Battery ၏ လည်ပတ်ပုံနှင့် မော်တော်ယာဉ် လျှပ်စစ်စနစ်တွင် အများဆုံး ဒုက္ခပေး သော ချာဂျင်မဝင်သည့်ပြဿနာ


မော်တော်ယာဉ်တစ်စီးတွင် လျှပ်စစ်ပါဝါသုံးပစ္စည်းများ အားလုံးနှင့် Control စနစ်များ အလုပ်လုပ်နိုင်ရန်အတွက် Power Supply လိုအပ်သည်။

Battery သည် ကားစက်ရပ်ထားချိန်တွင် သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်သော်လည်း အင်ဂျင်လည်ပတ် နေချိန်တွင် ဒိုင်နမို (သို့မဟုတ်) အော်လ်တာနေတာမှ လိုအပ်သော လျှပ်စစ်ဓာတ်ကို

ထုတ်လုပ်ပေးသည်။ ဘက်ထရီကိုလည်း အားပြည့်နေစေရန် ချာဂျင် အားသွင်းပေးသည်။

ကားတစ်စီးတွင် မီးကြီးနှင့် အချက်ပြ မီးလုံးမျိုးစုံ၊ စက်နိုးမော်တာ၊ အခြားပါဝါ မော်တာမျိုးစုံ၊ ဝိုင်ဘာ၊ ဟွန်း၊ TV နှင့် Audio ပစ္စည်းများ၊ Air Con စနစ်များ၊Ignition မီးပေးစနစ်များ၊ ကွန်ပျူတာစနစ်များ စသည်ဖြင့်

လျှပ်စစ်ပါဝါသုံး စနစ်မျိုးစုံ ပါဝင်သည်။ ၎င်းပစ္စည်းများ ပုံမှန် အလုပ်လုပ်ရန်အတွက် လိုအပ်သော လျှပ်စစ်စွမ်းအင် အချိန်ပြည့် ရရှိစေရန်အတွက် အားသွင်းစနစ် (Charging System) က ဆောင်ရွက်ပေးသည်။

အားသွင်းစနစ် (Charging System)

အားသွင်းစနစ်တွင် ဒိုင်နမို (သို့မဟုတ်)အော်လ်တာနေတာ၊ ကတ်တောက်ရယ်ဂူလေတာ (သို့မဟုတ်)I.C Regulator၊ ဘက်ထရီ၊ ကေဘယ်ဝါယာ၊ Ignition Switchနှင့် Charging Lampတို့ပါဝင်သည်။

ကားစက်နှိုး၍ အင်ဂျင်စက်လည်သည်နှင့် ဒိုင်နမိုပါ လိုက်လည်သည်။ ဒိုင်နမိုသည် ပုံမှန်အားဝင်နေပါက Charging lampမီးနီ ပျောက်သွားသည်။ အကယ်၍ ကားသွားနေစဉ် Charging lampမီးနီ လင်းလာပါက

ဒိုင်နမို အလုပ်မလုပ်တော့ကြောင်း အချက်ပြနေခြင်း ဖြစ်သည်။ ဘက်ထရီသို့ အားမဝင်တော့၍ သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာမည်။ ဤသို့ဖြစ်လျှင် ဒိုင်နမို (သို့မဟုတ်)

အော်လ်တာနေတာ အား၊ ချို့ယွင်းချက်များ စမ်းသပ်ရှာဖွေ ပြုပြင်ရမည်။

ယခုခေတ်ပေါ်ကားများတွင် ဒိုင်နမို မသုံးတော့ဘဲ၊ AC/DCဒိုင်နမိုခေါ် Alternatorကို သုံးစွဲ သည်။ Alternatorသည် ဒိုင်နမိုထက်သာလွန်ကောင်းမွန်သော အချက်များရှိသည်။ အင်ဂျင် slowလည်နေသော အချိန်၌ပင်

