သင့်ကားကို ဆီစားနှုန်းများစေသော အကြောင်းတရားများ


ကားတစ်စီးမှာ ဆီစားနှုန်းဘယ်လောက်ရှိသလဲဆိုတာ ကားဝယ်မယ့်လူက လေ့လာပြီး ရွေးချယ်ဝယ်ယူကြပါတယ်။ ကားထုတ်လုပ်သူ Auto Maker ကားကုမ္ပဏီကြီးတွေကလည်း ကား Model တစ်မျိုးချင်းစီအတွက် ဆီစားနှုန်းကို အတိအကျ ထုတ်ဖော်ကြေညာပြီး ရောင်းရပါတယ်။

မဟုတ်မမှန် လိမ်ညာပြီး ဖော်ပြလို့မရပါဘူး။ ကားတစ်စီးဆီစားနှုန်းကို လိမ်လည်ဖော်ပြတဲ့ ကားကုမ္ပဏီတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာဏာပိုင်တွေက စောင့်ကြည့်စစ်ဆေးပြီး အရေးယူပါတယ်။ ဒဏ်ငွေ ဒေါ်လာသန်းနဲ့ချီပြီး တပ်ရိုက်ပါတယ်။

ဆီစားနှုန်းကို ဖော်ပြတဲ့ယူနစ် နှစ်မျိုး ရှိပါတယ်။ mpg နဲ့ L/100km ဖြစ်ပါတယ်။ မြန်မာတွေ ရင်းနှီးကျွမ်းဝင်တဲ့ အသုံးကတော့ ဆီတစ်ဂါလံမှာ မိုင်ဘယ်လောက်မောင်းလို့ရသလဲ။ ဒါကို mile per gallon (mpg) နဲ့ ဖော်ပြပါတယ်။ နိုင်ငံတကာသုံး ယူနစ်ကတော့ လီတာနဲ့ ဖော်ပြပါတယ်။ ကီလိုမီတာ (၁၀၀) ခရီးကို သုံးရတဲ့ ဆီထုထည်ပမာဏ (လီတာ) နဲ့ တွက်ကြပါတယ်။ သုံးတဲ့ယူနစ်က Litres/100km ဖြစ်ပါတယ်။ မြို့တွင်းမှာ မောင်းတာနဲ့ မြို့ပြင်မှာမောင်းတာ ကုန်တဲ့ဆီစားနှုန်း မတူပါဘူး။ မြို့တွင်းမှာ ယာဉ်ကြောပိတ်နေတာကြောင့် ဆီပိုကုန်ပါတယ်။

ကားတစ်စီးရဲ့ တကယ့်လက်တွေ့ဆီစားနှုန်းက မှန်ကန်တဲ့မောင်းနှင်မှုစတိုင်နဲ့ ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းတဲ့အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ကားတစ်စီးမှာ စက်မှုပိုင်းဆိုင်ရာ ချွတ်ယွင်းမှု အားနည်းချက်တွေ အပြစ်တွေရှိနေရင် ဆီစား များနိုင်ပါတယ်။ ဆီစားများနေတာ ငွေယိုပေါက်တစ်ခုပါပဲ။ နေ့စဉ်ကုန်ကျနေတာ လောင်စာဆီ ဝယ်ယူရတဲ့ဂရိတ်ပါ။ လောင်စာဆီချွေတာဖို့ ဆီစားနှုန်းများစေတဲ့ ကားတစ်စီးရဲ့ ချွတ်ယွင်းအားနည်းချက်တွေကို ပြုပြင်ဖို့လိုပါတယ်။

