Hyundai Motor ဘက်ထရီပြန်လည်အသုံးပြုခြင်း လုပ်ငန်းကဏ္ဍထဲ ထဲထဲဝင်ဝင် ဝင်ရောက်


Hyundai Motor ဘက်ထရီပြန်လည်အသုံးပြုခြင်း လုပ်ငန်းကဏ္ဍထဲ ထဲထဲဝင်ဝင် ဝင်ရောက်


Hyundai Motor Group သည် ပြည်တွင်းပြည်ပ စွန့်ပစ်ဘက်ထရီလုပ်ငန်းကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် အင်တိုက်အားတိုက် စတင်လုပ်ဆောင်နေပြီဟု  koreatimes သို့ ကုမ္ပဏီတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ Kia သည် ဂျာမန်အစိုးရပိုင် မီးရထားကုမ္ပဏီနှင့် စွန့်ပစ်ဘက်ထရီများ ပေးသွင်းရန် မကြာသေးမီက စာချုပ်ချုပ်ခဲ့သည်။

 

Hyundai Motor သည် Hyundai Mobis နှင့် Hyundai Glovis တို့ ပူးပေါင်း၍  စွန့်ပစ်ဘက်ထရီလုပ်ငန်းအတွက် အလုပ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ Kia Europe Corp. သည် ဥရောပတွင် ရောင်းချသည့် ၎င်း၏လျှပ်စစ်ကားများထံမှ စုဆောင်းထားသော စွန့်ပစ်ဘက်ထရီများကို Encore ထံသို့ ပေးသွင်းရန် စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

 

Encore သည် ဂျာမန်အစိုးရပိုင် မီးရထားကုမ္ပဏီ Deutsche Bahn (DB) ၏ စွမ်းအင်သိုလှောင်မှုစနစ် energy storage system (ESS) လုပ်ငန်းသစ်တစ်ခု ဖြစ်သည်။ Deutsche Bahn(DB) သည် ဂျာမနီတွင် အကြီးဆုံး ရထားကုမ္ပဏီဖြစ်သလို ဥရောပတစ်လွှားတွင်လည်း အကြီးဆုံး ရထားကုမ္ပဏီ ဖြစ်သည်။

Encore သည် DB ၏ အခြေခံအဆောက်အအုံကို အသုံးပြု၍ ဥရောပတွင်  ပြန်လည်အသုံးပြုရန်နှင့် ကုန်ကြမ်းအဖြစ် ပြန်လည်သုံးစွဲရန်အတွက် စွန့်ပစ်ဘက်ထရီများကို လိုက်လံစုဆောင်းနေပြီဖြစ်သည်။ Kia နှင့် Encore တို့သည် လွန်ခဲ့သည့်လတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် စွန့်ပစ်ဘက်ထရီများကို အသုံးပြု၍ ESS ရှေ့ပြေးပုံစံကို စတင်အသုံးပြုနေပြီဖြစ်သည်။

 

ပြည်တွင်း Kia အရောင်းကိုယ်စားလှယ်များမှတစ်ဆင့်  ပြန်လည်ရရှိသော Soul EV ဘက်ထရီများဖြင့် ပြုလုပ်ထားသော ဤရှေ့ပြေးပုံစံသည် စုစုပေါင်း 72 kWh စွမ်းရည်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးစွဲပြီး ပင်ကို အားဖြည့်သည့်စနစ်ဖြင့် လုပ်ဆောင်ပါသည်။ Hyundai Motor Group သည် ကိုရီးယားတွင် အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းဖြင့် စွန့်ပစ်ဘက်ထရီလုပ်ငန်းအတွက် အသေးစိတ် အစီအစဉ်ကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။


သိုလှောင်ပို့ဆောင်ရေး လုပ်ငန်းခွဲ Hyundai Glovis က စွန့်ပစ်ဘက်ထရီ ရောင်းဝယ်ရေး လုပ်ငန်းများ၊ အမှိုက်ပုံများထံမှ ရယူပြီး Hyundai Mobis သို့ ပေးသွင်းမည်။ ရရှိလာသော ဘက်ထရီများကို စစ်ဆေးပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရှိနေပါက ၎င်းတို့ကို ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်ပြီးနောက် အီးဗီ များအတွက် ပြန်လည်အသုံးပြုမည်ဖြစ်သည်။

 

ကျန်ရှိသောစွမ်းဆောင်ရည်သည် ၆၀ ရာခိုင်နှုန်းမှ  ၇၀ ရာခိုင်နှုန်းအဆင့်တွင် ရှိနေပါက ၎င်းတို့အား ESS ကဲ့သို့သော ဓာတ်အားသိုလှောင်ကိရိယာများတွင် ပြန်လည်အသုံးပြုမည်။ ကျန်ရှိသောစွမ်းဆောင်ရည်သည်  ၆၀ ရာခိုင်နှုန်းအောက်တွင် ရှိနေပါက ဘက်ထရီအသစ် ထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုရန်အတွက် နီကယ်နှင့် ကိုဘော့ကဲ့သို့သော ကုန်ကြမ်းများကို ပြန်လည်ထုတ်ယူပေးမည် ဖြစ်သည်။


Source koreatimes

#MyanmarAutomobileGuide 

Telegram Channel  https://t.me/Guid4U

Read 1484 times