ပါဝါအိတ်ဇောတပ် ပြိုင်ကားများကို စီမံချက်ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ စတင်သွားမည်


ရန်ကုန်တိုင်းအတွင်း ညအချိန်တွင် စည်းကမ်းမဲ့မောင်းနှင်သော ပါဝါအိတ်ဇောတပ် ပြိုင်ကားများကို စီမံချက်ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ စတင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်၍ အသံဆူညံစွာ စည်းကမ်းမဲ့မောင်းနှင်သော ပြိုင်ကားများကို စီမံချက်ဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ စတင်သွားမည်ဖြစ်ပြီး ယာဉ်မောင်းနှင်သူကိုလည်း လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမှုများလုပ်ဆောင်သွားမည် ဖြစ်သည်။

“ ရန်ကုန်တိုင်းအတွင်းမှာ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်သည့် စည်းကမ်းမဲ့ မောင်းနေသည့် ပါဝါအိတ်ဇောတပ်ကားများကို စီမံချက်ချပြီး အရေးယူဖမ်းဆီးမှုများလုပ်သွားမယ်။ တရားဝင်မှတ်ပုံတင်ထားသည့် လိုင်စင်မရှိရင်တော့ လိုင်စင်မဲ့ကားစီးနင်းသည့်အတွက် ကားကိုသိမ်းပြီး ယာဉ်မောင်းကိုလည်း မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမှာပါ” ဟုရန်ကုန်တိုင်းဒေသကြီးအမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့စီမံချက်ချပြီး ဖမ်းဆီးရခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်အပြင် အသံဆူညံစွာ စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် အများပြည်သူများကို စိတ်အနှောင့်အယှက်များဖြစ်ပေါ်ခြင်း အပါအဝင် ယာဉ်အန္တရာယ်များကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ စီမံချက်ချ ဖမ်းဆိးဆောင်ရွက်မှုများပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Read 703 times