Air Cleaner လေစစ် ပိတ်ဆို့နေခြင်း

Air Cleaner ပိတ်နေရင် အင်ဂျင်လေဆွဲတဲ့အချိန်မှာ လေအလုံအလောက်မရဘဲ အသက်ရှူကြပ်နေသလို ဖြစ်တတ်ပါတယ်။ လေစစ်မှာ ဖုန်၊ သဲ၊ အမှိုက်တွေ ပိတ်နေတတ်ပါတယ်။ လေစစ် Fitter ကို လေပြင်းအားကောင်းကောင်းနဲ့ လေမှုတ်သန့်ရှင်းပေးပါ။ Fitter မကောင်းရင် အသစ်လဲလှယ်ပါ။

Plugs များ မကောင်းခြင်း

ပလပ် မကောင်းလျှင် အားနည်းပါတယ်။ ပလပ်မကောင်းရင် လောင်စာဆီတွေ အပြည့်အ၀ မီးလောင်ကျွမ်းမှု မရနိုင်ပါဘူး။ ပလပ်မီးစားပြီး တိုနေသလား။ ကာဗွန်ချိုးတွေ၊ ဆီတွေ ပေကျံပြီး ညစ်ပတ်နေသလား စစ်ပေးပါ။ ဆီအရည်အသွေး မကောင်းလျှင်လည်း ပလပ်တွေ ခဏလေးနဲ့ ညစ်ပတ်ပါတယ်။ ပလပ်တွေကို ဆေးကြောသန့်ရှင်းပြီး သုံး၍ရလျှင် ပြန်သုံးပါ။ မကောင်းပါက ပလပ်ကောင်းကောင်း လဲပေးပါ။

Injector မကောင်းခြင်း

EFI အင်ဂျင်တွေမှာ Injector နဲ့ ဆီဖြန်းပေးပါတယ်။ Injector မကောင်းလျှင် ဆီဖြန်းပေးတဲ့ပုံစံ မမှန်နိုင်ပါ။ အောက်တိန်းနံပါတ်နိမ့်တဲ့ အရည်အသွေးညံ့တဲ့ လောင်စာဆီတွေကြောင့် Injector ထိပ်မှာ မီးမလောင်ဘဲ ကျန်နေတဲ့ဓာတ်ဆီချိုးတွေ ကာဗွန်ချိုးတွေ ပိတ်နေတတ်ပါတယ်။ Injector တွေကို ဆေးကြောသန့်ရှင်းပေးပါ။

အောက်ဆီဂျင်ဆင်ဆာ

အင်ဂျင်ကထွက်လာတဲ့ အိတ်ဇောဓာတ်ငွေ့ထဲမှာ အောက်ဆီဂျင် O2 လက်ကျန်ဘယ်လောက်ရှိသလဲဆိုတာကို O2 Sensor က ထောက်လှမ်းပေးပါတယ်။ O2 ဆင်ဆာက ပေးပို့တဲ့သတင်းအချက်အလက်တွေအရ ကွန်ပျူတာတွက်ချက်ပြီး ဆီဖြန်းပေးရမယ့်ပမာဏကို အမိန့်ပေးပါတယ်။ ဒီအမိန့်အတိုင်း Injector က လောင်စာဆီ ဖြန်းပေးရပါတယ်။ အောက်ဆီဂျင်ဆင်ဆာ မကောင်းရင် ဆီနဲ့လေ ရောစပ်မှုအမျိုးအစား မမှန်တော့ပါဘူး။ ခရီးမိုင် ၁၀၀,၀၀၀ ကျော် သုံးပြီးပါက အောက်ဆီဂျင်ဆင်ဆာ အသစ်လဲပေးပါ။

Coolant ဆင်ဆာ မကောင်းခြင်း

အင်ဂျင်အအေးစနစ်မှာ Coolant အရည်ရဲ့အပူချိန်ကို ဆင်ဆာက အာရုံခံပြီး ကွန်ပျူတာကို သတင်းပို့ပါတယ်။ ဆင်ဆာမကောင်းလို့ သတင်းအချက်အလက်တွေ မမှန်လျှင် ကွန်ပျူတာတွက်ချက်မှုတွေ မှားယွင်းပြီး လောင်စာဆီ ရောစပ်မှုတွေလည်း မှားနိုင်ပါတယ်။ ဒါ့ကြောင့် ဆင်ဆာတွေ ကောင်းဖို့လိုပါတယ်။

