အိန္ဒိယ လျှပ်စစ်မော်တော်ဆိုင်ကယ်ကဏ္ဍ လုပ်ငန်းသစ်များ နေရာယူ


အိန္ဒိယ လျှပ်စစ်မော်တော်ဆိုင်ကယ်ကဏ္ဍ လုပ်ငန်းသစ်များ နေရာယူ


မော်တော်ဆိုင်ကယ်တွေရဲ့ အနာဂတ်က ဘက်ထရီဖြင့် မောင်းနှင်တဲ့ လျှပ်စစ်ဆိုင်ကယ်တွေ ဖြစ်ပါတယ်။
အိန္ဒိယ မော်တော်ဆိုင်ကယ် ဈေးကွက်မှာ မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်းအသစ်တွေက လျှပ်စစ်မော်တော်ဆိုင်ကယ်ကို ထုတ်လုပ်ကြပြီး ရှိပြီးသာ ဆိုင်ကယ်လုပ်ငန်းတွေဖြစ်တဲ့  Bajaj Auto, TVS Motor Company နဲ့  Hero MotoCorp တို့ကို ဆိုင်ကယ်ဈေးကွက်ထဲမှာ ပခုံးချင်းယှဉ်နိုင်ကြမှာ ဖြစ်ပြီး လျှပ်စစ်မော်တော်ဆိုင်ကယ်ဈေးကွက်မှာတော့ လုပ်ငန်းသစ်တွေက ရှေ့ကို ရောက်နေလို့ အသာရနေကြပါတယ်။ 
အိန္ဒိယမှာ လျှပ်စစ်မော်တော်ဆိုင်ကယ် အများဆုံး ထုတ်လုပ်တဲ့ Hero Electric  က လစဉ် စီးရေ ထောင်ဂဏန်း ရောင်းချလျက် ရှိပါတယ်။ 
လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်းသစ် Ola က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း SoftBank ရဲ့ ကျောထောက်နောက်ခံကို ရရှိထားပါတယ်။ ဒတ်ချ်မှ လျှပ်စစ်ကားလုပ်ငန်း Etergo ကို ဝယ်ယူခဲ့ပြီး လျှပ်စစ်စကူတာတွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်မှာ ကမ္ဘာ့အကြီးမားဆုံးဖြစ်တဲ့ မော်တော်ဆိုင်ကယ်စက်ရုံကို ဆောက်လုပ်နေပါတယ်။ အဲဒီ စက်ရုံကို တစ်နှစ်လျှင် စီးရေ တစ်သန်း ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ 
စီမံမှုဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း McKinsey & Company ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယမော်တော်ဆိုင်ကယ်ဈေးကွက်မှာ ၂၀၃၀ မတိုင်မီကာလမှာ လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၈ မှ ၉ သန်းအထိ ရောင်းရလိမ့်မယ်လို့ ဆိုပါတယ်။ 

Bounce ကစကူတာ အငှားဝန်ဆောင်မှု လုပ်ငန်းသစ် ဖြစ်ပြီး  22 Motors လုပ်ငန်းကို ဝယ်ယူကာ လျှပ်စစ်ဆိုင်ကယ် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ အလုံးလိုက် အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြုတ်လဲတပ်လို့ ရတဲ့ ဘက်ထရီတွေကို ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၁ သန်း ဘက်ထရီ လဲတပ်နိုင်ဖို့ ဘက်ထရီတွေ ထုတ်လုပ်ဖို့ လျာထားပါတယ်။
အီးဗီလုပ်ငန်းသစ် Okinawa Scooters သည် အိန္ဒိယတွင် Hero Electric ပြီးလျှင် ဒုတိယအများဆုံး လျှပ်စစ်စကူတာ ထုတ်လုပ်နေသော ကုမ္ပဏီ ဖြစ်ပြီး ၎င်းလုပ်ငန်းမှ ညွှန်ချုပ်ဖြစ်သူ  Jeetender Sharma က “အီးဗီတွေက လူတိုင်းအတွက် အသစ်အဆန်းဖြစ်နေတော့ အခုအခါမှာ ဈေးကွက်က သေးငယ်လွန်းနေသေးတယ်။ လုပ်ငန်းတိုင်း ကြီးထွားဖို့အတွက် ဈေးကွက်ထဲမှာ နေရာမလုံလောက်ဘူး” လို့ သုံးသပ်ပါတယ်။ 

အီးဗီအနာဂတ်မှာ ဈေးကွက်က ကြီးမားမှာ ဖြစ်သော်လည်း ဓာတ်ဆီအင်ဂျင်ဖြင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေအဖို့ လက်ရှိ ရောင်းအားပမာဏကို မရရှိနိုင်သေးတာကြောင့် အီးဗီမော်တော်ဆိုင်ကယ်ကို ပုံအောပြီး လုပ်ကိုင်ခြင်း မပြုကြသေးဘူး။ 
အိန္ဒိယ အီးဗီဈေးကွက်က နှေးကွေးနေဆဲ ဖြစ်ပါတယ်။ စလုံးရေစရုံမျှသာ ဖြစ်နေတယ်။ ၂၀၂၁ ဧပြီလမှ အောက်တိုဘာလအတွင်း  Bajaj Auto က လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၃,၅၆၄ မျှသာ ရောင်းချခဲ့ရတယ်။ အဲဒီကာလအတွင်းမှာ Society of Indian Automobile Manufacturers (SIAM) ရဲ့ အချက်အလက်များအရ အိန္ဒိယမှာ မော်တော်ဆိုင်ကယ် စီးရေ ၁.၀၂ သန်း ရောင်းချခဲ့တာမှာ အီးဗီက ၁% မျှသာ ပါဝင်တယ်။

တည်ရှိပြီးသား လုပ်ငန်းကြီးတွေအနေဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်ပေမဲ့ ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်တွေအပေါ်မှာသာ အားပြုထားကြတယ်။ ဒါပေမဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်းသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ထားကြတယ်။ လျှပ်စစ်စကူတာ ထုတ်လုပ်တဲ့ လုပ်ငန်းသစ် Ather Energy မှာ Hero MotoCorp က အစုရှယ်ယာ ၃၅% ပိုင်ဆိုင်ထားတယ်။ လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်းသစ် Ultraviolette Automotive မှာ TVS က အစုရှယ်ယာ ၃၀% ပိုင်ဆိုင်ထားတယ်။ လျှပ်စစ်မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်းသစ်  Revolt မှာ Rattan India က အစုရှယ်ယာ ၄၃% ပိုင်ဆိုင်ထားတယ်။  Bajaj  လျှပ်စစ်ယာဉ် ထုတ်လုပ်တဲ့ Yulu မှာ ရူပီ သိန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားပါတယ်။ 
 

Read 2953 times