ဈေးနှုန်းမကြေညာသေးသော Xiaomi SU7 အီးဗီ ဆီဒင်များ ရာချီ ထုတ်လုပ်


ဈေးနှုန်းမကြေညာသေးသော Xiaomi SU7 အီးဗီ ဆီဒင်များ ရာချီ ထုတ်လုပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ရာနှင့်ချီသော Xiaomi SU7 လျှပ်စစ်ဆီဒင်များကို ဘေဂျင်းစက်ရုံရှိ ကားပါကင်တွင် တွေ့ရှိရသည်။ သို့ဖြစ်ရာ အမြောက်အမြား ထုတ်လုပ်မှု စတင်နေပြီဟု သိနိုင်သည်။

တရုတ်မီဒီယာများတွင် Xiaomi ၏ ပထမဆုံး အီးဗီအသစ်ကို ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်မည်၊ မတ်လမှ စ၍ တလ အစီး နှစ်ထောင် ထုတ်လုပ်မည်၊ ဇူလိုင်လမှ စ၍ တလ အစီး တသောင်း ထုတ်လုပ်မည်ဟု သတင်းဖော်ပြခဲ့ကြသည်။

Xiaomi က အီးဗီများ ထုတ်လုပ်ရန် Beijing Automotive Industry Holding Co. Ltd (BAIC) ၏ လက်အောက်ခံလုပ်ငန်း BAIC Off-road Vehicle Co. ထံ ကန်ထရိုက်စနစ်ဖြင့် အလုပ်အပ်နှံထားသည်။ 

BAIC သည် တရုတ်ပြည်အတွက် မားစီးဒီး ဘင့်ဇ် ကားများ ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ BAIC နှင့် မားစီးဒီး ဘင့်ဇ်တို့သည် Beijing-Benz ဖက်စပ်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် ထူထောင်ခဲ့ပြီး BAIC က ၅၁% ပိုင်ဆိုင်သည်။ ထိုစဉ်က ပြဋ္ဌာန်းထားသည့် ဥပဒေအရ ဖက်စပ်လုပ်ငန်းတွင် ပြည်ပလုပ်ငန်းက ၄၉% အထိသာ ပိုင်ဆိုင်ခွင့် ရှိသည်။

Mercedes-Benz တွင် BAIC က ၁၀% ပိုင်ဆိုင်သည်။ Geely ကလည်း ၁၀% ပိုင်ဆိုင်သည်။

Xiaomi သည် SU7 စမ်းသပ်ထုတ်လုပ်မှုကို ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ စမ်းသပ်ရန်အတွက်  ကားအစီး ၃၀၀ ကို အကြိုထုတ်လုပ်မှုအဖြစ် ထုတ်လုပ်ခဲ့သည်။

၎င်းကားများဖြင့် လမ်းများပေါ် စမ်းသပ်မောင်းနှင်သည်။ ဆောင်းရာသီဒဏ် ခံနိုင်ရည်အတွက်လည်း စမ်းသပ်ခဲ့သည်။ နှင်းများ ဖုံးနေသော လမ်းပေါ် စမ်းသပ်မောင်းနှင်ခဲ့ရာ SU7 ကားတစီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်ကို တရုတ်မီဒီယာများတွင် သတင်းဖော်ပြခဲ့သည်။

 

 

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် Xiaomi သည်ဆောင်းရာသီ စမ်းသပ်မှုဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ တရုတ်ပြည် မြောက်ပိုင်း Heiha မြို့အနီး -33°C အလွန်အမင်း အေးခဲနေချိန်မှာ SU7 ကို စမ်းသပ်မောင်းနှင်ခဲ့သည့် မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။

SU7 တွင် Xiaomi မှ ဖွံ့ဖြိုးထုတ်လုပ်ထားသည် အပူပေးပန့် heat pump ပါသဖြင့် အေးခဲနေသည့် ဆောင်းရာသီ အခြေအနေအောက်တွင် SU7 မောင်းနှင်နိုင်သည်ဟု Xiaomi စီအီးအို Lei Jun က ပြောကြားသည်။

 

 

Xiaomi SU7 ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် တရားဝင် ပွဲထုတ်ပြသခဲ့သည်။

Xiaomi SU7 ကို SU7 နှင့် SU7 Max ဗားရှင်း နှစ်မျိုး ထုတ်လုပ်ပါသည်။

 

SU7 ကို Xiaomi  ၏ Modena ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားပါသည်။ Porsche အီးဗီ Taycan ထက် အနည်းငယ် ပိုရှည်ပါသည်။

• အလျား 4997 mm

• အကျယ် 1963 mm

• အမြင့် 1455 mm

• ခါးအလျား 3000 mm

ပစ္စည်းထည့်ရန် ယာဉ်ရှေ့ပိုင်းတွင် 105 liter နှင့် ယာဉ်နောက်ပိုင်း 517 liter နေရာ စီစဉ်ထားပါသည်။

 

ဈေးနှုန်း မကြေညာသေးပါ။

တရုတ်မီဒီယာအချို့က ယွမ် ၃၆၁,၄၀၀(50,350 USD) ဟု ဖော်ပြခဲ့ရာ Xiaomi က မှားယွင်းကြောင်း ချက်ချင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။

ဖြစ်နိုင်ခြေ ရှိသည့် ဈေးနှုန်းမှာ ယွမ် ၃ သိန်း (42,000 USD) ဝန်းကျင်ဟု ခန့်မှန်းပါသည်။ 

မည်သည့်အချိန် အရောင်းဖွင့်မည်၊ မည်သည့်လတွင် ကားအပ်နှံမည် ဆိုသည်တို့ကိုလည်း မကြေညာသေးပါ။ Lei Jun က ယခုနှစ် ပထမနှစ်ဝက်အတွင်းဟုသာ ပြောကြားခဲ့ပါသည်။

 

ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် မတ်လတွင် မော်တော်ယာဥ်လုပ်ငန်းသို့ စတင်ဝင်ရောက်တော့မည်ဟု တရားဝင်ကြေငြာခဲ့သည်။

ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၀ ဘီလီယံ ဖြစ်ပါသည်။ လာမည့် ၁၀ နှစ်တာတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုပါသည်။ ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း(၅) ကားကုမ္ပဏီ စာရင်းဝင်ဖြစ်ဖို့ ရည်မှန်းထားပါသည်။

 

Source carnewschina


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 913 times