အိန္ဒိယအစိုးရ အီးဗီရည်မှန်းချက် လမ်းပေါ်မှာ စီးရေ ၁၀၂ သန်း ပြည့်မီနိုင်မှာလား


အိန္ဒိယအစိုးရ အီးဗီရည်မှန်းချက် လမ်းပေါ်မှာ စီးရေ ၁၀၂ သန်း ပြည့်မီနိုင်မှာလား

အိန္ဒိယ လျှပ်စစ်ကားထုတ်လုပ်သူများက ပြည်တွင်းမှာ  အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လာသော ပြည်ပထုတ်လုပ်သူများရဲ့ ပြိုင်ဆိုင်မှုကို တွန်းလှန်ရန်အတွက် အရင်းအနှီး တိုးချဲ့ရန် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုကို မြှင့်တင်ရန် အလျင်အမြန် လုပ်ဆောင်နေကြပါတယ်။

 

ပြည်တွင်းပြည်ပ ကုမ္ပဏီများက အိန္ဒိယရဲ့  အခြေတည်စ လျှပ်စစ်ကားများ၊ လျှပ်စစါစကူတာများအတွက် ဈေးကွက်ထဲမှာ ဈေးကွက်ဝေစု ရရှိဖို့ အပြိုင်အဆိုင် လုပ်ကိုင်နေကြပါတယ်။

တကယ်တမ်းကျတော့ အိန္ဒိယက လျှပ်စစ်မော်တော်ယာဉ် အမျိုးမျိုးအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ အားသွင်းစတေရှင် အနည်းငယ်သာ ရှိပါတယ်။ စကူတာမှာ တပ်ပေးထားတဲ့ ဘက်ထရီ မီးထလောင်တဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။ 

 

အစိုးရ ရည်မှန်းချက်

အိန္ဒိယအာဏာပိုင်များသည်၂၀၃၀ ခုနှစ်အရောက်တွင်  လုပ်ငန်းသုံးကားများနှင့် ထရပ်ကားများရောင်းအားရဲ့  ၇၀%၊ အိမ်စီးကားများ ရောင်းအားရဲ့ ၃၀%၊ ဘတ်စ်ကားများ ရောင်းအားရဲ့  ၄၀%၊ နှစ်ဘီးယာဉ်များနှင့် သုံးဘီးယာဉ်များ ရောင်းအားရဲ့ ၈၀% ဟာ အီးဗီများ ဖြစ်နေဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။

 လမ်းတွေ‌ပေါ်မှာ  ၄ ဘီး၊ ၃ ဘီး၊ ၂ ဘီး အီးဗီအမျိုးမျိုး  အနည်းဆုံး စီးရေ ၁၀၂ သန်းဝန်းကျင် ရှိနေမှာ ဖြစ်ပါတယ်။ 

ယခု ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ စီးရေ ၁ သန်း ဝန်းကျင် ရှိပါတယ်။ လာမယ့် ၈ နှစ်အတွင်း အီးဗီ သန်း ၁၀၀ ကျော် တိုးအောင် လုပ်ကြရမှာ ဖြစ်ပါတယ်။

 

ပြည်တွင်းလုပ်ငန်းများ

အိန္ဒိယ မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကြီး Mahindra & Mahindra ရဲ့ လျှပ်စစ်ကားလုပ်ငန်းခွဲက   ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း British International Investment ထံမှ  ကန်ဒေါ်လာ သန်း ၂၅၀ ကို ယခုလအတွင်း ရရှိခဲ့ပါတယ်။

အဆိုပါလုပ်ငန်းခွဲရဲ့ တန်ဖိုးက ယခုအခါ ကန်ဒေါ်လာ ၉ ဘီလီယံအထက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မိခင်လုပ်ငန်း Mahindra & Mahindra ရဲ့ အစုရှယ်ယာအားလုံးရဲ့ ဈေးကွက်ပေါက်ဈေးအရ တန်ဖိုးစုစုပေါင်းရဲ့ ထက်ဝက်နီးပါးအထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး အီးဗီထုတ်လုပ်ရေး လုပ်ငန်းကြီးTata Motors ကလည်း ၎င်းရဲ့ အီးဗီရည်မှန်းချက် အကောင်အထည်ဖော်ရန် အရင်းအနှီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ၂၀၂၁ အောက်တိုဘာလမှာ ရယူခဲ့ပါတယ်။

"ကမ္ဘာ့ကစားသမားများမှာ အရွယ်အစား အလွန်ကြီးမားတဲ့ အားသာချက် သေချာပေါက် ရှိနေပါတယ်။ ဒါပေမဲ့  အိန္ဒိယစီးပွားရေးလုပ်ငန်းများမှာ အရွယ်ငယ်ပေမဲ့  ဆန်းသစ်တီထွင်မှုများမှာ အားကောင်းကြပါတယ်" လို့  Avalon Consulting မှ အမှုဆောင်ဒါရိုက်တာ Subhabrata Sengupta က ပြောကြားပါတယ်။

