ကားတစ်စီးတွင် အရေးအကြီးဆုံးအစိတ်အပိုင်းသော ဘရိတ်စနစ်ဖြစ်ပါသည်။
ရွေ့လျားသွားလာနေသော ကားတစ်စီးမှာ ဘေးကင်းလုံခြုံမှု (Safety) ရှိရန် ဘရိတ်စနစ်ဖြင့် ထိန်းကျောင်းပေးရပါသည်။
သွားနေသော အရှိန်ပြင်းကို လျှော့ချရန်၊ ရုတ်တရက်ကားတစ်စီးလုံး ရပ်တန့်သွားရန်နှင့် မညီညာသော မျက်နှာပြင်၊ ကုန်းလျှော၊ ကုန်းဆင်းတွင် ယာဉ်ရပ်နားထားရန်ယာဉ်မောင်းသူက ဘရိတ်စနစ်ကို အသုံးပြုရပါသည်။
ဘရိတ်စနစ်သည် မော်တော်ကားချက်စီ (Chassis) အပိုင်းတွင် အကျုံးဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဘရိတ်စနစ်တွင် ဆားဗစ်ဘရိတ်၊ ပါကင်ရပ်နားဘရိတ်၊ အကူဘရိတ်ဆိုပြီး ပါဝင်ပါသည်။
ဆားဗစ် ဘရိတ်ဆိုသည်မှာ ယာဉ်မောင်းသူက လိုအပ်သလို ညာဘက်ခြေထောက်ဖြင့် ထိန်းကျောင်းပေးရတဲ့စနစ်ဖြစ်ပါသည်။
ဆားဗစ်ဘရိတ်မှာ ဟိုက်ဒရောလစ်ဆီ တွန်းအားနှင့် အလုပ်လုပ်စေသော ဟိုက်ဒရောလစ်ဘရိတ်နှင့် လေဖိအား အလုပ်လုပ်စေသော Air Brake (ခေါ်) Pneumatic Brake ဆိုပြီး ရှိပါသည်။
နည်းပညာမြင့် နောက်ဆုံးပေါ် ကားများတွင် ဒရိုင်ဘာကတောင် လုပ်စရာမလိုသော Automatic Emergency Brake များကို တပ်ဆင်အသုံးပြုနေကြပါသည်။
လူစီးကားများတွင် အများဆုံး အသုံးပြုနေသောဘရိတ်စနစ်သည် ဘရိတ်ဆီသုံးသည့် ဟိုက်ဒရောလစ် ဘရိတ်စနစ် ဖြစ်ပါတယ်။
ယခုခေတ်ကားများတွင် ပိုကောင်းသော ABS (Anti-lock Brake System) ဘရိတ်စနစ်ကိုတောင် သုံးနေသည်ကို တွေ့ရပါသည်။
ဟိုက်ဒရောလစ်ဘရိတ်စနစ်တွင် အဓိကပါဝင်နေသော အစိတ်အပိုင်းမှာ Brake Master Cylinder၊ Brake Booster (ဆာဗိုယူနစ်)၊ Propotioning Valve (P - ဗားလို့လည်း ခေါ်ပါတယ်)၊ Drum Brake (အများစုနောက်ဘီးတွင်သုံး)၊ Disc Brake (ရှေ့ဘီးတွင်သုံး) များဖြစ်ပါသည်။
ဟိုက်ဒရောလစ်ဘရိတ်စနစ်၏ အခြေခံသဘောတရားနှင့် အလုပ်လုပ်ပုံမှာ ရိုးရှင်းပါသည်။
