Huawei OS ကို Volkswagen သုံးစွဲမည်ဟု သတင်းထွက်ပေါ်


Huawei OS ကို Volkswagen သုံးစွဲမည်ဟု သတင်းထွက်ပေါ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Volkswagen က တရုတ်ပြည်မှာ တရုတ်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်သည့် ကားများတွင် Huawei OS သုံးစွဲမည်ဟု သတင်းထွက်ပေါ်သည်။
Volkswagen နှင့် Huawei တို့က တရားဝင်ကြေညာခြင်း မရှိသေးပေ။ Financial Times က ကြားသိသမျှ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
 
Volkswagen သည် Huawei OS ကို ၎င်း၏ ကားများတွင် ထည့်သွင်းရန် စီစဉ်နေသည်။
စမတ်ဖုန်းကြောင့် လူသိများသည့်  Huawei သည်  Volkswagen အခက်ကြုံပြီး နောက်ကျကျန်ရစ်သည့် ဆော့ဖ်ဝဲလ် ပြဿနာများကို ကျော်လွှားပေးမည် ဖြစ်သည်။ 

 Volkswagen ကားများအတွက် ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေးကို တာဝန်ယူထားသည့် Volkswagen လက်အောက်ခံလုပ်ငန်း Cariad သည် ကုမ္ပဏီတွင်း ပဋိပက္ခများ ဖြစ်ပွားနေခြင်း ၊ ဝန်နှင့်အား မမျှသဖြင့် ဝန်ပိနေခြင်းတို့ကြောင့် ဆော့ဖ်ဝဲကို အချိန်မီ ဖန်တီးပေးနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ အီးဗီ ထုတ်လုပ်ရေးတွင် ကမောက်ကမများ ဖြစ်နေစေသည်။
 လိုအပ်နေသည့် ဆော့ဖ်ဝဲ ပလက်ဖောင်းများ အချိန်မီ မရရှိချေ။ Volkswagen ၏ brand များ ဖြစ်သည့် Porsche နှင့် Audi တို့၏ လျှပ်စစ်မော်ဒယ်များအပေါ် သက်ရောက်မှု ရှိနေသည်။ Volkswagen ၏ ID လျှပ်စစ်မော်ဒယ်များတွင်လည်း သက်ရောက်မှု ရှိနေသည်။
Volkswagen ID.3  ဆော့ဖ်ဝဲတွင် ကြီးမားသော ချို့ယွင်းချက်များ ရှိနေသဖြင့် နောက်ဆုံးတွင် ဆော့ဖ်ဝဲကို အပြည့်အဝ သုံးမရသဖြင့်အကန့်အသတ် ပြုကာ ချုပ်ထားရသည်။ ‌လေထဲမှ တစ်ဆင့် over the air OTA နည်းလမ်းဖြင့် အင်တာနက်သုံးပြီး update လှမ်းတင်ပေး၍ မရချေ။ အချို့သော လုပ်ဆောင်ချက်များကို ဆော့ဖ်ဝဲတွင် အသေပိတ်ထားရသည်။ အတော်ရုပ်ပျက်ဆင်းပျက် နိုင်နေသည်။

Cariad ကို ကိုင်တွယ်ပေးရန် Volkswagen ၏ brand တစ်ခုဖြစ်သော Bentley မှ ထုတ်လုပ်ရေး မန်နေဂျာ Peter Bosch ကို တာဝန်ပေးထားသည်။ သူ့အနေဖြင့် အချိန်ယူပြီး ကိုင်တွယ်ဖြေရှင်းပေးရမည်။ မည်မျှကြာဦးမည် မသိနိုင်ချေ။

တရုတ်ကားထုတ်လုပ်သူများသည် infotainment တွင် အတော်များများ ရှေ့သို့ ရောက်နေသည်။ စကားသံဖြင့် လှမ်းခိုင်းနိုင်နေပြီ ဖြစ်သည်။

တရုတ်ပြည်တွင် ထုတ်လုပ်သည့် Volkswagen ကားမော်ဒယ်များသည် infotainment တွင် နောက်ကျကျန်ရစ်သည်။ ထိုအချက်သည် ရောင်းအားကို ထိခိုက်သည်။
သို့ဖြစ်ရာ အမီလိုက်ဖို့ Huawei ၏  infotainment စနစ် HarmonyOS Smart Cockpit ကို Volkswagen ကားမော်ဒယ်များတွင် သုံးစွဲမည်။

