Hyundai နှင့် Kia မော်ဒယ်အချို့ အမေရိကန်တွင် ကားသူခိုးပြဿနာ ရင်ဆိုင်ဖြေရှင်း


Hyundai နှင့် Kia မော်ဒယ်အချို့ အမေရိကန်တွင် ကားသူခိုးပြဿနာ ရင်ဆိုင်ဖြေရှင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တောင်ကိုရီးယား အခြေစိုက် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Hyundai နှင့် Kia တို့၏ မော်ဒယ်အချို့  အမေရိကန်တွင်  အာမခံ ငြင်းပယ်ခံရပါသည်။

အမေရိကန်မှ အကြီးမားဆုံး မော်တော်ယာဥ် အာမခံလုပ်ငန်းနှစ်ခုဖြစ်ကြသော Progressive နှင့် State Farm တို့သည် Hyundai နှင့် Kia တို့၏ မော်ဒယ်အချို့တို့အတွက် မြို့ကြီးအချို့တို့မှာ အာမခံပေးဖို့ ငြင်းပယ်ပါသည်။ ငြင်းပယ်ရသည့် အကြောင်းမှာ ကားကို ခိုးယူရန် အလွန်လွယ်ကူသောကြောင့်ဟု ဆိုပါသည်။

Highway Loss Data Institute (HLDI) မှ ၂၀၂၂ စက်တင်ဘာလအတွက် အချက်အလက်များ ထုတ်ပြန်ခဲ့ပါသည်။

Hyundai နှင့် Kia မော်ဒယ်အချို့သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အခြားကားများထက် အခိုးခံရနိုင်ခြေ နှစ်ဆပိုများသည်။ အကြောင်းမှာ အခြားကားများတွင် အခြေခံအားဖြင့် ထည့်ပေးထားသည့် မော်တော်ယာဉ် သူခိုးဆန့်ကျင်ရေး နည်းပညာ automotive anti-theft technology ကို ၎င်း Hyundai နှင့် Kia မော်ဒယ်အချို့တို့တွင် မပါသောကြောင့် ဖြစ်သည်ဟု HLDI မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


 အီလက်ထရွန်းနစ် ကားမရွေ့ ကိရိယာများ electronic anti-move devices (Electronic Immobilizers)သည် အသစ်အဆန်း ဖြစ်သော်လည်း အလွန်ထိရောက်သော ကားသူခိုး ဆန့်ကျင်ရေး ကိရိယာများ ဖြစ်သည်။
 ၎င်းကိရိယာတပ်ဆင်ထားပါက ကားကို သော့မပါဘဲ စက်နှိုးဖို့ မဖြစ်နိုင်ခြေ။ ကားကို ခိုးဖို့ ကြိုးစားသည့်အခါ ကားက မရွေ့ချေ။
 Hyundai နှင့် Kia မော်ဒယ်အချို့တို့တွင်  အီလက်ထရွန်းနစ် ကားမရွေ့ ကိရိယာများ မပါကြချေ။
 
 HLDI ၏အဆိုအရ ကားမ‌ရွေ့စနစ်  immobilizer system သည် ထုတ်လုပ်မှုနှစ် ၂၀၁၅-၂၀၁၉ မှာ ရောင်းချသည့် မော်တော်ယာဉ်များ၏ ၉၆% တွင် ပါနေကျ ကိရိယာများဖြစ်သည်၊
Hyundai နှင့်  Kia တို့၏ ကားများတွင် ၂၆% မျှသာ ကားမရွေ့စနစ်ပါသည်။

ယာဉ်တန်ဖိုးအရ တွက်ချက်ကြည့်သည့်အခါ Wisconsin ပြည်နယ်တွင် ယခုအခါ Hyundai နှင့်  Kia တို့၏ ကားများ ခိုးခံနေရသည်မှာ ၂၀၁၉ ထက် အဆ ၃၀ ကျော် ဖြစ်နေသည်ဟု HLDI က ပြောကြားသည်။

မော်တော်ယာဉ် အာမခံလုပ်ငန်း State Farm က Hyundai နှင့်  Kia တို့၏ ကားများတွင် အချို့သော မော်ဒယ်နှင့် မော်ဒယ်ခုနှစ်တို့ကို အချို့သော ပြည်နယ်များတွင် အာမခံဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
"အဘယ်ကြောင့်ဆိုသော် အဆိုပါယာဉ်များကို ခိုးယူမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ သိသိသာသာ တိုးလာခဲ့သည်" ဟု State Farm ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Hyundai နှင့် Kia တို့သည် အမေရိကန်တွင် သီးခြားကုမ္ပဏီများအဖြစ် လုပ်ကိုင်ကြသည်။ Hyundai Motor Group သည် Kia တွင် အစုရှယ်ယာကြီးကြီးမားမားပိုင်ဆိုင်ထားပြီး Hyundai နှင့် Kia မော်ဒယ်အများစုသည် ၎င်းတို့၏ အင်ဂျင်နီယာပိုင်းဆိုင်ရာများကို မျှဝေသုံးစွဲထားကြသည်။

