မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် ဟွာဝေး အရှိန်တင် 


မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် ဟွာဝေး အရှိန်တင် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဟွာဝေးသည် ၎င်း၏ မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် အောင်မြင်မှုများ ရနေပြီဖြစ်သည်။

 

 စစ်အင်ဂျင်နီယာဟောင်း ရမ်ဇိန်ဖေး Ren Zhengfei ထူထောင်သည့် ဟွာဝေးကို စမတ်ဖုန်းကုမ္ပဏီအဖြစ် လူသိများသည်။ ယခုအခါ မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ သို့သော် ကိုယ်တိုင် ကားထုတ်လုပ်မှု လုပ်ကိုင်ခြင်း မပြုချေ။

 

 Huawei Investment and Holding လုပ်ငန်းစု နှစ်ပတ်လည် အစီရင်ခံစာတွင် "Huawei က ကားတွေ မထုတ်လုပ်ပါဘူး”ဟု အတိအလင်း ပြောကြားထားသည်။

ဟွာဝေးသည် ၎င်း၏ လုပ်ငန်းခွဲ  မော်တော်ယာဉ် ဉာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ငန်း Intelligent Automotive Solution တွင် အနည်းဆုံး ကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ သုတေသီ ၇,၀၀၀ ဝန်းကျင် အလုပ်ခန့်ထားသည်။ အင်တာနက် ချိတ်ဆက် အော်တော်ယာဉ်အတွက် နည်းပညာများ သုတေသနနှင့် ဖွံ့ဖြိုးရေးကို လုပ်ဆောင်လျက်ရှိသည်။ မော်တော်ယာဉ် လည်ပတ်စနစ်၊ ကင်မရာ၊ ဒစ်ဂျစ်တယ်သော့၊ လိုင်ဒါ အစရှိသည်တို့ကို လုပ်ကိုင်လျက် ရှိသည်။ 

 

တရုတ်နိုင်ငံတွင်၊ ဟွာဝေး အရောင်းပြခန်းများသည် စဲရပ်စ် Seres ကဲ့သို့သော ဟွာဝေးနှင့်အတူ လက်တွဲပြီး ကားထုတ်လုပ်သူများ ထုတ်လုပ်သည့် ကားမော်ဒယ်များကို ပြသထားသည်။

 

 ဟွာဝေးနှင့် Dongfeng ကျောထောက်နောက်ခံပြုပေးထားသည့် စဲရပ်စ်တို့သည် ပြန်လည်မွမ်းမံထားသော Aito M7 SUV မော်ဒယ် ဗားရှင်းအသစ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အရောင်း စဖွင့်ခဲ့သည်။ ရက် ၅၀ အတွင်း စရံပြန်မအမ်းသည့် ကြိုတင်အမှာစာ ၈ သောင်းကျော် ရရှိခဲ့သည်ဟု Bloomberg မှ သတင်းဖော်ပြခဲ့သည်။

 

ဟွာဝေး  မော်တော်ယာဥ်လုပ်ငန်းကဏ္ဍသည် ၂၀၂၂ ခုနှစ်တွင် အရောင်းဝင်ငွေ ယွမ် ၂.၁ ဘီလီယံ (ကန်ဒေါ်လာ ၂၉၆ သန်း) ရရှိခဲ့သည်။ ဟွာဝေး စုစုပေါင်း အရောင်းဝင်ငွေ၏ ၁% ထက် နည်းနေသော်လည်း ဟွာဝေးသည် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍတွင် အရှိန်တင်ရန် ရည်ရွယ်ချက်ဖြင့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်  မော်တော်ယာဥ်လုပ်ငန်းကဏ္ဍမှ သက်တမ်း ၄ နှစ်ရှိ Intelligent Automotive Solution ကို သီးခြားရပ်တည်သည့် ကုမ္ပဏီတခုအဖြစ် ခွဲထုတ်မည်ဟု ကြေညာခဲ့သည်။

စမတ်ကား ဆော့ဖ်ဝဲနှင့် ပစ္စည်းကိရိယာများ လုပ်ကိုင်မည့် လုပ်ငန်းအသစ်၏ တန်ဖိုးကို ယွမ် ၂၅၀ ဘီလီယံ (ကန်ဒေါ်လာ ၃၄.၇ ဘီလီယံ) ဟု သတ်မှတ်ထားသည်။

ကုမ္ပဏီအသစ်တွင် ရှယ်ယာ ၄၀% ကို Chongqing Changan Automobile ထံ ရောင်းချသည်။

Mercedes Benz နှင့် Volkswagen လက်အောက်ခံ  Audi တို့ကိုလည်း ရှယ်ယာအနည်းငယ် ယွမ် ၂၅၀ ဘီလီယံဖိုးအထိ ဝယ်ယူနိုင်‌ကြောင်း ကမ်းလှမ်းခဲ့သည်။

Changan တွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ထားသည့် Changan ၏ မိခင်လုပ်ငန်း China South Industries သည် စစ်ဖက်သုံး ပစ္စည်းကိရိယာများ ထုတ်လုပ်သူ ဖြစ်နေသဖြင့် အနောက်တိုင်း ကားလုပ်ငန်းတို့က ရှယ်ယာပါဝင်ဖို့ ဝန်လေးကြသည်။

 

 ဟွာဝေးသည် ပြည်တွင်း ကားလုပ်ငန်းများဖြစ်သည့် BAIC, Chery Automobile, JAC တို့နှင့်လည်း လက်တွဲထားပါသည်။ 

 

 Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 206 times