လောင်စာဆီ စားနှုန်းသက်သာသော Hybrid ကား၏ မူလအစနှင့် Hybrid ကား


သာမာန်ကားများထက် နည်းပညာမြင့်မားပြီး ဆီစားနှုန်း အထူးသက်သာသော၊ ပြင်ဆင်စရိတ် နည်းပါးသော အားသာချက်များသည် ဟိုက်ဘရစ်ကားများကို နာမည်ကျော် လူကြိုက်များ စေခြင်း ဖြစ်သည်။

ထို့ ပြင် ဟိုက်ဘရစ်ကားသည် Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ပြီး လေထုညစ်ညမ်းမှု အသက်သာဆုံး ကား ဖြစ်သည်။

Hybrid ကားဆိုသည်မှာ I.C. E အင်ဂျင် အသေးတစ်လုံးနှင့် လျှပ်စစ်မော်တာ တစ်လုံး ပူးတွဲပါဝင်ပြီး ပါဝါစွမ်းအားကို နည်းလမ်း (၂) မျိုးဖြင့် အမြင့်မားဆုံး ရရှိစေသော ကားအမျိုးအစား ဖြစ်သည်။

Hybrid ကား၏ထူးခြားချက်မှာ လောင်စာဆီ စားနှုန်း သက်သာသဖြင့် Fuel Economy ဖြစ်သည်။

ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေသော ကာဗွန်ထုတ်လွှတ်မှု သိသာစွာ လျော့နည်းသွားပြီး သဘာ၀ ပတ်ဝန်းကျင်အတွက် မိတ်ဖက်ဖြစ်သော Green Car ဖြစ်သည်။

ဟိုက်ဘရစ်ကား၏ မူလအစ

ပထမဆုံး Hybrid လျှပ်စစ်ကားကို ဒီဇိုင်း ပြုလုပ်၍ စိတ်ကူး အကောင်အထည်ဖော်ခဲ့သူမှာ သြစတြေးလျ နိုင်ငံသား ထင်ပေါ်ကျော်ကြားသူ (Ferdinand Porsche) ဖာဒီနန်ပေါ့ချေး ဖြစ်သည်။

(၁၉၀၁) ခု နှစ်မှ (၁၉၀၅) အတွင်းကြိုးပမ်း တီထွင်ခဲ့သည်။ အကြောင်းအမျိုးမျိုး ကြောင့် ဟိုက်ဘရစ်ကားများ ဆက်လက်မရှင်သန်ခဲ့ဘဲ (၂၀) ရာစု ကုန်ခါနီးမှ ခေတ်သစ် ဟိုက်ဘရစ်ကား များ ပေါ်ပေါက်လာသည်။

အမေရိကန် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Victor Wouk ဆိုသူ စမ်းသပ်သုတေသနပြုလုပ်၍ ကွန်ပျူတာ စနစ်ပါသော ခေတ်သစ်ဟိုက်ဘရစ် ကားကိုမွေးဖွားပေးခဲ့သည်။

ထို့ကြောင့် Victor Wouk ကို ခေတ်သစ် ဟိုက်ဘရစ်ကား၏ ဖခင် (The Godfather of the Hybrid) ဟု လူသိများလာသည်။

(၁၉၈၉) ခုနှစ်တွင် Audi 100 Avant Duo ကားသည် ပထမဆုံး ခေတ်သစ် ဟိုက်ဘရစ်ကား ဖြစ်လာသည်။

(၁၉၉၇) ခုနှစ်တွင် Toyota က Prius မော်ဒယ်လ် ကားဖြင့် ခေတ်သစ် Hybrid ကားကို မိတ်ဆက်ပြသခဲ့သည်။

Honda ကားကုမ္ပဏီ ကလည်း (၁၉၉၉) ခုနှစ်တွင် ၎င်းင်း၏ Honda Insight (99 Model) ကားဖြင့် Hybrid နည်းပညာကို ပြသခဲ့သည်။

(၂၁)ရာစု၏ ပထမ (၁၀) စုနှစ်များ တွင် Hybrid နည်းပညာရပ်များ တစ်ရှိန်ထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ရေနံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်း၊ ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးနှင့် လေထုညစ်ညမ်းမှု လျော့ချရေး အသံများ ပိုမိုကျယ်လောင်လာခြင်း၊ ဆီစားနှုန်း သက်သာသော Fuel Economy ဖြစ်သော ကားများ ထုတ်လုပ်ရေးကို ပိုမို တွန်းအား ပေးသော အချိန်အခါ ဖြစ်လာခြင်း စသော အကြောင်းများကြောင့် မျက်မှောက်ကာလတွင် Hybrid နည်းပညာသုံး ကားများ ပိုမိုရေပန်းစား လူကြိုက်ပိုများလာသည်။

