ကားတွေပိတ်ပြီး လမ်းပေါ်မှာ အချိန်ကုန်တာ လျှော့ချဖို့ နည်းလမ်း


ကားတွေပိတ်ပြီး လမ်းပေါ်မှာတင် အချိန်ကုန်နေရသည့် ပြဿနာသည် မြို့ပြမှာ နေထိုင်သူ အများစုကြီး နေ့စဉ် ကြုံနေရသည့် ပြဿနာ ဖြစ်သည်။ သုတေသီ တစ်စုကမူ ယာဉ်ကြောကျပ်သည့် ပြဿနာ ကို ဖြေရှင်းနိုင်မည့် နည်းလမ်း တွေ့ထားသည်ဟု ဆိုထားသည်။

သုတေသီတို့၏ အကြံပြုချက်ကို လိုက်နာမည် ဆိုပါက ယာဉ်ကြော အကျပ်ဆုံး အချိန်မျိုးမှာပင် လမ်းပေါ်မှာ အချိန်ကုန်မှု သုံးပုံတစ်ပုံ လောက်ကို ချွေတာနိုင် လိမ့်မည်ဟု ဆိုထားသည်။ ကားမောင်းသူ အချို့ ကမူ ထိုအကြံပြုချက်ကို သဘောကျ နိုင်လိမ့်မည် မဟုတ်။

အကြောင်းမူကား အချို့သော ကားမောင်း သူများသည် အချိန်ပိုကုန်မည့် လမ်းရှည်ရှည်ကနေ ပတ်မောင်းရမည် ဖြစ်သောကြောင့်ပင်။

ယာဉ်ကြောကျပ်ရ ခြင်းမှာ ကားတိုင်းသည် သွားလိုသည့် နေရာသို့ ရောက်ရှိဖို့ ခရီး အတိုဆုံး ဆိုသော လမ်းကြောင်း ကနေသာ သွားလာကြ သဖြင့် ကားများ စုပြုံပိတ်ကုန်ကြခြင်း ဖြစ်ကြောင်း၊ ထို့အပြင် အချို့ကား များသည် ပုံမှန် လမ်းမကြီးကနေ မသွားဘဲ ပိုမြန်အောင်ဆိုကာ လမ်းကြားများ ကနေ ဖြတ်မောင်းလိုက် လမ်းပေါ် ပြန်တက်လိုက်၊ လမ်းကြားတွေထဲ ပြန်ဆင်းလိုက်နှင့် လုပ်နေသဖြင့် ထိုကားများ အဖို့ မြန်မြန်ရောက် နိုင်သော်လည်း လမ်းကြားက ထွက်သောကား များကြောင့် အဓိက လမ်းမကြီးများ ပေါ်မှ ယာဉ် အသွားအလာ နှောင့်နှေးရကာ မြို့တစ်ခုလုံး အတိုင်းအတာ အားဖြင့် ယာဉ်ကြောကျပ်ပြီး အချိန်ပိုကုန်ကာ အလုပ်ချိန် များလည်း ဆုံးရှုံးရကြောင်း သုတေသီတို့က ဆိုသည်။

သို့ဖြစ်ရာ အချို့သော ကားများသည် ဖြတ်လမ်း မလိုက်၊ အဓိက လမ်းမကြီး မှလည်း တစ်ချိန်လုံးသွား မနေဘဲ အနည်းငယ် အချိန်ပို ကြာသော ပတ်လမ်းများမှ သွားကြမည် ဆိုပါက ထိုကားအတွက် မိနစ် အနည်းငယ်လောက် အချိန်ပိုကြာ မည်မှန် သော်လည်း ဖြတ်လမ်းများ နှင့် အဓိက လမ်းမကြီးများ ပေါ်တွင် ယာဉ်သွားလာမှု လျော့ကျသွား သဖြင့် ကားပိတ် တာမျိုး နည်းသွားပြီး တစ်မြို့လုံး အတိုင်းအတာ အားဖြင့် ယာဉ်ကြော ပိတ်ဆို့မှု ကျဆင်းပြီး လမ်းပေါ်မှာ အချိန်ကုန်တာ (၃၀) ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ကာ အလုပ်ချိန် ဆုံးရှုံးမှုလည်း နည်းသွားပြီး မြို့၏ ထုတ်လုပ်နိုင်စွမ်းများ တက်လာမည်ဟု သုတေသီတို့က ဆိုသည်။ ထိုနည်းလမ်းသည် ကားတစ်စီးချင်းစီ အတွက်ကား သုံးလေး မိနစ်ခန့်သာ အချိန်ကုန်သက်သာ နိုင်ခြေရှိ သော်လည်း တစ်မြို့လုံး အတိုင်းအတာ အားဖြင့်ကား အချိန်ကုန် သက်သာကာ အလုပ်ချိန်များစွာ ပိုထွက် လာမည် ဖြစ်သောကြောင့် များစွာ အကျိုးရှိကြောင်း သုတေသီတို့က ထောက်ပြသည်။