သာမိုစတက်

အင်ဂျင်အအေးခံစနစ်မှာ သာမိုစတက်က လုံလောက်တဲ့အပူချိန်ရောက်မှ အအေးခံရည် Coolant တွေ ဖြတ်သန်းစီးဆင်းနိုင်အောင် လမ်းဖွင့်ပေးပါတယ်။ အင်ဂျင်စပြီးလည်တဲ့အချိန်မှာ သာမိုစတက်က ပိတ်နေပါတယ်။ သာမိုစတက်မမှန်ရင် အင်ဂျင်ပူလာဖို့ အချိန်ကြာပြီး ဓာတ်ဆီလည်း ပိုကုန်ပါတယ်။ သာမိုစတတ်နဲ့ ကျွန်ပျူတာထိန်းချုပ်မှုတွေ ဆက်စပ်နေပါတယ်။ မကောင်းတဲ့သာမိုစတက်ကို အစားထိုးလဲပေးနိုင်ရင် ဆီအပိုကုန်တာ သက်သာစေပါတယ်။

အင်ဂျင် Compression ကျခြင်း

Compression ကျနေတဲ့ အင်ဂျင်တစ်လုံးဟာ ဆီစားများပါတယ်။ အင်ဂျင် Compression ကောင်း/မကောင်း စစ်ဆေးနိုင်ပါတယ်။ အင်ဂျင် Valve တွေ Piston Ring တွေ စားပြီး လေမလုံလျှင် Compression ကျပါတယ်။

Intake မန်နီဖို့ လေဟာနေခြင်း

မန်နီဖို့အဝင် ပိုက်လိုင်းကွဲအက်နေတာ၊ မန်နီဖို့အထိုင်ဂတ်စ်ကတ် မလုံတာ၊ EGR များ Exhaust Gas Recirculation မလုံတာတွေကြောင့် လေနဲ့လောင်စာဆီ ရောစပ်မှုအချိုးအစားတွေ မမှန်နိုင်တော့ဘဲ အင်ဂျင်ဆီစား များလာပါတယ်။

အိတ်ဇောစနစ် ပိတ်နေခြင်း

အိတ်ဇောဘူး Catalytic Convertor ပိတ်နေခြင်းကြောင့် Back Pressure ဖြစ်ပြီး အင်ဂျင်လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ ဆီစားလည်း များစေပါတယ်။ အိတ်ဇောဘူး ပိတ်နေတာကို ပြုပြင်ပေးပါ။

ကလပ်ပလိပ် စားနေခြင်း

Manual ဂီယာစနစ်မှာ ကလပ်ယူနစ်ကို သုံးပါတယ်။ ကလပ်အုံထဲက ကလပ်ပလိပ်ပြားလိုင်နာစားပြီး ပျော်နေလျှင် အင်ဂျင်လည်သလောက် ပါဝါမရပါဘူး။ ဆီစားလည်း များလာပါတယ်။ ကလပ်ပလိပ် မကောင်းတာကို လဲပေးပါ။

ဘရိတ်ရှုးတွေ ငြိနေခြင်း

ကားဘရိတ်ငြိပြီး အင်ဂျင်ရုန်းသလောက် ကားမသွားတော့ပါဘူး။ ဆီကုန်ပြီး ချိုးမတင်တော့ပါဘူး။ ကားဘီးတွေပူပြီး ညှော်နံ့တွေထွက်လာတာ ဘရိတ်ငြိနေလို့ပါ။ ဘရိတ်စနစ်တွေကို ဆာဗစ်စင်လုပ်ပေးပါ။