HarmonyOS Smart Cockpit သည် Android Automotive နှင့် အပြိုင်ရပ်တည်မည့် လည်ပတ်စနစ် operation system-OS  ဖြစ်သည်။ Android Automotive နှင့် ဆင်တူယိုးမှားများ ပါသည်။ ထို့ပြင် Tesla နှင့် စိတ်ကူး တူနေသည်များလည်း ပါသည်။ အောက်ခြေမှ ဘားတွင် လေအေးစက်၊ အသံတိုးကျယ် အစရှိသည်တို့ အတိုးအလျှော့လုပ်ရန် တစ်နေရာတည်း စုစည်းပေးထားခြင်းသည် Tesla စခရင်နှင့် ဆင်ဆင်တူသည်။
 မတူသည်များလည်း ရှိသည်။ HarmonyOS Smart Cockpit တွင် Smart Dock ပါသည်။Smart Dock သည်  shortcut bar ဖြစ်ပြီး နှစ်သက်ရာ အက်ပ်များ ထည့်ထားနိုင်သည်။ သီချင်းဖွင့်ခြင်း၊ ပြက္ခဒိန်၊ အသံစာအုပ် စသဖြင့် အက်ပ်များဆီသို့ တန်းရောက်သွားဖို့ အစပြုရာနေရာအဖြစ် သုံးနိုင်သည်။ 
 
 Geely က ဝယ်ယူထားသည့် စမတ်ဖုန်းလုပ်ငန်း Meizu ကလည်း ကားအတွက် OS အသစ် Flyme Auto ကို ဖန်တီးထားသည်။ စမတ်ဖုန်းနှင့် ကားမှ infotainment တို့ အတူတူ ဖြစ်နေအောင် တွဲဘက်ပေးထားသည်။ ပလပ်ထိုး ဟိုက်ဘရစ် SUV မော်ဒယ်အသစ်ဖြစ်သော Lynk & Co 08 တွင် Flyme Auto ကို သုံးစွဲထားသည်။
 Flyme Auto သည် Geely ၏ ကား brand များအတွက် ပင်တိုင် OS ဖြစ်လာနိုင်သည်။ Geely အဖို့ Meizu ကို ဝယ်ယူခြင်းသည် စမတ်ဖုန်း ထုတ်လုပ်ဖို့က အဓိက မကျချေ။ ကားအတွက် OS တွင် ဖွံ့ဖြိုးရေး အမီလိုက်နိုင်ဖို့အတွက် Meizu ကို ဝယ်ယူခြင်း ဖြစ်သည်။ 

Huawei သည် အမေရိကန် အစိုးရ၏ ပိတ်ပင်မှုများဖြင့် ရန်ရှာခံနေရဆဲဖြစ်သည်။ သို့ဖြစ်ရာ HarmonyOS သည် တရုတ်ပြည်တွင်းအတွက် ထုတ်လုပ်သည့် ကားများအတွက်သာ အဆင်ပြေမည်။ 
Huawei နှင့် အတူပူးပေါင်း လုပ်ကိုင်နေသည့် တရုတ်- အမေရိကန် ကားထုတ်လုပ်သူ Seres သည် တရုတ်ပြည်တွင်း ရောင်းချသည့် ကားများတွင် HarmonyOS ကို သုံးစွဲသည်။ ဉရောပသို့ တင်ပို့သည့် ကားများတွင် Android Automotive  ကို သုံးစွဲထားသည်။

 


 
Huawei သည် ကားထုတ်လုပ်ရေးကဏ္ဍနှင့် မစိမ်းချေ။ Seres နှင့်အတူ ကားမော်ဒယ် ဒီဇိုင်း ထုတ်ခဲ့သည်။ Seres Huawei Smart Selection SF5 ကို ဒီဇိုင်းထုတ်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကားဘက်ထရီလုပ်ငန်းကြီး Contemporary Amperex Technology Co., Limited -CATLနှင့်အတူ Avatr 11 မော်ဒယ်ကို ဒီဇိုင်းထုတ်သည်။
 Huawei Smart Car ၏ အကြီးအကဲ  Richard Yu က Huawei သည် Chery Automobile, BAIC Motor, Anhui Jianghuai Automobile Group တို့နှင့် လက်တွဲသွားမည်ဟု ၂၀၂၃ ဧပြီလတွင် ပြောကြားခဲ့သည်ကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
Source gearrice
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 151 times