မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီး၍ ကားရေမြုပ်သွားလျှင် ဘာဆက်လုပ်မလဲ? မိုးရေထဲ ကားမောင်းနေရင်းနှင် မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ? လမ်းကျပ်နေ၍ ကားကို စက်နှိုးပြီးရပ်ထားချိန် လမ်းပေါ်ရေများတက်ပြီး ရုတ်တရက်ရေကြီးလာလျှင် ဘယ်လိုလုပ်မလဲ? ဆိုသော မေးခွန်များရဲ့ အဖြေကို အောက်ပါအချက်အလက်များကိုကြည့်ပြီး အဖြေရှာနိုင်ပါသည်။
၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုခြင်းကို စစ်ဆေးပါ။ အကယ်၍ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေလျှင် ဂီယာ နံပါတ် ၄ ဖြင့်သွားပါ။ အကယ်၍ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေပါကရေကျသွားသည်အထိခဏစောင့်ပြီးလျှင် လေစစ်ကို စစ်ဆေးပါ။ လေစစ်တွင် ရေစိုနေပါက နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပါ။
၂။ ကားအင်ဂျင်ပိုင်းလောက်ထိရေဝင်နေပါက ကားစက်နှိုးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။ မတော်တဆ ကားအင်ဂျင်ထဲ ရေဝင်နေလျှင် မိမိက ကားစက်နှိုးလိုက်သည့်အခါ ပြုပြင်၍ မရလောက်အောင်ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မည်။ အကောင်းဆုံးမှာ ကျွမ်းကျင်သော မက္ကင်းနစ်ကို ခေါ်ပြီး စစ်ဆေးခိုင်းသင့်ပါသည်။
၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ ။ အင်ဂျင်ဝိုင်တိုင်းသည့် တုတ်တံတွင် ရေစက်များတွေ့နေခြင်း (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာခြင်းသည် အင်ဂျင်ဝိုင်ခွက်ထဲသို့ ရေဝင်နေသော လက္ခဏာဖြစ်ပါသည်။
ထို့အချိန်တွင် လုံးဝလုံး၀ စက်မနှိုးဘဲ နီးစပ်ရာ ကားဝပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်များအကုန်ဖောက်ထုတ်ပြီးလျှင် အင်ဂျင်ဝိုင်ခွက်၊ ပလပ် စသည်များကို သန့်ရှင်းပြီး အင်ဂျင်ထဲတွင် ရေမကျန်စေရန်ဂရုပြု၍ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ။ အင်ဂျင်ဝိုင်ကိုစစ်ဆေးသကဲ့သို့ ဂီယာဝိုင်တိုင်းသည့် တုတ်တံကို ရေရှိမရှိစစ်ဆေးသင့်ပြီး တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားသဖြင့် အကယ်၍များမိမိကားကထိုသို့ဂီယာဘောက်စ်ပါလျှင် လုံးဝလုံးဝ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကားဝပ်ရှော့ကို ကားဆွဲသွားလိုက်သင့်ပါသည်။
၅။ စတီယာရင်ကို စစ်ဆေးပါ။ EPS (electronic power steering) ပါသော ကားများတွင်ပြဿနာအဖြစ်အများဆုံးဖြစ်ပါသည်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားသည့်အတွက် စတီယာရင်အုံကို(အရပ်ခေါ် စတီယာရင်ဂန်း) ရေဝပ်ရင်ပျက်ပါသည်။ ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးသော ပါဝါစတီယာရင်ဆိုလျှင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားလျှင် အထဲက ဗားများ ပျက်စီးတတ်သဖြင့်
မိမိကားစတီယာရင်လေးလာလျှင် မပေ့ါဆမနေဘဲ ကားဝပ်ရှော့သို့ သွားရောက်ကာ ပြုပြင်သင့်ပါသည်။
၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ။ ကားမောင်းသူတစ်ယောက်အနေဖြင့် လျှပ်စစ်ပစ္စည်းများအကြောင်းအသေးစိတ်မသိနိုင်သော်လည်း ကြိုးပြတ်ခြင်းများ၊ ကြိုးလွတ်နေခြင်းများ ရှိမရှိကို စစ်ဆေးနိုင်ရပါမည်။ ရှေ့မီးကြီး၊ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စသည့်အရာများ မကြာခဏစစ်ဆေးပါ။ ထို့နောက် တစ်ခုခု မသင်္ကာလျှင် ပြနေကျ ကားဝပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းသင့်ပါသည်။
ထို့နောက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အောက်ပါအချက်များကို ပြုလုပ်ပါ။ မိမိပြနေကျ ကားဝပ်ရှော့၏ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်းနှင့် ကားထဲတွင် မှတ်သားထားပြီး ယခုဖော်ပြထားသော Infographicအသေးစားကို ကားထဲတွင်ဖြစ်စေ၊ လက်ကိုင်ဖုန်းထဲတွင် ဖြစ်စေမှတ်သားထားသင့်ပါသည်။ ထို့အပြင် ကားဆွဲသောဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖုန်းနံပါတ်များကို မှတ်သားထားပြီး ဖြစ်နိုင်မည်ဆိုလျှင် မိမိသွားမည့် နေရာ၏ အခြေအနေကို ကြိုတင်စုံစမ်းသင့်ပါသည်။ ယခုဆိုလျှင် ရေဒီယိုမှ တခါတလေ ယာဉ်ကြောအခြေအနေများဖော်ပြပေးတတ်ပါသည်။
ကားဘေးတံခါးအောက်ခြေခန့်အထိ ရေမြုပ်သွားလျှင်တောင် အန္တရယ်များသဖြင့် ကားရေမြုပ်သွားလျှင် ဖြစ်ပေါ်လာနိုင်သော ပြဿနာမှာ အလွန်ပင်များပြားလှပါသည်။ ထို့အပြင် ပြန်လည်ပြုပြင်ရမည့်စရိတ်၊ ဝပ်ရှော့ ထိုးထားရသည့်အချိန် စသည်ဆုံးရှုံးမှုများ အလွန်ပင် များပြားလှသဖြင့် ကားအသုံးပြုသူများအနေဖြင့် မလိုအပ်ဘဲ ကားကို ရေထဲဖြစ်မောင်းခြင်း၊ ရေကြီးလေ့ကြီးထရှိသော လမ်းပေါ်တွင် မိုးရွာနေစဉ် ကားရပ်မထားခဲ့သင့်ပေ။