Tesla ထူထောင်သူ စီအီးအို Musk က လူမှုကွန်ရက်မီဒီယာ Twitter မှာ တီရှပ်ပုံ နှစ်ပုံကို ဘေးချင်းယှဉ်ပြီး တင်ပြတယ်။
တစ်ထည်မှာတော့ “India wants Tesla” လို့ ဖော်ပြထားပြီး နောက်တစ်ထည်မှာတော့ “India loves Tesla” လို့ ဖော်ပြထားတယ်။ လာမယ့်နှစ်မှာ တက်စလာရဲ့ လျှပ်စစ်ကားမျာ:ကို အိန္ဒိယ မှာ စတင်ရောင်းချမယ်ဆိုတာ သေချာကြောင်းလည်း Musk က ထပ်လောင်းပြောကြားတယ်။ စောင့်ဆိုင်းပေးတာအတွက်လည်း ကျေးဇူးတင်တယ်လို့ သူက ဆိုတယ်။ Tesla ရဲ့ Model 3 ကို ရောင်းချမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ထုတ်လုပ်မှာလား တခြားနိုင်ငံမှာ ထုတ်လုပ်ပြီး တင်သွင်းရောင်းချမှာလားဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ အိန္ဒိယ အစိုးရကတော့ ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းချဖို့နဲ့ ပြည်ပတင်ပို့ဖို့ကို တွန်းအား ပေးနေပါတယ်။
လျှပ်စစ်ကား ထုတ်လုပ်မှုတွေကို အိန္ဒိယမှာ ထွန်းကားတဲ့နေရာက ဘင်ဂလိုပြည်နယ် ဖြစ်ပါတယ်။ အိန္ဒိယရဲ့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကားလုပ်ငန်းတွေ ဖြစ်ကြတဲ့ Ola Mobility ၊ Ather Energy ၊ Mahindra Electric စတဲ့လုပ်ငန်းတွေဟာ ဘင်ဂလိုပြည်နယ်မှာ ကားထုတ်လုပ်ကြတယ်။ အနောက်တိုင်းမှ Toyota ၊Daimler နဲ့ Bosch တို့ကလည်း ဘင်ဂလိုပြည်နယ်မှာ လုပ်ကိုင်လျက် ရှိပါတယ်။
အိန္ဒိယ အစိုးရက ၂၀၃၀ ခုနှစ်မှာ ကားအားလုံး လျှပ်စစ်ကား ဖြစ်စေရမည်ဆိုတဲ့ ရည်မှန်းချက် ချမှတ်ခဲ့ပြီး ဆန္ဒစောလွန်းအားကြီးတယ်လို့ အပြင်းအထန် ဝေဖန်ခံရတာကြောင့် နောက်ဆုံးမှာ ၃၀ % လို့ ရည်မှန်းချက်ကို ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
ဘဏ္ဍာရေး လေ့လာဆန်းစစ်မှု လုပ်ငန်း Avendus က ၂၀၂၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားဈေးကွက်ကဏ္ဍဟာ တန်ဖိုးအားဖြင့် ရူပီ ၅၀၀ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လျှပ်စစ်ယာဉ်လို့ ခြုံငုံ ပြောဆိုရာမှာ နှစ်ဘီးတပ် လျှပ်စစ်ယာဉ် (မော်တော်ဆိုင်ကယ်)၊ သုံးဘီးတပ် လျှပ်စစ်ယာဉ် (သုံးဘီးကား) တွေလည်း အကျုံးဝင်ပါတယ်။
၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ယာဉ် သုံးစွဲမှုက စီးရေ သုံးသန်းအထက်မှာ ရှိမယ်လို့ ဆိုပါတယ်။ လေးဘီးတပ် လျှပ်စစ်ယာဉ် (လျှပ်စစ်ကား)တွေ ပိုမိုသုံးစွဲလာဖို့အတွက်ကတော့ တစ်ဦးချင်း ဝယ်သုံးတာထက် ကားစီရေများများဖြင့် လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ လျှပ်စစ်ကား ပြောင်းလဲသုံးစွဲလာမယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။ ကားစင်းလုံးငှားလုပ်ငန်း၊ ပစ္စည်းပေးပို့ လုပ်ငန်း၊ အငှားယာဉ်လုပ်ငန်း စတာတွေမှာ လျှပ်စစ်ယာဉ် သုံးစွဲမှု တိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။
Aung Win
Source:asiatimes.com