ယာဉ်မောင်းသူက လိုအပ်ချိန်တွင် ခြေဖျားနှင့် ဘရိတ်ခြေနင်းတံကို နင်းလိုက်သည်အချိန်မှာ ဆာဗိုယူနစ် (Brake Booster) က ခြေနင်းအားကို ပါစကယ်နိယာမသဘောအရ တိုးပွားစေပါသည်။
ဆာဗိုဘရိတ်များမပေါ်သေးသည့် ရှေ့ခေတ်ကားများတွင် ဒရိုင်ဘာခြေဖျားက စိုက်ထုတ်ပေးရသည့် ဘရိတ်နင်းအားပမာဏများများလိုအပ်ပါသည်။
ဆာဗိုယူနစ်ဆိုသည်မှာ ကမ္ဘာ့လေဖိအားကိုအသုံးချပြီး ခြေနင်းစိုက်အားကို တိုးပွားလာစေသော စနစ်ဖြစ်ပါသည်။
ဒရိုင်ဘာက ခြေဖျားလေးတင်ပေး ရုံပဲဖြင့် မာစတာဆလင်ဒါကို တွန်းပေးတဲ့အားတွေအများကြီး သက်ရောက်စေပါသည်။
ဆာဗိုအိုးဆိုသည်မှာ လေဟာနယ် (Vacuum) နဲ့ အလုပ်လုပ်ပေးသော စနစ်တစ်ခုဖြစ်ပါသည်။
ဓာတ်ဆီအင်ဂျင်သုံး ကားများတွင် လေဟာနယ်ဖြစ်ရန် လေစုပ်အားကို အင်ဂျင် intake မန်နီဖို့ကနေ ပိုက်နဲ့သွယ်ယူပါသည်။
ဒီဇယ်အင်ဂျင်သုံးကားများတွင် Vacuum Pump က လေစုပ်ပြီး လေဟာနယ်ဖြစ်စေပြီး Vacuum Pump ကို ဒိုင်နမိုနဲ့ တွဲထားလေ့ရှိပါသည်။
ဆာဗိုယူနစ်အိုးကို ဖွင့်ကြည့်လျှင် Diaphragm ခေါ် ရာဘာအပြားကြီး (ထမင်းစားပန်းကန် တစ်ချပ်မျှရှိသည်) တစ်ချပ်ပါဝင်နေပါလိမ့်မည်။
ပြင်ပလေဖိအား (ကမ္ဘာ့လေဖိအား) နှင့် Intake မန်နီမို့အတွင်းရှိ လေဟာနယ်ဖိအား ခြားနားကွာခြားမှုကြောင့် Diaphragm (ဒိုင်ရာဖရမ်)ပေါ်ကို သက်ရောက်တဲ့ဖိအားက ပါစကယ်နိယာမသဘောအရ ဆပွားပြီး ကြီးပွားလာခြင်းဖြစ်ပါသည်။
ဆာဗိုအိုးကြောင့် ဘရိတ်ခြေနင်းက နင်းလိုက်တဲ့စိုက်အားကို တိုးပွားစေပြီး မာစတာအုံကို အားကောင်းကောင်းနှင့် ထိုးတံကတွန်းနိုင်ပါသည်။
မာစတာဆလင်ဒါမှ ပစ်စတင် (၂) ဆင့်ပါဝင်ပြီး ရာဘာဝါရှာကွင်း တွေတပ်ဆင်ထားပြီး ဘရိတ်နင်းလိုက်လျှင် ထိုးတံက ဆာဗိုယူနစ်ကို တွန်းပြီးပွားလာသည့် အားများနှင့် မာစတာအုံထဲက ပစ်စတင်ကို တွန်းပါသည်။
