထွားလာစေရန် အားပေးနိုင်သည်ဟု ESDM ဝန်ကြီး Arifin Tasrif က ပြောကြားကြောင်း အင်ဒိုနီးရှားသတင်းဌာန Antara က ဖော်ပြသည်။
“ကျွန်တော်တို့ရဲ့ ရေနံရင်းမြစ်တွေက အတော်လေး အိုမင်းနေတဲ့အပြင် စက်သုံးဆီ အပါအဝင် ရေနံထွက်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှုအပိုင်းမှာလည်း ကျဆင်းနေတာကြောင့် အင်ဒိုနီးရှားက ရေနံစိမ်းနဲ့ လောင်စာဆီ တင်သွင်းနေရတုန်းပါပဲ" ဟု ၎င်းက ပြောကြားသည်။ "ဒါပေမဲ့ ကျွန်တော်တို့က လျှပ်စစ်ဓာတ်အားနဲ့ အစားထိုးနိုင်ရင် လောင်စာဆီအတွက် သုံးစွဲရတဲ့ ဘတ်ဂျက်ကို ချွေတာနိုင်ပါတယ်” ဟု Arifin က ပြောကြားသည်။
အင်ဒိုနီးရှားသည် ၂၀၄၀ ခုနှစ်မှစ၍ လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုသာလျှင် ပြည်တွင်း၌ ရောင်းချခွင့်ပြုရန် အစီအစဉ် ရေးဆွဲထားသည်။ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားလုပ်ငန်း PT PLN (Persero) က ကြီးမားကျယ်ပြန့်သော အခြေခံအဆောက်အအုံကို တာဝန်ယူတည်ဆောက်နေသည်။ အများသုံး လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံများလည်း ထူထောင်ပေးလျက်ရှိသည်။
ထို့ပြင် အားကုန်ဘက်ထရီကို အားပြည့်ဘက်ထရီဖြင့် အလုံးလိုက် လဲလှယ်ပေးသော အထွေထွေ ဘက်ထရီလဲလှယ်ရေးစခန်းများကိုလည်း ထူထောင်ပေးလျက်ရှိသည်။ "လောလောဆယ်တွင်မှာ ကျွန်တော်တို့ အင်ဒိုနီးရှား နိုင်ငံတစ်လွှားမှာ အားသွင်းရုံ ၁၄၃ ခုကို လည်ပတ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့က ဘာလီကျွန်းကို အထူးတလည် အားစိုက်ပါတယ်။ အဲဒီမှာ G20 ထိပ်သီးအစည်းအဝေး ကျင်းပတဲ့နေရာ ရှိနေတော့ အစည်းအဝေး လာတက်တဲ့ ကိုယ်စားလှယ်များက လျှပ်စစ်ကားများကိုအသုံးပြုကြရပါမယ်။
အဲဒီအတွက် ကျွန်တော်တို့ အားသွင်းရုံတွေ အသင့်ထားရှိပေးပါတယ်" ဟု PT PLN အကြီးအကဲဖြစ်သူ Darmawan Prasodjo က ပြောကြားသည်။ စက်သုံးဆီ အခြေပြု မှ လျှပ်စစ် အခြေပြုသို့ ကူးပြောင်းရေးကို နိုင်ငံပိုင် ဓာတ်အားလုပ်ငန်း PT PLN က အဖက်ဖက်မှ ပံ့ပိုးကူညီပေးလျက်ရှိသည်။ အများသုံး အားသွင်းရုံများ ထူထောင်ခြင်း အပြင် အိမ်သုံးအားသွင်းစနစ်များကိုလည်း အိမ်တိုင်ရာရောက် တပ်ဆင်ပေးလျက် ရှိသည်။
Source paultan.org
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U