ချာဂျင်သွင်းအားကောင်းသည်။ ဒိုင်နမိုထက် ကြာရှည် ခံနိုင်ရည်ရှိပြီး၊ မီးထွက်အားလည်း ကောင်းသည်။

Alternator သည် AC လျှပ်စစ်သာ ထုတ်ပေးသော်လည်း ကားတွင် သုံးနိုင်ရန်အတွက် ဒိုင်အုတ်များက AC ကို DC သို့ ပြောင်းပေးသည်။ Alternator တွင် ပူးတွဲတပ်ဆင်ထားသောIC Regulator က

ချာဂျင်စနစ်တစ်ခုလုံးတွင် လိုအပ်သော လျှပ်စစ်အမ်ပီယာပမာဏကို ထိန်းချုပ်ပေးသည်။ Alternator ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ အနည်းအများကို IC က အလိုအလျောက် ထိန်းညှိပေးသည်။

ထို့ကြောင့် ဗို့အားများလာခြင်း၊ ဘက်ထရီအိုး ဆူပွက်ပြီး အိုဗာချာဂျင် ဖြစ်ခြင်းတို့မှ ကာကွယ်ပေးသည်။ ဘက်ထရီအိုဗာချာဂျင် ဖြစ်ပါက ဘက်ထရီ ပျက်စီးတတ်သည်။

Alternator(အော်လ်တာနေတာ)

AC လျှပ်စစ်ကို ထုတ်ပေး၍ Alternator ဟုခေါ်သည်။ အင်ဂျင်၏ လည်ပတ်အားကြောင့် ပန်ကာကြိုးမှ တဆင့် Alternator လည်ပတ်ပြီး AC လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးသည်။

အခြေခံသဘောတရားမှာ စတေတာကွိုင် (Stator coil)ကို လည်ပတ်နေသော Rotorမှ ထွက်လာသော သံလိုက်စက်ကွင်းအားများ ဖြတ်သန်းခြင်းကြောင့် AC လျှပ်စစ်များ ထွက်လာခြင်း ဖြစ်သည်။

Rotor မှ သံလိုက်စက်ကွင်းအားပြင်းလျှင် လည်ပတ်နှုန်း (r.p.m) များလျှင် စတေတာကွိုင်မှ AC လျှပ်စစ် များများ ထွက်မည်။ Alternatorမှ ထွက်လာသော AC လျှပ်စစ်ကို ဒိုင်အုတ်အတွဲများက DC လျှပ်စစ်အဖြစ်

ကူးပြောင်းပေး၍ နောက်ဆုံးထွက်လာသော လျှပ်စစ်မှာ DC ဖြစ်သည်။

Alternator တစ်လုံး တည်ဆောက် ဖွဲ့စည်းထားသော ဒီဇိုင်းမှာ ပုံတွင် ဖော်ပြထားသည့်အတိုင်း တွေ့ရမည်။ ထုတ်လုပ်သောကား ကုမ္ပဏီအလိုက် ဒီဇိုင်းပုံသဏ္ဍာန် အမျိုးမျိုး ကွဲပြားသော်လည်း

အခြေခံ အလုပ်လုပ်ပုံသဘော တရားမှာ အားလုံးအတူတူ ဖြစ်သည်။

လူစီးကားငယ်များတွင် 12 V စနစ်သုံး၍၊ 12 V Alternator တပ်ဆင်ထားသည်။ ဘတ်စ်ကားနှင့် ကုန်ကားကြီးများတွင် 24 V စနစ် သုံး၍ Alternator သည်လည်း 24 Volt ဖြစ်သည်။

ဒီဇယ်ကားများတွင် သုံးသော Alternatorသည် ဓာတ်ဆီကား Alternatorထက်၊ မီးထွက်အား ပိုကောင်းပြီး ပိုကြီးသည်။ ထို့ပြင် ဒီဇယ်ကား Alternatorတွင် Vacuum Pumpပါပူးတွဲတပ်ဆင်ထားသည်။

