Hyundai  အီးဗီများ စင်ကာပူတွင် တပ်ဆင်ထုတ်လုပ်တော့မည်


Hyundai  အီးဗီများ စင်ကာပူတွင် တပ်ဆင်ထုတ်လုပ်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Hyundai သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စင်ကာပူတွင် ပထမဆုံး တပ်ဆင်ထုတ်လုပ်သည့် ကားများကို ဖြန့်ချိတော့မည်ဖြစ်သည်။
 

Covid-19 ကူးစက်ရောဂါကြောင့် ကြန့်ကြာခဲ့ပြီးနောက် စင်ကာပူတွင် တောင်ကိုရီးယား မော်တော်ယာဉ်ထုတ်လုပ်သူ Hyundai Motor ၏ တပ်ဆင်စက်ရုံမှ အီးဗီ Ioniq 5 ကို ယခုနှစ် ပထမနှစ်ဝက်တွင် စတင်ထုတ်လုပ်ဖြန့်ချိမည်ဖြစ်သည်။

စင်ကာပူတွင် ပထမဆုံး တပ်ဆင်ထုတ်လုပ်သည့် အထိမ်းအမှတ်အဖြစ် ကုမ္ပဏီသည် စင်ကာပူတွင် တပ်ဆင်ထားသည့် ၎င်း၏ ပထမဆုံး ကားအစီး ၁၀၀ ၏ နံပါတ်ပြားများအတွက် ပရဟိတ လေလံပွဲကို ကျင်းပမည်ဖြစ်သည်။
၎င်းကား အစီး ၁၀၀ သည် EVS ထိပ်စီးအက္ခရာပါသည့် အထူးနံပါတ်ပြားများ ရရှိကြမည်။ 
EVS သည် EV made in Singapore ဟု ဆိုလိုသည်။
စင်ကာပူတွင် အထူးနံပါတ်ပြား special number plate ပေးရိုးထုံးစံ မရှိသဖြင့် ၎င်းနံပါတ်ပြားများသည် "ရှားပါးပစ္စည်း" ဖြစ်သည်။
ကုမ္ပဏီသည် ပရဟိတအတွက် စင်ဒေါ်လာ ၄၀၀,၀၀၀ ရရှိရန် မျှော်လင့်ထားသည်။

လေလံလင့်
https://str.sg/wFNx

စင်ကာပူနိုင်ငံ ဂျူရောင်းတွင် တည်ရှိသည့် တည်ဆောက်ဆဲ Hyundai Motor Group Innovation Centre သည် နှစ်ပေါင်း ၄၀ ကျော်အတွင်း စင်ကာပူတွင် ပထမဆုံး ကားတပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖြစ်လာမည်။ 
၂၀၂၂ နိုဝင်ဘာလတွင် ပြီးစီးရန် လျာထားသော်လည်း ကိုဗစ်ကြောင့် နှောင့်နှေးခဲ့သည်။

အစပိုင်းတွင် ဆေးမှုတ်ပြီးသား ကိုယ်ထည်ကို အင်ဒိုနီးရှားနိုင်ငံရှိ Hyundai ကားစက်ရုံသစ်မှာ ထုတ်လုပ်ပြီး စင်ကာပူသို့ ပေးပို့မည်။ အခြား အစိတ်အပိုင်းများကို တောင်ကိုရီးယားမှ ပေးပို့မည်။
ထုတ်လုပ်သည့်နှုန်း မြင့်မားလာသည့်အခါ အစိတ်အပိုင်းအချို့ကို စင်ကာပူရှိ ကားအစိတ်အပိုင်း ထုတ်လုပ်သူများထံမှ ရယူမည်။
၂၀၂၅ ခုနှစ်အထိ စီးရေ ၃ သောင်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 

Ioniq 5 မော်ဒယ်အပြင် Ioniq 6 နှင့် Kona Electric မော်ဒယ်အသစ်များကိုလည်း ဂျူရောင်းစက်ရုံတွင် ထုတ်လုပ်မည်။
စက်ရုံအပြည့်အဝ လည်ပတ်သည့်အခါ အလိုအလျောက်စနစ်များဖြင့် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ရာ စက်ရုံတွင် လူအင်အား ၃၀ ထက် ပိုမည်မဟုတ်ချေ။

တံခါးဘောင်တွင် “Made in Singapore” စတစ်ကာ ကပ်ပေးထားသည့် ကွာခြားချက်မှအပ စင်ကာပူတွင် ထုတ်လုပ်သည့် Ioniq 5 သည် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့တွင် ထုတ်လုပ်သည့် Ioniq 5 ကားများနှင့် ထပ်တူထပ်မျှ တူညီမည် ဖြစ်သည်။

ပထမဆုံး ကားအစီးရေ ၁၀၀ သည် စွမ်းအားမြင့် မော်တာနှစ်လုံးတပ် ခရီးတာ မြင့်မားသည့် မော်ဒယ်များဖြစ်ပြီး ဈေးနှုန်းမှာ စင်ဒေါ်လာ ၁၄၇,၈၀၀ ဖြစ်သည်။
မော်တာတစ်လုံးတည်း ပါသည့်  ပုံမှန်မော်ဒယ် ဈေးနှုန်းသည် စင်ဒေါ်လာ ၁၀၀,၀၀၀  ဝန်းကျင် ဖြစ်သည်။

ဘက်ထရီ အာမခံချက်မှာ ၁၀ နှစ်၊ ခရီးတာ ၁၆၀,၀၀၀ ကီလိုမီတာဖြစ်ပြီး ၇၀% အထိ တာဝန်ယူသည်။ ဆိုလိုသည်မှာ အာမခံသက်တမ်းအတွင်း ဘက်ထရီ သိုလှောင်စွမ်းရည်သည် ၇၀% အောက်သို့ ရောက်နေပါက Hyundai ပစ္စည်းဖိုးနှင့် လက်ခ အခမဲ့ အသစ်လဲလှယ်ပေးမည်။
Hyundai ၏ ဘက်ထရီ အာမခံချက်မှာ Toyota ကို မမီပါ။
Toyota အီးဗီအတွက် ဘက်ထရီ အာမခံချက်မှာ ၁၀ နှစ်၊ ခရီးတာ ၂၄၀,၀၀၀ ကီလိုမီတာ၊ ၉၀% ဖြစ်ပါသည်။
Source straittimes 
 

Read 1135 times