ဝါရှာတပ်ထားသော ပစ်စတင် ၂ လုံးက ဘရိတ်ဆီတွေကို ဘရိတ်ပိုက်လိုင်းတွေကတစ်ဆင့် ''P''ဗားအုံကိုရောက်လာပါသည်။
''P''ဗားအုံ က ဘရိတ်ဆီတွေကို ကားရှေ့ဘီး ဘယ်/ညာဒစ်ဘရိတ် (၂)လုံးနဲ့ နောက်ဘီးဒရမ်ဘရိတ် ၂ လုံးကို ဆက်ပို့ပေးပါသည်။
ဆီပိုက်လိုင်းတစ်လျှောက် ရောက်လာသော ဘရိတ်ဆီ ဖိအားက ဒစ်ဘရိတ်နှင့် ဒရမ်ဘရိတ်အုံများကို အလုပ်လုပ်စေပါသည်။
ဘရိတ်ဖိအားကြောင့် Disc ဘရိတ်မှာ Brake Pad အပြား ၂ ချပ်က ညှပ်ဖမ်းတာကြောင့် ပွတ်မှုအား (Friction) ဖြစ်စေပြီး ရှေ့ဘီးလည်ပတ်ကို အရှိန်လျှော့ရန် (သို့မဟုတ်) လုံးဝရပ်တန့်သွားရန် ဘရိတ်ဖမ်းပေးပါသည်။
ဒရမ်ဘရိတ်မှာတော့ ဘရိတ်ရှုးခြမ်း ၂ ခြမ်းကို Wheel Cylinder မှာရှိတဲ့ ပစ်စတင် ၂ လုံးက တွန်းကန်ခြင်းကြောင့် ဘေးကိုကားသွားပြီး ဒရမ်မျက်နှာပြင်နှင့် ဘရိတ်ရှုးလိုင်နာပွတ်တိုက်ပြီး ဘရိတ်ဖမ်းပေးခြင်း ဖြစ်ပါသည်။
Disc ဘရိတ်မှာရှိသော Brake Pad ပြားမှာ မီးခံဖိုင်ဘာပြားကပ်ထားပြီး Disc ပြားကို ညှပ်ဖမ်းခြင်းဖြင့် ဘရိတ်ဖမ်းပေးပါသည်။
ဘရိတ်ဖမ်းခြင်းဆိုသည်မှာ ပွတ်မှုအားကောင်သော ဘရိတ်လိုင်နာနှင့် လည်ပတ်နေသော ဘီးအစိတ်အပိုင်း (ဒစ်ပြား-ဒရမ်) မျက်နှာပြင်တို့ ပွတ်တိုက်ခြင်းဖြစ်ပါသည်။
ဘရိတ်ဖမ်းလျှင် ဘရိတ်ဒရမ်တွေ ဒစ်ပြားအုံတွေပူလာပြီး ရွေ့လျားမှုစွမ်းအင်ကို အပူစွမ်းအင်အဖြစ် ပြောင်းလဲစေသောကြောင့် ဘရိတ်ငြိနေသောကားမှာ အပူချိန်တက်လာပြီး ညှော်နံ့တွေ ထွက်လာတတ်ပါသည်။
Dise ဘရိတ်က Drum ဘရိတ်ထက် ပိုပြီးကောင်းပါသည်။
ပြင်ပလေအေးနဲ့ထိတွေ့မှု ပိုများတာကြောင့် Disc ဘရိတ်က အအေးခံစနစ် ပိုကောင်းပါသည်။
ခေတ်မီကားကောင်းများတွင် နောက်ဘီးကို ဒရမ်ဘရိတ် မသုံးတော့ဘဲ Disc ဘရိတ်ကို သုံးပါသည်။
ဒစ်ဘရိတ်က ပျက်စီးချွတ်ယွင်းမှုနည်းလို့ ပြုပြင်ထိန်းသိမ်းသည့် ကုန်ကျစရိတ်သက်သာပါသည်။