ကားကြီးများတွင် မီးသုံးစွဲမှု များသဖြင့် ၎င်းတို့တွင် သုံးစွဲသော Alternatorသည် ပို၍ ထုထည်ကြီးမားသည်။

ချာဂျင်အားမဝင်သော ပြဿနာများ

မော်တော်ယာဉ် လျှပ်စစ်စနစ်တွင် အများဆုံး ဒုက္ခပေး သောအရာမှာ ဘက်ထရီချာဂျင်အား မဝင်သည့် ပြဿနာ ဖြစ်သည်။ အင်ဂျင်လည်တိုင်း ဒိုင်နမိုလည်ရသဖြင့် ဒိုင်နမိုသည် မကြာခဏ ချို့ယွင်းမှု ဖြစ်တတ်သည်။

ချို့ယွင်းမှုများ လျော့နည်းစေရန် ဒိုင်နမိုအစား Alternatorကို ပြောင်းလဲ သုံးစွဲကြသော်လည်း ပျက်စီးမှုများ ရှိတတ် သည်။

Alternator၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏကို ထိန်းချုပ်ပေးသော IC Regulator သည် ပုံမှန် အလုပ်မလုပ်နိုင် ပါက မီးထွက်မမှန်ဖြစ်တတ်သည်။ တခါတရံ Alternator မှလုံးဝမီးမထွက် ဖြစ်တတ်သည်။

ဒိုင်အုပ်များ မကောင်း ပါကလည်း မီးထွက်နည်းတတ်သည်။ Rotor သို့ လျှပ်စစ်ပေးသော ကာဗွန် ကျိုးနေတတ်ခြင်း၊ ကာဗွန်တိုနေခြင်း၊ ကြေးကွင်းစားနေခြင်းများ ဖြစ်ပါကလည်း၊ Alternator မှ မီးမထွက်ပါ။

Rotor အထိုင် ဘောလ်ဘယ်ရင်များ စားသွားပါကRotor နှင့် Stator Coil တို့ တိုက်မိတတ်သည်။ Vacuum Pump နှင့်တွဲသုံးသော Alternator တွင် Oil seal မလုံပါက အင်ဂျင်ဝိုင်များ ကာဗွန်အထိုင်နှင့်

ကြေးကွင်းနေရာသို့ ရောက်လာပြီး ဒုက္ခပေးတတ်သည်။

Rotor တွင်ပတ်ထားသော ကွိုင်ဝါ ယာများသည် ကြာလာလျှင် ရှော့ခ် ဖြစ်တတ်သည်။Stator Coil သည် လည်း ထိုကဲ့သို့ ရှော့ခ်ဖြစ်ခြင်း၊ Opened circuit ဖြစ်ခြင်းစသည့် အားနည်းချို့ယွင်းမှုပြဿနာများ ပေါ်တတ်သည်။

ချာဂျင်အဝင်နည်းခြင်း၊ လုံးဝမ၀င်ခြင်း၊ Alternator ချို့ယွင်းမှု တစ်စုံတစ်ရာရှိသည်ဟု သံသယဝင်ခြင်းများ ရှိလာပါက ကျွမ်းကျင်သော ဒိုင်နမို/မော်တာ ဆားဗစ် စင်တာများတွင် ပြသ၍ စစ်ဆေးပါ။ လိုအပ်ချက်များအရ ပြုပြင်ပါ။

Alternator နှင့် Charging systemတို့၏ အခြေခံ သဘောတရားများကို သိရှိထားခြင်းဖြင့် ကားတစ်စီးစီး၏ လျှပ်စစ်ပိုင်းနှင့် သက်ဆိုင်သော ဖြစ်လေ့ဖြစ်ထရှိသည့် ချို့ယွင်းချက်များကို ကြိုတင်သိရှိပြီး အကောင်းဆုံး

ပြုပြင်နိုင်ရေးအတွက် စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။

Read 1270 times