အမေရိကန်နိုင်ငံ မက်ဆာချူး ဆက်ပြည်နယ်၊ ကိန်းဘရစ်မြို့ရှိ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ မြို့ပြ ကွန်ပျူတာ ဒေတာ ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မာတာ ဂွန်ဇာလက်ဇ် ဦးဆောင်သော သုတေသီ တို့သည် အမေရိကန်နိုင်ငံမှ ဘော်စတန်နှင့် ဆန်ဖရန်စစ္စကို၊ ပေါ်တူဂီမှ လစ္စဘွန်းနှင့် ပေါ်တို၊ ဘရာဇီး မှ ရီယိုဒီဂျနီယိုမြို့တို့မှ ယာဉ်မောင်းသူ များ၏ မိုဘိုင်းဖုန်းများမှ ဂျီပီအက်စ် အချက်အလက် ဘီလီယံ ပေါင်းများစွာကို အခြေခံကာ စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ ဂျီပီအက်စ် အချက်အလက် များကြောင့် ထိုငါးမြို့ မှ ယာဉ်မောင်းများ မည်သည့် အချိန်တွင် မည်သည့် နေရာများ၌ ကားမောင်းနေကြသည် များကို သိရှိနိုင်ကာ တစ်မြို့ချင်း၏ ယာဉ်ကြော ကျပ်တည်းမှု အခြေအနေကို မြေပုံပေါ်တွင် ကြည့်ရှုနိုင် ခဲ့သည်။

ထိုအခါ တစ်ကိုယ်ကောင်းဆန်သော ယာဉ်မောင်းများရှိရာ မြို့ များသည် ယာဉ်ကြော ကျပ်တည်းမှု အများဆုံး ဖြစ်ပွားကြောင်း တွေ့ရသည်။ တစ်ကိုယ်ကောင်းဆန်သည် ဆိုရာဝယ် ပင်မ လမ်းကြောင်း ကနေ မောင်းနိုင်ပါလျက်နှင့် ဖြတ်လမ်း လမ်းကြားများက ဝင်လိုက် လမ်းမကြီးပေါ် ပြန်တက်လိုက်နှင့် မောင်းနှင်သူ များကြောင့် ပင်မယာဉ်ကြော စီးဆင်းမှု နှောင့်နှေးကာ အခြားယာဉ်မောင်း များပါ အချိန် မကြာသင့်ဘဲ ပိုကြာ နေရခြင်း ဖြစ်သည်။

သို့သော် မည်သူကမျှ ပိုရှည်သော လမ်းကနေ မောင်းချင်မည် မဟုတ်သဖြင့် မောင်းချင်စိတ်ဖြစ် ကြစေရန် ထိုသို့ ပတ်မောင်းသူများအား ရုပ်ရှင်လက်မှတ်၊ ကော်ဖီ အခမဲ့ ကားပါကင်ကြေး လျှော့ပေးခြင်း စသော ခံစားခွင့် ကူပွန်များ ပေးအပ်ဖို့လည်း သုတေသီတို့က အကြံပြုသည်။ ထိုသို့ ကူပွန်များ ပေးနိုင်ရန်နှင့် မည်သူ များက ပိုရှည်သော လမ်းကနေ သွားကြောင်း သိနိုင်ရန်မှာ မြို့ပြ ယာဉ်ကြော ဗဟို ထိန်းချုပ် စနစ်မျိုး ရှိဖို့ လိုအပ်ကြောင်းလည်း သုတေသီတို့က ထောက်ပြသည်။

သုတေသနတွင် ပါဝင်သော မြို့ငါးမြို့သည် ထိုသို့သော ယာဉ်ကြော ဗဟို ထိန်းချုပ်စနစ် တစ်စိတ် တစ်ပိုင်းရှိနေ ကြသည်။ နောင်တွင် မောင်းသူမဲ့ကားများ ပေါ်ထွန်းလာပြီး ကားများကို ဗဟို ထိန်းချုပ် စနစ်ဖြင့် ညွှန်ကြားနိုင်မည် ဆိုပါက ယာဉ် ကြောကျပ်နေသော နေရာများကို ရှောင်ကွင်းကာ ပိုရှည်သည့် လမ်းကနေ ပတ်သွားသော ကားများကို ခံစားခွင့် ကူပွန်များ အွန်လိုင်း ကနေ လွှဲပေးဖို့ အဆင်ပြေ လာမည် ဖြစ်သည်။

Source:Icar

Read 2077 times