ယခုနောက်ပိုင်းတင်သွင်းလာသော အဆင့်မြင့်ကားများတွင် ကွန်ပျူတာနှင့်ထိန်းချုပ်သောစနစ်များ ပါဝင်လာရာမှ ရုတ်တရက်ကားထိုးရပ်သွားခြင်းသည် ကားကွန်ပျူတာဘောက်စ်ချို့ယွင်း၍လည်း
ဖြစ်နိုင်သောကြောင့် လေ့လာထားသင့်သည့် ကွန်ပျူတာဘေက်စ်ချို့ယွင်းလျှင် သိနိုင်သည့်အချက်များကို ဖော်ပြပေးထားပါသည်။
အင်ဂျင်ကွန်ထရိုးယူနစ် (Engine Control Unit – ECU) ဟု လူသိများသော ကွန်ပျူတာဘောက်စ်သည် Engine Control Module (ECM) သို့မဟုတ် Powertrain Control Module (PCM) ဖြစ်ပါသည်။
အင်ဂျင်ထဲတွင်ရှိသော အာရုံခံကိရိယာ (sensors) အမျိုးမျိုးမှ ပေးပို့သော အချက်အလက်မှတ်တမ်းများကို သူ၏ မော်နီတာတွင် သတင်းပေးဖော်ပြနိုင်ပါသည်။
ရရှိလာသော အချက်အလက်ဒေတာများကို အခြေခံပြီး အင်ဂျင်၏ လည်ပတ်နှုန်းကို ထိန်းချုပ်သလို ကားကို လုံခြုံစိတ်ချစေရန်အတွက် လုပ်ဆောင်ချက်အသစ်များ ပြုလုပ်စေနိုင်ပါသည်။
အင်ဂျင်က မီးခိုးထုတ်လွှတ်မှု အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ပါသည်။
ကွန်ပျူတာဆီကို သတင်းအချက်အလက်များပေးပို့နိုင်သော အာရုံခံကိရိယာအမျိုးမျိုးမှာ အောက်ဆီဂျင် ဆင်ဆာ (Oxygen sensor)၊ လေဖိအားဆင်ဆာ (air pressure sensor)၊ လေအပူချိန်တိုင်း
ဆင်ဆာ (air temperature sensor)၊ သရော်တယ်ဆင်ဆာ (throttle position sensor) နှင့် ခေါက်သံဆင်ဆာ (Knock sensor) များ ဖြစ်ပါသည်။
ထိုဆင်ဆာများက ပေးပို့သော အချက်အလက်များကို အသုံးပြုပြိး ကွန်ပျူတာက လောင်စာဆီ အင်ဂျက်တာ (fuel injectors)၊ မီးပွားပလတ် (spark plugs) ကဲ့သို့ အစိတ်အပိုင်းများကို ထိန်းချုပ်ပြီး
အင်ဂျင်၏ အကောင်းဆုံးစွမ်းရည်များကို ရရှိစေပါသည်။
ထိုစနစ်များ လည်ပတ်နိုင်ရန် လျှပ်စစ်စွမ်းအင်နှင့် သံလိုက်စွမ်းအင်များကို အသုံးချခြင်းဖြစ်ပါသည်။
မောင်းနှင်နေစဉ် လုပ်ဆောင်ချက်အမှားအယွင်းများကိုလည်း ချက်မီး (check engine light) မှတစ်ဆင့် ယာဉ်မောင်းသူကို သိရှိစေပါသည်။
ကားနည်းပညာရှင်က ကွန်ပျူတာမှ ဖော်ပြသော diagnostic code မှတစ်ဆင့် ကားတွင် ဖြစ်သောပြဿနာများကို အတိအကျ သိနိုင်ပါသည်။
အဆင့်မြင့်ကားအမျိုးအစားများတွင် ပါဝင်သော နည်းပညာအသစ်တွေကိုလည်း ကွန်ပျူတာဖြင့်ထိန်းချုပ်ခြင်းဖြစ်ပါသည်။
ဥပမာ အော်တိုဂီယာစနစ်၊ Anti – lock Braking Sy-stem (ABS) စနစ်များတွင် ကွန်ပျူတာနှင့် ထိန်းချုပ်ပါသည်။
အသက်ကယ်လေအိတ်စနစ်တွင် သီးသန့်ကွန်ပျူတာပါရှိပြီး မိမိစိတ်ကြိုက် အမြန်နှုန်းအတိုင်း တစ်သမတ်တည်း အလိုအလျောက်မောင်းနှင်နိုင်သော Cruise Control System ကိုလည်း ကွန်ပျူတာကထိန်းချုပ်ထားပါသည်။
ကားကွန်ပျူတာဘောက်စ်(ECM) ချို့ယွင်းရင်သိနိုင်သော ပထမအချက်မှာ ချက်မီးလင်းနေခြင်းဖြစ်ပါသည်။
ပုံမှန်အနေအထားတွင် ချက်မီးလင်းလာပါက ECM မှ ဆင်ဆာများနှင့် ဆားကစ်၏ အကူအညီဖြင့် ထောက်လှမ်းပြီး ချို့ယွင်းချက်ရှိသော နေရာများကို ရှာဖွေပေးနိုင်ပါသည်။
