Hyundai က ဆော်ဒီအာရေးဗျတွင် ဒေါ်လာသန်း (၅၀၀) တန် ကားစက်ရုံ တည်ထောင်မည်


တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor သည် အရှေ့အလယ်ပိုင်းဒေသရှိ ကားထုတ်လုပ်မှုကဏ္ဍတွင် ခြေကုပ် ရယူထားနိုင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း (၅၀၀) တန်ဖိုးရှိ အလိုအလျောက် ကားထုတ်လုပ်သည့် စက်ရုံကို တည်ဆောက်သွားမည် ဖြစ်သည်ဟု အောက်တိုဘာလ (၂၃) ရက်နေ့ တွင် Hyundai Motor က ထုတ်ပြန်ခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် Hyundai Motor သည် ဆော်ဒီအာရေးဗျနိုင်ငံတွင် Complete-Knock-Down (CKD) စက်ရုံ ( မော်တော်ယာဉ် အစိတ်အပိုင်းငယ်များကို ပြည်ပမှ တင်သွင်းပြီး ဆော်ဒီအာရေးဗျနိုင်ငံရှိ ကားစက်ရုံတွင် အစအဆုံး တပ်ဆင်ထုတ်လုပ်သည့် စက်ရုံ ) ကို King Abdullah Economic City တွင် တည်ဆောက်ရန်   ဆော်ဒီအာရေးဗျနိုင်ငံ အချုပ်အခြာအာဏာပိုင် ဓနသဟာယရန်ပုံငွေ (Saudi Arabian Sovereign Wealth Fund) အဖွဲ့အစည်းဖြစ်သည့်  ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (Public Investment Fund- PIF) နှင့် ဖက်စပ်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 

 

ယင်းသို့ လက်မှတ်ရေးထိုးခြင်းကို ဆော်ဒီအာရေးဗျ-ကိုရီးယား ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ (Saudi Arabia-Korea Investment Forum) ကျင်းပစဉ် ကာလအတွင်း သီးသန့်အစီအစဉ် ကျင်းပ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

Advertisement

Click Here : Ko Tin Aung

 

၂၀၂၄ ခုနှစ်တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ကားထုတ်လုပ်မှု စတင်နိုင်ရန် ရည်မှန်းထားကြောင်း၊ တစ်နှစ်လျှင် လျှပ်စစ်ကားနှင့် လောင်စာဆီသုံးကား အစီးရေစုစုပေါင်း ၅၀,၀၀၀ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း Hyundai Motor က ထုတ်ပြန်ထားသည်။

 

Hyundai Motor နှင့် PIF တို့၏ ဖက်စပ်စာချုပ်တွင် PIF က (၇၀) ရာခိုင်နှုန်း၊ Hyundai Motor က (၃၀) ရာခိုင်နှုန်းဖြင့် သဘောတူလက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။ 

 

ဆော်ဒီအာရေးဗျနိုင်ငံရှိ ကားစက်ရုံကို ၎င်းနိုင်ငံနှင့် ကိုက်ညီအောင် သီးသန့်ပြင်ဆင် ဆောက်လုပ်သွားမည့်အပြင် အမျိုးအစားမတူသော ကားများ ထပ်မံထုတ်လုပ်သွားနိုင်ရန် ရည်ရွယ် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရုံကို အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိက ဒေသများအတွက် ကားထုတ်လုပ်ပေးသည့် နေရာအဖြစ် ဖန်တီးသွားမည် ဖြစ်ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည့်အပြင် နည်းပညာများကိုလည်း လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။ 

 

ဆော်ဒီအာရေး‌ဗျနိုင်ငံသည်လည်း ရေနံထုတ်လုပ်မှုအပေါ်  မှီခိုမှုကို လျှော့ချကာ အနာဂတ်အတွက် အမျိုးမျိုးသော ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အင်ဂျင်များကို တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း Hyundai Motor CEO က ပြောကြားခဲ့သည်။ 

 

Source: The Korea Times

-

Read 719 times