“လာမယ့် လေးနှစ်ကနေ ငါးနှစ်အတွင်း ခိုင်မာတဲ့ ထုတ်ကုန်ပိုက်လိုင်းဆီသို့ ရောက်ရှိအောင် ပို့ဆောင်ပေးမယ့် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယစီးပွားရေးလုပ်ငန်းများထံသို့  လုံလောက်တဲ့ အရင်းအနှီး စီးဝင်ပါလိမ့်မယ်။အစိုးရ ချမှတ်ထားတဲ့ ရည်မှန်းချက် ပြည့်မီဖို့  မလုံလောက်သော်လည်း ရည်မှန်းချက်နှင့် သိပ်အလှမ်းမကွာတဲ့ဆီကိုတော့ ရောက်သွားမှာပါ" လို့ ၎င်းက ပြောကြားပါတယ်။

မှန်ပါတယ်။ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း SoftBank Group က အန္ဒိယမှ စကူတာထုတ်လုပ်သူ Ola Electric ကို ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ Ola Electric က "ဘက်ထရီ ဆန်းသစ်တီထွင်ရေးဌာန" ထူထောင်ဖို့ အရင်းအနှီး ကန်ဒေါ်လာ သန်း ၅၀၀ ကို SoftBank Group က ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ပါတယ်။

အပြိုင်အဆိုင် လုပ်ငန်း Ather Energy က မေလမှ အရင်းအနှီး ကန်ဒေါ်လာ ၁၂၈ သန်း ရရှိခဲ့ပါတယ်။ တစ်နှစ်လျှင် လှျပ်စစ်စကူတာ စီးရေ ၄ သိန်း ထုတ်လုပ်နိုင်မယ့် ဒုတိယမြောက် စက်ရုံအသစ် တည်ဆောက်ဖို့အတွက် အရင်းအနှီး ရယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယစက်ရုံ လုပ်ငန်းလည်ပတ်တဲ့အခါ Ather Energy က ယခုထက် စီးရေ ၃ ဆ အထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

မက်လုံးနှင့် အထောက်အပံ့

အစိုးရက လျှပ်စစ်ကားတွေအပေါ် စည်းကြပ်တဲ့အခွန်ကို လျှော့ပေါ့ပေးထားပြီး ဘက်ထရီဖြင့် မောင်းနှင်သော ကားများဆီသို့ ကူးပြောင်းကြဖို့ မက်လုံးပေးထားပါတယ်။

ထို့ပြင် လျှပ်စစ်ဖြင့်ဖြစ်စေ၊ ဟိုက်ဒြိုဂျင်လောင်စာဆဲလ်ဖြင့်ဖြစ်စေ မောင်းနှင်တဲ့ မော်တော်ယာဉ်များ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့အတွက် အထောက်အကူ ပြုပေးဖို့ ၂၀၂၂ မှ ၂၀၂၇ ကာလအတွင်း ရူပီ ၂၆၀ ဘီလီယံနီးပါး သုံးစွဲဖို့ လျာထားပါတယ်။

လျှပ်စစ်မော်တော်ယာဉ်အမျိုးမျိုး (၄ဘီး၊ ၃ ဘီး၊ ၂ ဘီး)တို့အတွက် ဘက်ထရီများ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့အတွက် နောက်ထပ် ရူပီ ၁၈၀ ဘီလီယံ လျာထားပါတယ်။

ယခုနှစ် မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ အိန္ဒိယကားဈေးကွက်ထဲမှာ အီးဗီတွေက ဈေးကွက်ဝေစု ၂.၆% မျှသာ ရှိတဲ့အတွက် အီးဗီကဏ္ဍ ကြီးထွားဖို့ နေရာအများကြီး ရှိနေဆဲ ဖြစ်ပါတယ်။

 

ပြည်ပလုပ်ငန်းများ

ဂျပန်မှ Toyota Motor နှင့် တောင်ကိုရီးယားမှ Hyundai တို့က  ကြီးထွားလာနေသော အီးဗီကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁.၁၅ ဘီလီယံရှိကြောင်း ကြေညာခဲ့ပါတယ်။

ဂျပန်နိုင်ငံမှ Suzuki Motor က လျှပ်စစ်‌ေမာ်‌ေတာ်ယာဉ်သုံး ဘက်ထရီများအတွက် စက်ရုံအသစ်တည်ဆောက်ရန် နောက်ထပ် ဒေါ်လာ ၁.၂၆ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

Suzuki ရဲ့ အိန္ဒိယလုပ်ငန်းခွဲ Maruti Suzuki က အန္ဒိယရဲ့ အကြီးမားဆုံး အိမ်စီးကားထုတ်လုပ်ရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ ဈေးကွက်ဝေစု ၄၃% နီးပါး ရရှိထားပါတယ်။ Maruti Suzuki က ၂၀၂၅ မှ လျှပ်စစ်ကားမော်ဒယ်များ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Hyundai က သုံးပုံတစ်ပုံ ပိုင်ဆိုင်ထားတဲ့ Kia Motors နှင့် တရုတ်မှ MG Motors တို့ကလည်း အိန္ဒိယမှာ အီးဗီများ လာမယ့်နှစ်ကျရင် ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

