၂၀၁၈ မူဝါဒအရ ကားတင်သွင်းမှုများနည်းပါးသွားပြီး အမည်ပေါက်စလစ်ဈေး ကျဆင်းသွား


၂၀၁၈ မူဝါဒအရ ကားတင်သွင်းမှုများနည်းပါးသွားပြီး အမည်ပေါက်စလစ်စျေး ကျပ်သိန်း ၁၂၀ အထိ ကျဆင်းသွားကြောင်း ကားတင်သွင်းသူထံမှ သိရပါသည်။

ပြီးခဲ့သည့်နှစ် မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်များ မပိတ်ခင် ဒီဇင်ဘာ ၂၇ ရက်မတိုင်ခင်အထိ အမည်ပေါက်စလစ်စျေးသည် ကျပ် ၁၃၈ သိန်းအထိ မြင့်တက်ခဲ့သော်လည်း ဘယ်မောင်းသာတင်သွင်းရမည့် ယခုနှစ်မူဝါဒကြောင့် ကားတင်သွင်းမှုများ နည်းသွားပြီး ကျပ်သိန်း ၁၂၀ အထိ ကျဆင်းသွားကြောင်း သိရပါသည်။

စလစ်စျေးကျဆင်းမှုမှာ ကားအရောင်းစင်တာများတွင် တင်သွင်းခွင့်ပါမစ်လျှောက်ထားသော ၂၀၁၇ Consignment ကားအစီးရေ၊ ယခုနှစ်ထဲတွင် ရန်ကုန်လိုင်စင်ရရန်အတွက် စလစ်ကပ်ပြီး ဝယ်ယူခွင့်လျှောက်မည့် Brand New ကားအရေအတွက်၊ မူဝါဒအသစ်အရ စလစ်ကပ်ပြီး တင်သွင်းမည့် ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများအပေါ်မူတည်၍ စလစ်လိုအပ်ချက်ရှိနေဦးမည်ဖြစ်ပြီး လိုအပ်သော အပ်ကားအရေအတွက်ရှိမှသာ ထို့ထက်စျေးကျမည်ဖြစ်ပါသည်။

ထို့နောက် စလစ်စျေးအပြောင်းအလဲမှာ ရန်ကုန်လိုင်စင်ပြန်ပြီးခွင့်ပြုပေးရန် ကိစ္စမှာလည်း အဓိကကျပါသည်။

ထို့ကြောင့် ဧပြီလမတိုင်ခင်အထိ အမည်ပေါက်စလစ်စျေးက ကျပ်သိန်း ၁၂၀ အောက် ရောက်သွားမည်မထင်ကြောင်း JPM ကားအရောင်းစင်တာ ဒါရိုက်တာထံမှ သိရပါသည်။

စလစ်စျေးအပြောင်းအလဲသည် ရန်ကုန်လိုင်စင်ပြန်လည်ခွင့်ပြုမည့်ကိစ္စနှင့် အဓိကသက်ဆိုင်နေရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလအတွင်း ကားသွင်းခွင့်အတွက် မူဝါဒများချမှတ်ခဲ့ပါက စလစ်စျေးများ ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့ကြပါသည်။

ယခုနှစ်မူဝါဒအရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်လိုအပ်ချက်သည် Consignment ကားများအတွက်သာ အဓိကကျနေပြီး တင်သွင်းခွင့်ပါမစ် လျှောက်ထားသည့် အစီးရေနှင့် စျေးကွက်အတွင်း ဝင်ရောက်လာမည့် ၁၉၉၈ မိုဒယ်နှင့်အောက် ကားများပေါ်တွင် မူတည်နေပါသည်။

ဇန်နဝါရီလဆန်းပိုင်းတွင် သက်တမ်းနှစ်နှစ်ဆယ် အမည်ပေါက်စလစ်စျေးသည် ကျပ်သိန်း ၁၂၀ အထိ ကျဆင်းသွားသကဲ့သို့ အမည်မပေါက်စလစ်သည် ကျပ် ၁၁၃ သိန်းဝန်းကျင်၊ တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၁၀ ဝန်းကျင်နှင့် တက္ကစီစလစ်သည် ကျပ်သိန်း ၁၁၅ သိန်းဝန်ကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရပါသည်။

 

Read 6470 times