ECM ကိုယ်တိုင်က ချို့ယွင်းခြင်းဖြစ်ပါက အပြင်မှ ကွန်ပျူတာနှင့် ချိတ်ဆက်စစ်ဆေးသည့်အခါ မှန်ကန်သော ကုတ်နံပါတ်များ မဖော်ပြနိုင်ခြင်း သို့မဟုတ် ဆုံးဖြတ်ချက်မပေးနိုင်ခြင်း ဖြစ်ပါသည်။
မောင်းနှင်နေစဉ် အင်ဂျင်က ထိုးရပ်သွားခြင်း သို့မဟုတ် မီးမကူးခြင်း (engine stalling or misfiring) သည် ကားကွန်ပျူတာဘောက်စ် ECM တွင် ချို့ယွင်းချက်ရှိသည့်အတွက်ဖြစ်တတ်သောလက္ခဏာတစ်ခုဖြစ်ပါသည်။
ရုတ်တရက် အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းလာခြင်းသည်လည်း ECM က ချို့ယွင်းချက်ရှိသောကြောင့် ဖြစ်တတ်ပါသည်။
ဆီပေးစနစ်နှင့် ဗားတိုင်မင်များ မမှန်တော့ဘဲ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများ ရှိလာခြင်းဖြစ်ပါသည်။
လာင်စာဆီ၏ စွမ်းဆောင်ရည်ကျဆင်းပြီး အင်ဂျင်စွမ်းအင်နှင့် အမြန်နှုန်းတွေကျဆင်းလာခြင်းဖြစ်ပါသည်။
ECM က ချို့ယွင်းသည့်အတွက် နောက်ထပ်သိရှိနိုင်ခြင်းက ကားစက်နှိုး၍မရခြင်း သို့မဟုတ် ခက်ခက်ခဲခဲ ကားစက်နှိုးရခြင်းများ ဖြစ်ပါသည်။
ထိုသို့ဖြစ်ခြင်းသည် အင်ဂျင်စတင်လည်ပတ်ရန်အတွက် ECM က ထိန်းချုပ် မပေးနိုင်ခြင်း ဖြစ်ပါသည်။
ထိုအချက်လေးချက်နှင့် ကား၏ကွန်ပျူတာဘောက်စ် ECM က ချို့ယွင်းခြင်းကို သိရှိနိုင်ပြီး ကျွမ်းကျင်သော ကားနည်းပညာရှင်နှင့် စစ်ဆေးပြုပြင်ရမည်ဖြစ်ပြီး လိုအပ်လျှင် ECM အသစ်နှင့် လဲလှယ်ရမည်ဖြစ်ပါသည်။
ကွန်ပျူတာနှင့်ဆိုင်သော ချက်မီးလင်းခြင်းနှင့် ကွန်ပျူတာတွင် ပြဿနာတစ်စုံတစ်ရာရှိနေကြောင်းကို သိရှိနိုင်ပါသည်။
ကျွမ်းကျင်သူများနှင့် ဝေးကွာနေသော အရေးပေါ်အခြေအနေမျိုးတွင် ယာဉ်မောင်းသူအနေဖြင့် အခြေခံ စစ်ဆေးပြုပြင်နိုင်သော အရာလေးများရှိပါသည်။
ပထမဆုံးဖြစ်နိုင်သည့်အရာမှာ ကား၏ ဂတ်စ်ကတ်နေရာလွဲချော်နေတတ်ပြီး ဂတ်စ်ကတ်ကို ပုံမှန်အနေအ ထားဖြစ်အောင် ကြိုးစားရပါမည်။
ဒုတိယဖြစ်နိုင်သည့်အရာမှာ ကွန်ပျူတာဘောက်စ်နှင့် ဆက်သွယ်သော ဘက်ထရီကြိုး တစ်ခုခုလွတ်နေ တတ်ခြင်းဖြစ်ပြီး ဘက်ထရီ၏ အဖိုငုတ်နှင့် အမငုတ်နှစ်ဖက်လုံး ဆက်သွယ်မှု အတိအကျ ရပါက
ချက်မီးငြိမ်းသွားပြီး ကွန်ပျူတာက ပုံမှန်အလုပ်လုပ်နေသည်ဟု သိရပါသည်။
အကယ်၍ ချက်မီးပြန်လင်းနေသေးပါက ဆက်လက်စစ်ဆေးရပါဖြစ်ပြီး နောက်တစ်ဆင့်အနေနှင့် အင်ဂျင်ဖျု့စ်ဘောက်စ် (engine fuse box) ကို ဖွင့်ပြီး စစ်ဆေးရမည်ဖြစ်ပါသည်။
ဖျူ့စ်ပြတ်တောက်နေပါက ပြတ်တောက်သည့်နေရာတွင် ဖျူ့စ်ပြန်ထည့်ရမည်ဖြစ်ပြီး ဖျု့စ်ထည့်သွင်းတပ်ဆင်ရာတွင် နေရာတိကျရန်လိုအပ်ပါသည်။
စစ်ဆေးပြုပြင်ခြင်းများ ပြုလုပ်ပြီးသည်နှင့် ကားကိုစက်ပြန်နှိုးပြီး ကွန်ပျူတာဘောက်စ် ECU ကို ပုံမှန် အလုပ်လုပ်နိုင်ရန် ၁၀ မိနစ်ခန့်စောင့်ရန် လိုအပ်ပါသည်။
၁၀ မိနစ်ကျော်သည်နှင့် ကားစက်ရပ်လိုက်၍ နောက်တစ်ကြိမ် စက်ပြန်နှိုးပြီးသည်နှင့် စတင်မောင်းနှင်နိုင်ပြီး ECU ကလည်း သတင်းအချက်အလက်အသစ်များ ရယူပြီး ပုံမှန်အလုပ်လုပ်လာမည်ဖြစ်ပါသည်။