အီးဗီတွေထဲမှာ ၄ဘီးအီးဗီတွေ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ စီးရေ ၁၆,၈၅၃ မျှသာ ရောင်းချခဲ့ရပါတယ်။ ၂ဘီးအီးဗီ စီးရေ ၂၃၁,၃၅၇ ရောင်းချခဲ့ပါတယ်။

၄ဘီးအီးဗီတွေ ရောင်းရစီးရေ နည်းနေတာအတွက် အကြောင်းတရားတစ်ချက်က ရွေးစရာ မော်ဒယ် များများစားစား မရှိသေးတာ ဖြစ်ပါတယ်လို့ သုံးသပ်ကြပါတယ်။

နောက်တစ်ချက်က အားသွင်းရုံများ နေရာအနှံ့ မရှိသေးတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ၂၀၂၂ မတ်လမှာ အများသုံး အားသွင်းရုံ ၁,၇၂၄ ခုမျှသာ ရှိပါတယ်။ အိန္ဒိယ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားသွင်းရုံ ခုရေ ၁.၈ သန်းခန့် ရှိဖို့ လိုအပ်တယ်လို့ တွက်ချက်ခန့်မှန်းထားပါတယ်။

အားသွင်းရုံများ ပေါ်ပေါက်လာရေးက "ကြက်မနှင့် ကြက်ဥ" ပြဿနာ ဖြစ်နေပါတယ်။

အားသွင်းရုံတွေနှင့် ဓာတ်အားလိုင်းကွန်ရက် ထူထောင်လုပ်ကိုင်မယ့် လုပ်ငန်းများအနေဖြင့် အီးဗီတွေ များများစားစား ရှိနေမှ တွက်ခြေကိုက်မှာ ဖြစ်ပြီး အားသွင်းရုံများ နေရာအနှံ့ ဖြန့်ကျက် ထားရှိပေးနိုင်မှာ ဖြစ်ပါတယ်

ဒီတော့ အီးဗီတွေ များများစားစား ရှိလာတဲ့အခါကျမှ အားသွင်းရုံတွေ လုပ်ကိုင်လိုပါတယ်။ 

အီးဗီ ဝယ်စီးချင်သူတွေ အဖို့မှာလည်း အားသွင်းရုံတွေ များများစားစား ရှိနေမှ အီးဗီကို စီးဖို့ အဆင်ပြေမှာ ဖြစ်လို့ အားသွင်းရုံတွေ များများစားစား အရင်ရှိနေစေချင်ပါတယ်။ 

အီးဗီထုတ်လုပ်သူအနေဖြင့် အားသွင်းအခြေခံအဆောက်အအုံ မရှိသောကြောင့် ၀ယ်လိုအားရှိမည်မဟုတလို့  ယူဆပါတယ်။ သို့သော် လမ်းပေါ်တွင် ကားအလုံအလောက်မရှိသောကြောင့် အားသွင်းခြင်းအခြေခံအဆောက်အအုံ မထူထောင်နိုင်သေးပါ။  

 

၂ဘီးအီးဗီ စကူတာအနေဖြင့် ရွေးစရာ များပြားပါတယ်။ လုပ်ငန်းသစ်များ ဖြစ်ကြတဲ့ Ola, Ather, Okinawa တို့ ယှဉ်ပြိုင်နေကြတဲ့အပြင် အစဉ်အလာကြီးမားတဲ့ Bajaj Auto, TVS Motors, Hero Electric တို့လည်း ကစားကွင်းထဲမှာ ပြိုင်ဆိုင်နေကြပါတယ်။

Hero Electric က ဂျပန်မှ ၂ဘီးယာဉ် လုပ်ငန်းကြီး Honda Motor ရဲ့ လုပ်ငန်းခွဲ ဖြစ်ပြီး ယခုအခါ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး စကူတာထုတ်လုပ်ရေး လုပ်ငန်း ဖြစ်ပါတယ်။ စကူတာဖြင့် အရှိန်တင်ပြီး လျှပ်စစ်ကား ထုတ်လုပ်ရေးကို ချဲ့ထွင် လုပ်ကိုင်သွားဖို့ အစီအစဉ် ရှိပါတယ်။

၂၀၃၀ မှာ လျှပ်စစ်စကူတာစီးရေ ၁ သန်းအထိ ထုတ်လုပ်သွားဖို့ ရည်မှန်းချက် ထားရှိပါတယ်။

Source:Asia nikkei

Telegram Channel https://t.me/Guid4U
#MyanmarAutomobileGuide 

Read 1055 times