ကားတစ်စီးမှာ ဘရိတ်ဖမ်းတဲ့အခါမှာ ရှေ့ဘီး ၂ လုံးကိုဖမ်းတဲ့အားနဲ့ နောက်ဘီး ၂ လုံးကို ဖမ်းတဲ့အား မတူညီပေ၊ ရှေ့ဘီးက အလေးချိန် ပိုထမ်းရသည့်အတွက် ဘရိတ်ဖမ်းအား ပိုကောင်းရမည်ဖြစ်သောကြောင့် ဘရိတ်ဆီ တွန်းအားပိုပြီး လိုပါသည်။
သို့သော် မာစတာဘရိတ်အုံက တွန်းထုတ်လိုက်တဲ့ ဘရိတ်ဆီဖိအားကတော့ အားလုံးသာတူညီမျှဖြစ်နေပြီး တူညီတဲ့ ဘရိတ်ဖမ်းအားနဲ့ ဘရိတ်ဖမ်းခဲ့လျှင် နောက်ဘီးများ၊ အသေ Lock ကျနေသည့်တိုင်အောင် ရှေ့ဘီးများလည်ပတ်နေလျက်ဖြစ်ပါသည်။ သို့သော် နောက်ဘီးတွေအသေ Lock ကျတာ မကောင်းပါဘူး။
ကားကိုယ်ထည်နောက်ပိုင်းက ဘေးတစ်ဘက်ကို ခါရမ်းသွားပြီး ဘေးမှာကပ်ပါလာသော ကားကို တိုက်မိနိုင်ပါသည်။
ထိုပြဿနာကိုပြေလည်အောင် ''P'' Valve က ဆောင်ရွက်ပေးပါသည်။
နောက်ဘီးနှစ်ဘက်ကို ပို့ပေးသော ဟိုက်ဒရောလစ်ဆီဖိအားကို ''P'' ဗားက အလိုအလျောက် လျှော့ချပေးပါသည်။
ဟိုက်ဒရောလစ်ဘရိတ်စနစ်တွင် အဓိကဖြစ်သောပြဿနာမှာ ဘရိတ်ပေါက်ပြီး ဘရိတ်မမိတော့သည့် ချွတ်ယွင်းအားနည်းချက်ဖြစ်ပါသည်။
ဘရိတ်ဝါရှာ (ရာဘာဝါရှာကွင်း) ပေါက်၍ ဆီမတွန်းနိုင်ခြင်း၊ ဘရိတ်ဆီပိုက်လိုင်း အဆက်များမှ ဆီယိုခြင်း၊ ဘရိတ်ချောခြင်း၊ ဘရိတ်မမိခြင်း၊ ဘရိတ် ပိုက်လိုင်းလေခိုနေခြင်း၊ ဘရိတ်ငြိနေခြင်း၊ ဘရိတ်နင်းလိုက်လျှင် ရူးခြမ်းအသံမြည်ခြင်း၊ ဘရိတ်မာလွန်းနေခြင်း၊ ဆာဗိုယူနစ် အလုပ်မလုပ်၍ ဘရိတ်ကောင်းကောင်းမမိခြင်း၊ ဘရိတ်နင်းလိုက်လျှင် ကားတစ်ဘက်သို့ ဆွဲသွားခြင်း၊ ဘရိတ်ဒရမ်တစ်ခြမ်း စားနေခြင်း၊ Disc ဘရိတ်ပြားမျက်နှာပြင်တွင် အစင်းကြောင်းများ လှိုင်းများထနေခြင်း၊ ဘရိတ်ပိုက်ပျော့ ပေါက်ခြင်း၊ ပိုက်ပျော့မှာ ဆီယိုစိမ့်ထွက်ခြင်း စတဲ့အချက်တွေက အဖြစ်များတဲ့ ဘရိတ်ချွတ်ယွင်းချက် ရောဂါတွေပါပဲ။
ကားတစ်စီးမှာ ဘရိတ်ကောင်းကောင်းမိဖို့ အရေးကြီးပါသည်။
ဘရိတ်မိခြင်းမှာ ညီညာရန်လည်း အရေးကြီးပါသည်။