Kia ၏ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းဘဲလ်က အာမခံကုမ္ပဏီများ ငြင်းပယ်သည့် ကားများမှာ  စက်နှိုးရန် သော့အိမ်အပေါက်ထဲ စတီးလ်သော့ ထိုးထည့်ပြီး လှည့်ပေးရသော  ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့်  Kia ကား အချို့အပေါ် သက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

 Kia ၏ ထုတ်ပြန်ကြေညာချက်တွင် ကားမရွေ့ သူခိုးဆန့်ကျင်ရေးစနစ်သည် ယခုအခါ Kia ၏ ကားများအားလုံးတွင် ပုံမှန်အားဖြင့် ပါနေပြီ ဖြစ်သည်ဟု ဖော်ပြထားသည်။
 ထို့ပြင် မပါခဲ့သည့် ယခင်မော်ဒယ်ခုနှစ်များအတွက် ဆော့ဖ်ဝဲကို ထုတ်လုပ်ထားပြီဖြစ်ပြီး ၎င်းဆော့ဖ်ဝဲကို လုံခြုံရေးပိုင်းဆိုင်ရာ စမ်းသပ်မှုများလည်း ဆောင်ရွက်ထားပြီးပြီ ဖြစ်သည်။ ကားပိုင်ရှင်များထံ အကြောင်းကြား အသိပေးလျက်ရှိသည်။ ၂၀၂၃ နှစ်လယ်ပိုင်းတွင်  ဆော့ဖ်ဝဲကို အခမဲ့ တင်ပေးခြင်း စတင်နိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

Hyundai ကလည်း ဆော့ဖ်ဝဲ update လုပ်ရန် အစီအစဉ်ရှိသည်။
 
လောလောဆယ်တွင် ဒေသခံ ယာဉ်ပိုင်ရှင်များကို အခမဲ့ ပေးအပ်ရန်  စတီယာရင်လက်ကိုင် သော့ခတ်ရန် ကိရိယာများကို ရဲဌာန တော်တော်များများထံသို့ ‌ပို့ပေးနေကြောင်း ပြောကြားသည်။ 

 

 


ထို့ပြင် Hyundai က security kit ကို ကားအရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ရောင်းချပေးသည်။ ကားအရောင်းကိုယ်စားလှယ်က တပ်ဆင်ပေးမည် ဖြစ်သည်။ ပစ္စည်းဖိုးမှာ ကန်ဒေါ်လာ ၁၇၀ ဖြစ်ပြီး တပ်ဆင်ခ ထပ်ပေးရမည် ဖြစ်သည်။

 

 

Wisconsin ပြည်နယ်တွင် ၂၀၂၁ ခုနှစ်တွင် Milwaukee ဧရိယာတစ်လျှောက် ကားအစီးရေ ၁၁,၅၀၀ ကျော် ခိုးယူခံခဲ့ရသည်။ ကားခိုးမှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ကားခိုးမှုများ အသောင်းကျန်းဆုံး ဖြစ်ခဲ့ပြီး “Kia Boys” ဟု အမည်ပေး ထားသော ကားသူခိုးဂိုဏ်း လက်ချက်ဖြစ်သည်။

Milwaukee မှ တာဝန်ရှိသူများက ကားခိုးယူမှု မြင့်တက်လာရခြင်းမှာ ကျောင်းပညာရေး မပြီးခင် ကျောင်းထွက်ခဲ့သည့် လူငယ်များ ပိုများလာခြင်းနှင့် ခိုးယူရလွယ်ကူသည့် Kia နှင့် Hyundai မှ ထုတ်လုပ်သော မော်ဒယ်လ်ကားအသစ်အချို့တွင် ချို့ယွင်းချက်ကြောင့်ဖြစ်သည်ဟု ပြောကြားသည်။

တာဝန်ရှိသူများက အောက်ဖော်ပြပါအချက်များကို သူခိုးဘေးမှ ကင်း‌ဝေးစေရေးအတွက်  လိုက်နာရန် အကြံပြုထားသည်။

  • စတီယာရင် လက်ကိုင်ဘီးသော့ခတ်ကိရိယာကို အသုံးပြုပါ။
  • အလင်းရောင်ကောင်းစွာရနိုင်သောနေရာများတွင် ရပ်ထားနိုင်ရန် ကြိုးစားပါ။
  •  ကားတံခါးများကို အချိန်တိုင်း သော့ခတ်ထားပါ။
  • ကိုယ်ပိုင်ပစ္စည်းများ သို့မဟုတ် အဖိုးတန်ပစ္စည်းများကို ကားထဲတွင် မထားးပါနှင့်။
  • အချက်ပေးသံ ပြုသည့်စနစ်များ သို့မဟုတ် ခိုးမှုဆန့်ကျင်ရေးကိရိယာများကို တပ်ဆင်ထားပါ။

Source CNN, FT, usatoday

 

 

MAG
 

Read 3418 times