ဟိုက်ဘရစ်ကား

ဟိုက်ဘရစ်ကား ဆိုသည်မှာ ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာ (၂) မျိုးကို ပေါင်းစပ်ထားသော ကား ဟုအကြမ်းအားဖြင့် ပြောနိုင်ပါသည်။

ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်မှာ သာမန်ဓာတ်ဆီ၊ ဒီဇယ်ကားများ တွင်ပါသော အင်ဂျင် အရွယ်အစားထက် သေးငယ်ခြင်း ဖြစ်သည်။

မြေပြင်ညီလမ်းကောင်း တစ်ခုပေါ်တွင် ရွေ့လျားမောင်းနှင်နေသော ကားတစ်စီးအတွက် ပါဝါစွမ်းအင်လို အပ်ချက်မှာ မြင်းကောင်ရေ (၁၀) မှ (၂၀) အတွင်းသာ ဖြစ်သည်။

သို့သော် ကားအင်ဂျင်အများစုသည် မြင်းကောင်ရေ စွမ်းအား (၈၀) မှ (၂၀၀) အထိ တပ်ဆင်သုံးစွဲကြသည်။

စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ တောင်တက်လမ်း၊ တောင်ပေါ်လမ်းများတွင် ရုန်းတက်ရခြင်း၊ ကားကျော်တက်ခြင်း စသော အခြေအနေ များ၌သာ အင်ဂျင်မြင်းကောင်ရေ စွမ်းအားများစွာ လိုအပ်ပြီး ပုံမှန်Speed ဖြင့် မောင်းနေသော အချိန်တွင် မြင်းကောင်ရေ စွမ်းအား အနည်းငယ်သာ လိုအပ်သည်။

သာမာန်အခြေအနေတွင် ပုံမှန် Speed တစ်ခုဖြင့် (80 km/hr – 100 km/hr) သာမောင်းနှင်ရန် အတွက် အင်ဂျင်မြင်းကောင်ရေ ကြီးမားနေ ခြင်းသည် စွမ်းအင်ဆုံးရှုံးမှု တစ်ရပ်ဖြစ်သည်။

အင်ဂျင်စွမ်းအား လေလွင့် ဆုံးရှုံးခြင်းသည် လောင်စာလေလွင့် ဆုံးရှုံးခြင်း ဖြစ်သည်။

ဤအချက်ကို ဟိုက်ဘရစ်ကားတွင် ဖြေရှင်း ထားသည်။ စတင်ထွက်ခွာခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ ကုန်းတက်လမ်းတွင် မောင်းနေခြင်း များအတွက် အင်ဂျင်စွမ်းအားအပြင် လျှပ်စစ်မော်တာ ကပါ ပူးပေါင်း ကူညီပေးသည်။

မလိုအပ်သော အခြေအနေတွင် အင်ဂျင် စွမ်းအားကို မသုံးတော့ဘဲ လျှပ်စစ်မော်တာ လှည့်အားဖြင့် ကားကို ဆက်မောင်းစေသောကြောင့် လောင်စာဆီ ချွေတာနိုင်သည်။

ဟိုက်ဘရစ်ကားများ သည်သာမန်ဓာတ်ဆီ ကားများထက် သိသာစွာ လောင်စာဆီစားနှုန်း သက်သာကြသည်။

ဟိုက်ဘရစ်ကားတွင် သုံးသော လျှပ်စစ်မော်တာအတွက် လျှပ်စစ်စွမ်းအင် များများ သိုလှောင် နိုင်သော High Voltage ဘက်ထရီ သီးသန့်တပ်ဆင် ထားသည်။

ဟိုက်ဘရစ်ကားမှ လျှပ်စစ်မော်တာ သည် Generator အဖြစ်လည်း အသုံးပြုသည်။

ကားအရှိန်လျှော့သောအချိန်၊ ဘရိတ်နင်းသော အချိန်၊ ကားစက်မသတ်ဘဲ စက်နှိုး၍ ရပ်ထားသော အချိန်များတွင် Generator မှ High Voltage ဘက်ထရီကို အားပြန်သွင်း ပေးနေသည်။

ထို့ကြောင့် ဟိုက်ဘရစ်ကားများသည် လျှပ်စစ်ကား တစ်ပိုင်း ဖြစ်သည်။

ဟိုက်ဘရစ်ကားတွင် တပ်ဆင်ထားသော အင်ဂျင်သည် သေးငယ်သော်လည်း ခရီးဝေး မိုင်ပေါင်းများစွာ သွားနိုင်ခြင်းသည် ဟိုက်ဘရစ်ကား၏ အဓိက ဝိသေသ လက္ခဏာ ဖြစ်သည်။

ဟိုက်ဘရစ်ကား အမျိုးအစားကို Parellel Hybrid, Series Hybrid, Series-parallel Hybrid နှင့် Plug-in Hybrid ဟူ၍ အတန်းအစား အမျိုးမျိုးခွဲခြား ထုတ်လုပ်သည်။

Read 1207 times