တာယာလေပေါင်ဖိအား လျော့နေခြင်း

လေနည်းနေတဲ့ တာယာဘီးက လေးပါတယ်။ တာယာလေပေါင်မှန်မှ ကားမောင်းရတာ ကောင်းပါတယ်။ တာယာဘီးတွေ အလိုင်းမန့် မှန်နေဖို့လည်း လိုပါတယ်။ တာယာဘီးတွေကို လေပေါင်မှန်မှန်ချိန်ပါ။ လေအစား နိုက်ထရိုဂျင်ထိုးလျှင် ပိုကောင်းပါတယ်။

လေခုခံမှုတွေ လျော့သွားအောင်လုပ်ပါ

ကားခေါင်မိုးပေါ်မှာ ဝက်ခြံစင်တွေ၊ Box တွေ တင်ထားလျှင် လေတိုးတဲ့ဒဏ်ကြောင့် ကားပြေးသင့်သလောက် မပြေးပါဘူး။ လေခုခံအားတွေ လျော့ကျသွားအောင် ကားအမိုးပေါ်မှာ ဘာပစ္စည်းမှမထားပါနဲ့။

ကားတံခါး မှန်တင်ပြီးမောင်းပါ

Highway ကားမောင်းတဲ့အခါမှာ တံခါးမှန်တွေဖွင့်ပြီးမောင်းရင် လေတိုးတာကြောင့် ဆီပိုကုန်ပါတယ်။ မှန်ပိတ် Air Con ဖွင့်ပြီး မောင်းပါ။

Limit Speed မှာပဲ မောင်းပါ

Highway မှာ ဆီစား အသက်သာဆုံး အမြန်ဆုံး Speed က 55mph နဲ့ 60mph ကြား ဖြစ်ပါတယ်။ ဒီထက်ပိုမြန်နေရင် ဆီပိုကုန်ပါတယ်။ Speed ထက် နှေးနေလျှင်လည်း ဆီစားများပါတယ်။ အကောင်းဆုံးက ကီလိုမီတာ ၁၀၀ နှုန်း 100km/l ပဲ ဖြစ်ပါတယ်။ အမြန်မောင်းတာ ဆီပိုကုန်တဲ့အပြင် အန္တရာယ်လည်း များပါတယ်။ အမြန်လမ်းမှာဖြစ်ပွားတဲ့ ယာဉ်တိမ်းမှောက်မှုတွေဟာ ကီလို (၁၀၀) အထက်ကို မောင်းနေကြလို့ ဖြစ်ပါတယ်။

မီးပွိုင့်မိတာ ကြာနေလျှင် စက်ရပ်ထားပါ

ယာဉ်ကြောကျပ်၊ ယာဉ်ကြောပိတ်တဲ့ မြို့တွင်းလမ်းတွေမှာ မီးပွိုင့်စောင့်ရတာ ကြာပါတယ်။ စောင့်နေတဲ့အချိန်မှာ စက်ရပ်ထားပါ။ အမြင့်ကားတွေမှာ Start-Stop System က Auto စက်ရပ် စက်နှိုးလုပ်ပါတယ်။

ကားမောင်း မကြမ်းပါနဲ့

ကားမောင်းကြမ်းတာ ဆီပိုကုန်ပါတယ်။ အန္တရာယ်လည်း များပါတယ်။ ပုံမှန်မောင်းပါက ကားအစိတ်အပိုင်းတွေ လည်း ပွန်းစားမှု သက်သာစေပါတယ်။ ဆီကုန်လည်း သက်သာပါတယ်။ ကိုယ်မောင်းတဲ့ကား ဆီစားများနေသလား။ ပုံမှန်လားသိဖို့ လိုပါတယ်။ ကီလိုမှတ်ပါ။ ထည့်တဲ့ဆီလီတာကိုမှတ်ပြီး တွက်ကြည့်ပါ။ အရည်အသွေးမြင့်တဲ့ ဆီတွေကို သုံးပါ။

Credit;ခရူဇာ(Auto-Trade)

Read 3512 times