Hyundai က အမေရိကန်အီဗီးစက်ရုံ အစီအစဉ်ကို အရှိန်တင်


Hyundai က အမေရိကန်အီဗီးစက်ရုံ အစီအစဉ်ကို အရှိန်တင်

၂၀၂၂ အစောပိုင်းမှာ Hyundai က အီးဗီအတွက် အစီအစဉ်များ၊ ရည်မှန်းချက်များ ချမှတ်ခဲ့ပါတယ်။  ကမ္ဘာ့အီးဗီဈေးကွက်ရဲ့ ဈေးကွက်ဝေစု ၇% ကို ၂၀၃၀ မှာ ရရှိဖို့ ရည်မှန်းထားပါတယ်။ ရည်မှန်းချက်ပြည့်ဝဖို့ အီးဗီစီးရေ ၁.၈၇ သန်း ရောင်းချရမှာ ဖြစ်ပါတယ်။ Hyundai အီးဗီမော်ဒယ် အသစ် ၁၁ မျိုးနှင့် စည်းစိမ် brand ဖြစ်တဲ့ Genesis မော်ဒယ် ၆ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

 

၂၀၂၂ မှာ Hyundai က ခရီးတာ ၃၇၉ မိုင် သွားနိုင်တဲ့ IONIQ 6 ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၂၄ မှာ IONIQ 7 ကို ထုတ်လုပ်ပါမယ်။ အီးဗီ ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် အမေရိကန်ဈေးကွက်မှာ ဈေးကွက်ဝေစု ပိုမိုရရှိရန် အမေရိကန်မှာ Hyundai ရဲ့ ပထမဆုံးအီးဗီစက်ရုံ ထူထောင်ပါမယ်။ ၎င်းစက်ရုံသစ်ကို အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး  ၂၀၂၃ မှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ၂၀၂၅ မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စက်ရုံစွမ်းအားပြည့် လည်ပတ်တဲ့အခါ တစ်နှစ်လျှင် အီးဗီစီးရေ ၃ သိန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

မကြာသေးခင်က တောင်ကိုရီးယား ထိပ်တန်း သတင်းဌာန Yonhap News က Hyundai က မူလအချိန်ဇယားကို ပိုစောလိုက်ကြောင်း သတင်းဖော်ပြပါတယ်။ အမေရိကန်ရှိ အီးဗီစက်ရုံကို ၂၀၂၃ အစား ယခုနှစ် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ဆောက်လုပ်ရေးစတင်မယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်မှုကို ၂၀၂၅ အစား ၂၀၂၄ မှာ စတင်ပါမယ်။  ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်သမ္မတ ဘိုင်ဒင်က ငွေဖောင်းပွမှု လျှော့ချရေး ဥပဒေ  Inflation Reduction Act ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

၎င်းဥပဒေရဲ့ အပိုင်းကဏ္ဍတစ်ခုမှာ ပြည်တွင်း အီးဗီထုတ်လုပ်ရေး မြှင့်တင်ဖို့ အာရုံစိုက်ထားပါတယ်။ အမေရိကန်မှ ကားထုတ်လုပ်ရေး လုပ်ငန်းများအဖို့ အားတက်စရာ သတင်းကောင်း ဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ ထုတ်လုပ်ပြီး အမေရိကန်ဈေးကွက်သို့ တင်သွင်းရောင်းချတဲ့ ကား‌ေတွ အကျုံးမဝင်ပါဘူး။ အမေရိကန်မှာ ထုတ်လုပ်တဲ့အီးဗီမှာ သုံးထားသမျှပစ္စည်းအားလုံး အမေရိကန်မှာ ထုတ်လုပ်ထားတာ ဖြစ်ဖို့လည်း လိုပါတယ်။ 

 

Hyundai ရဲ့ စက်ရုံသစ်မှာ ထုတ်လုပ်တဲ့ အီးဗီတွေမှာ သုံးစွဲထားတဲ့ ပစ္စည်းမှန်သမျှ အမေရိကန်မှာ ထုတ်လုပ်တာတွေချည်း ဖြစ်နေအောင် လုပ်နိုင်ရင် Hyundai ရဲ့ အီးဗီ ဝယ်စီးသူတွေ အဆိုပါဥပဒေရဲ့ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ အကြီးမားဆုံး အကျိုးခံစားခွင့်က EV tax credit ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ရာနှုန်းပြည့် အမေရိကန်ပြည်တွင်းဖြစ် အီးဗီဝယ်တဲ့သူကို ပေးမယ့် ဝင်ငွေခွန်ခရစ်ဒစ် tax credit ဖြစ်ပါတယ်။ 

 

တစ်နှစ်တာ ဝင်ငွေခွန် ပေးဆောင်တဲ့အခါ အဆိုပါအီးဗီ အသစ်ကျပ်ချွတ်ကို ဝယ်တဲ့သူဆိုရင် ပေးဆောင်ရမယ့် ဝင်ငွေခွန်ထဲမှ $7,500 နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အီးဗီ တစ်ပတ်ရစ်ကို ဝယ်တဲ့သူဆိုရင် $4,500 နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။ 

 

Source: electrek

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 507 times