Hyundai ၏ လပေါ်သွားလာနိုင်သည့် Rover တည်ဆောက်မှုစတင်


Hyundai Motor Group သည် တိုးတက်ကျယ်ပြန့်လာသည့် အာကာသပိုင်းဆိုင်ရာ လုပ်ငန်းများတွင် နေရာတစ်ခုရရှိနိုင်ရန် တောင်ကိုရီးယား Aerospace ပါတနာများနှင့် ပူးပေါင်းကာ လပေါ်တွင် မောင်းနှင်နိုင်မည့် Rover ပုံစံကို စတင် အကောင်အထည်ဖော် တည်ဆောက်နေကြောင်းကို  ဧပြီလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

 

အဆိုပါ ပူးပေါင်းလုပ်ဆောင်နေသည့် အဖွဲ့အစည်းတွင် Hyundai Motor နှင့် Kia တို့ပါ ပါဝင်ပြီး အခြားသော မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ စတီးထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီများလည်း ပါဝင်ကြောင်း သိရသည်။ 

 

၎င်းတို့သည် ၂၀၂၇ ခုနှစ်တွင် လပေါ်၌ မောင်းနှင် အသုံးပြုနိုင်မည့် Rover တစ်စီး ထုတ်လုပ်နိုင်ရန် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အဆိုပါ Rover ၏ အစပိုင်းထုတ်လုပ်မှု ပုံစံငယ် ရရှိနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ 

 

ဤ Rover ထုတ်လုပ်ရေးကြောင့် မြေ၊ ရေ နှင့် လေ ခရီးသွားလာရေးသာမက အာကာသ ခရီးသွားလာရေး အထိတိုးချဲ့လာနိုင်တော့မည်ဟု Hyundai Motor နှင့် Kia ၏ R&D Planning & Coordination Center ၏ အကြီးအကဲဖြစ်သူ Kim Yong Wha က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

Hyundai Tiger X-1

 

ထိုကဲ့သို့ လကမ္ဘာသို့ စူးစမ်းရှာဖွေရေးအတွက် မောင်းနှင်နိုင်မည့်ယာဉ် တည်ဆောက်ခြင်းသည် ၎င်းတို့၏ စိန်ခေါ်မှုများရင်ဆိုင်ရချိန်တွင် ကောင်းမွန်သည့် ရလဒ်များရရှိရန် ကြိုးပမ်းမှုနှင့် စိတ်အားထက်သန်မှုတို့ကို ဖော်ပြနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

 

Hyundai Motor သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အာကာသယာဉ်ကဏ္ဍ၌ စိတ်ဝင်စားမှုရှိသော တောင်ကိုရီးယား အဖွဲ့အစည်း (၆) ခုနှင့် ပူးတွဲသုတေသနပြုလုပ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းအဖွဲ့အစည်းများတွင် Korea Astronomy and Space Science Institute၊ Korea Atomic Energy Research Institute နှင့် Korea Automotive Technology Institute တို့ ပါဝင်ကြောင်း သိရသည်။ 

 

အဆိုပါ ယာဉ်သည် လ၏ မျက်နှာပြင်ပေါ်တွင် စူးစမ်းလေ့လာရန် အလိုအလျောက် မောင်းနှင်နိုင်မည့်အပြင် ဂီယာပစ္စည်းများအား ၇၀ ကီလို အထိတင်ဆောင်နိုင်မည် ဖြစ်သည်ဟု ပြောသည်။ ၎င်းယာဉ်တွင် Hyundai နှင့် Kia တို့၏ အဆင့်မြင့် စက်ရုံနည်းပညာနှင့် အလိုအလျောက် မောင်းနှင်နိုင်သည့် နည်းပညာတို့အား ထည့်သွင်းအသုံးပြု သွားမည်ဖြစ်ပြီး Hyundai Rotem ၏ စက်ရုပ်ထုတ်လုပ်ရေး နည်းပညာကိုပါ အသုံးပြုသွားမည်ဟု Hyundai Motor Group က ပြောကြားခဲ့သည်။ 

 

Advertisement

Click Here >>> World Trading

 

လမျက်နှာပြင်တွင် အရင်းအမြစ်များ ရှာဖွေနိုင်ရန် တူးဖော်ခြင်း၊ ရှာဖွေခြင်းနှင့် လူသားများဖြင့် စူးစမ်းစစ်ဆေးခြင်းများ အတွက် အဆင့်မြင့်နည်းပညာမျိုးစုံကို သယ်ဆောင်ထားသည့် Rover တစ်စီး ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ 

 

၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်မှာ အလုပ်မျိုးစုံလုပ်နိုင်စွမ်းရှိသည့် ယာဉ်ပုံစံတစ်ခုကို ထုတ်လုပ်နိုင်ရန် အတွက်ဖြစ်သည်။ 

 

အဆိုပါ သတင်းထုတ်ပြန်ချက်သည် တောင်ကိုရီးယားမှ ၎င်း၏ ပထမဆုံး အကြိမ်အဖြစ် လပတ်လမ်းသို့ SpaceX Falcon 9 ဒုံးပျံဖြင့် Danuri ဂြိုလ်တုအား အောင်အောင်မြင်မြင်နှင့် လွှင့်တင်နိုင်ခဲ့ပြီး ၈ လ အကြာတွင် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ အာကာသအစီအစဉ်အား ၂၀၃၁ ခုနှစ်တွင် ပြည်တွင်းမှ ထုတ်လွှတ်လိုက်သည့် ဒုံးပျံမှ လပေါ်သို့ ဆင်းသက်နိုင်သည့် အထိ ရည်ရွယ်ထားကြောင်း သိရသည်။ 

 

Danuri ဂြိုလ်တု

 

တောင်ကိုရီးယားသည် ၎င်း၏ ပြိုင်ဘက်များ ဆုတ်ယုတ်မှုများ ကြုံတွေ့နေရချိန်တွင် အာကာသ အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ 

 

ဂျပန်နိုင်ငံသည်လည်း ယခင်က မေလတွင် လွှင့်တင်ရန် စီစဉ်ထားသည့် H-IIA အကြီးစား ဒုံးပျံအား မတ်လတွင် လွှင့်တင်ခဲ့ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့သည့် H3 ဒုံးပျံနှင့် အစိတ်အပိုင်းများစွာ တူညီနေသည့်အတွက် လွှင့်တင်မှုကို ဩဂုတ်လအထိ ရွှေ့ဆိုင်းထားခဲ့သည်။ 

 

အဆိုပါ ဒုံးပျံတွင် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ၏ ပထမဆုံး လဆင်းယာဉ်ဖြစ်သည့် SLIM နှင့် အာကာသကြည့်မှန်ပြောင်းပါရှိသော ဂြိုလ်တုတို့ ပါဝင်ခဲ့သည်။

 

ဥရောပ၏ ဒုံးပျံလွှင့်တင်မှု အစီအစဉ်များသည်လည်း ကျရှုံးလျက်ရှိပြီး အီတလီနိုင်ငံမှ Avio မှ ထုတ်လုပ်သည့် အလယ်အလတ်တန်းစား Vega-C ဒုံးပျံအား ဒီဇင်ဘာလတွင် ၎င်း၏ ဒုတိယမြောက် လွှင့်တင်မှု ပြုလုပ်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း စနစ်ချွတ်ယွင်းသွားခဲ့သည်။


Source - Nikkei Asia

Read 241 times