ကားမောင်းနေစဉ် တစ်လျှောက်လုံးမှာ ဘရိတ်ကို မကြာခဏ အသုံးပြုရတာများသောကြောင့် ပွန်းစားပျက်စီးမှုများပါသည်။
ဘရိတ်စနစ်တွင် ထူးခြားတဲ့လက္ခဏာပေါ်သည်နှင့် ချက်ချင်းစစ်ဆေးသင့်သည့်အပြင် မာစတာအုံက ဘရိတ်ဆီခွက်ထဲတွင် ဘရိတ်ဆီလျော့နည်းမှု ရှိ၊ မရှိ မကြာခဏစစ်ဆေးပါ။
ဆီလျော့နေခြင်းကိုတွေ့လျှင် ဆီယိုနေသည့်နေရာကို ရှာဖွေစစ်ဆေးရမည်ဖြစ်ပါသည်။
ဘီးဆလင်ဒါက ဘရိတ်ဝါရှာကွင်းတွေ သုံးတာကြာလာလျှင် ဆီယိုတတ်သောကြောင့် ဘီးဆလင်ဒါ ၄ လုံးစလုံးကို စစ်ဆေးပြီး ဘရိတ်ရှုးခြမ်း လိုင်နာတွေကိုပါ တစ်ခါတည်းစစ်ဆေးရပါမည်။
ဘရိတ်ဒရမ်အတွင်းပိုင်း မျက်နှာပြင်များတွင် ဘရိတ်ရှုးခြမ်းလိုင်နင်နှင့် ပွတ်တိုက်ဖန်များပြီး မျက်နှာပြင် မညီမညာ ဖြစ်တတ်သောကြောင့် ဒရမ်မျက်နှာပြင်အတွင်းပိုင်းကို တွင်ခုံပေါ်တင်ပြီး စက်စားပေးခြင်းဖြင့် ပြန် ညှိပေးရပါည်။
Back ပလိတ်ပြား၊ အထိုင် Nut တွေ ချောင်လာတတ်သောကြောင့် ပြန်စစ်ဆေးသင့်ပြီး Disc ဘရိတ်တွင် ဘရိတ် Pad လိုင်နာစားပြီး သံပြားပေါ်တဲ့အထိ မသုံးဘဲ ဘရိတ် Pad အသစ်လဲပေးရပါမည်။
၆ လတစ်ကြိမ် ဘရိတ်စနစ်ကို စစ်ဆေးရပါမည်။ (လုပ်ငန်းသုံးကားများသာ)။ ကိုယ်ပိုင်စီးကားများ အသုံးနည်းပါသည်။တစ်နှစ်တစ်ကြိမ် စစ်ဆေးပါ။ ထူးခြားချက်ဖြစ်ပါက ချက်ချင်းပြုပြင်ပါ။
ဘရိတ်ဆီကို ရေရောစပ်ပြီး လုံးဝမသုံးပါနှင့်။
ဘရိတ်စနစ်တစ်ခုလုံး ရေကြောက်သောကြောင့် ရေရောထားသည့် ဘရိတ်ဆီက အန္တရာယ်ရှိသောကြောင့် နိုင်ငံခြားဖြစ်ဘရိတ်ဆီကိုသာ သုံးသင့်ပါသည်။
ဒစ်ဘရိတ်လည်း ဂျမ်း ဖြစ်တတ်သောကြောင့် ဘရိတ်ဂျမ်းဖြစ်ပြီး ဘရိတ်ငြိနေတတ်ပါသည်။ ဘရိတ်ဆားဗစ်စင်လုပ်ပေးဖို့ လိုအပ်ပါသည်။
ကားတစ်စီးဘေးကင်းဖို့ အန္တရာယ်များကို ရှောင်တိမ်းနိုင်ရန် ဘရိတ်စနစ်က အရေးကြီးပါသည်။
ဘရိတ်ပေါက်ပြီး ဆီယိုလျှင် ပေါက်သောဘီးကို ဆီလိုင်းပိတ်ပြီး ကားဝပ်ရှော့သို့ရောက်အောင် ထိန်းမောင်းနိုင်ပါသည်။