မော်တော်ကားလေကာမှန်ကို ဘယ်လိုပြုလုပ်သလဲ


ကမ္ဘာ့ရှေးဦး မော်တော်ကားများ၏ လေကာမှန်များဟာ ပြင်ညီမှန်ချပ်များ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် ဝဲယာဘက်၌ ထောင့်ချိုးပုံသဏ္ဌာန် ပြုလုပ်ထားတဲ့ လေကာမှန်များဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် မှန်ခုံးများ ဖြစ်လာပါတယ်။

လေကာမှန်ခုံးများဟာ မော်တော်ကားကို အရှိန်မြင့်မြင့် မောင်းနှင်ရာ၌လည်းကောင်း၊ မိုးရွာ နေစဉ်မောင်းနှင်ရာ၌ လည်းကောင်း၊ ဆီးနှင်းများကျဆင်းနေချိန် မောင်းနှင်ရာ၌ လည်းကောင်း၊ သဘာဝအလင်းရောင် ကင်းမဲ့သည့် ညအချိန် မောင်းနှင်ရာ၌ လည်းကောင်း ရှေ့မြင်ကွင်းကိုကြည့်ရှုရာတွင် ပြင်ညီမှန်များထက် ပို၍ကြည်လင် ပြတ်သားပြီး မျက်စိ၏ အာရုံစူးစိုက်ရမှုကိုလည်း များစွာ လျော့ပါးသက်သာစေပါတယ်။ယနေ့ခေတ် မော်တော်ကားသုံး လေကာမှန်များမှာ လွှာထပ်မှန်(Laminated Glass) များဖြစ်ကြပါတယ်။ ယခင်ကလည်း မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းများ၌ လေကာမှန်အဖြစ် လွှာထပ်မှန်များ အသုံးပြုခဲ့သည့်တိုင် အင်ဂျင်စွမ်းရည်ပို၍မြင့်မားလာသော မျက်မှောက်ခေတ် မြန်နှုန်းမြင့် ကားများအတွက် လွှာထပ်မှန်များ၏အရည်အသွေးက ပို၍ကောင်းမွန်ရန် လိုအပ်လာပါတယ်။


မော်တော်ကားသုံး လေကာမှန်များ ထုတ်လုပ်ရန်အတွက် အသုံးပြုရသည့် အခြေခံကုန်ကြမ်းမှာ သဲ(Silica) ဖြစ်ပါတယ်။ စီလီကာကို ကယ်လ်ဆီယမ်ကာဗွန်နိတ်၊ ဆိုဒီယမ်ကာဗွန်နိတ်တို့နှင့် ရောနှောပေါင်းစပ်ပြီး အရည်ပျော်သည်အထိ အပူပေးရပါတယ်။ ရရှိလာသော မှန်အရည်ကို လေကာမှန်အဆင့် ရရှိနိုင်ရန်အတွက် မဂ္ဂနီဆီ ယမ်အောက်ဆိုက်၊ ပိုတက်ဆီယမ်အောက်ဆိုက်နှင့် အလူမီနီယမ်အောက်ဆိုက်တို့ကို ထပ်မံထည့်သွင်း ပေါင်းစပ်ပေးရပါတယ်။ ထိုမှရရှိလာသော လေကာမှန်အရည်ကို သံဖြူရည် ထည့်သွင်းထားသည့် ကန်အတွင်းသို့ ထည့်သွင်းပို့လွှတ်ပေးရပါတယ်။ သံဖြူရည်မျက်နှာပြင်သည် ၁၈ဝ ဒီဂရီပြင် ညီဖြစ်နေသည့်အတွက် ထည့်သွင်းပို့လွှတ်လိုက်သော မှန်ရည်များသည် သံဖြူရည် မျက်နှာပြင်ပေါ်၌ ပေါလောမျောနေခြင်းဖြင့် လေကာမှန်အရည်ပြင်ညီလွှာကို ရရှိစေပါတယ်။


သံဖြူရည်ကန်အဝင်တွင် အပူချိန်ကို တစ်ထောင်ဒီဂရီ ဆဲလ်စီးယပ်စ် ထားရှိပေးရပြီး သံဖြူရည်ကန်အထွက်၌မူ အပူချိန်ကို ခြောက်ရာဒီဂရီဆဲလ်စီးယပ်စ် ထားရှိပေးထားသောကြောင့် သံဖြူရည်ကန်အထွက်တွင် လေကာမှန်အရည်များမှာ မှန်သားအဖြစ် မာကျောသွားပါတယ်။သံဖြူရည်ကန်မှ ထွက်ရှိလာသော လေကာမှန်သားအလွှာထဲတွင် နေရောင်ကာအလွှာ(Sunshade) ထည့်သွင်းပေးပြီးနောက် အပူချိန်ကို နှစ်ရာဒီဂရီဆဲလ်စီးယပ်စ်အထိ တဖြည်းဖြည်းချင်း လျှော့ချပေးရပါတယ်။ အပူချိန် နှစ်ရာဒီဂရီဆဲလ်စီးယပ်စ် ရောက်မှ အခန်းအပူချိန်သို့ရောက်ရှိသည်အထိ သဘာဝအတိုင်း ဆက်လက် အအေးခံပေးခြင်းဖြင့် ခိုင်ခံ့တောင့်တင်းသော လေကာမှန် ပြင်ညီချပ်များကို ရရှိလာတာပါ။


ရရှိလာတဲ့ လေကာမှန်ပြင်ညီချပ်ကို လိုအပ်သလို ဖြတ်တောက်ပြီး နောက်လေကာမှန်ခုံး ပုံသွင်းမိုခွက်ထဲသို့ ထည့်၍ ပုံသွင်းခွက်ပုံစံအတိုင်း အကွေး ဖြစ်သွားသည်အထိ အပူပေးရသည်။ ပုံသွင်းပြီးသည့်အခါ လေကာမှန်အကွေးကို အပူချိန် ၈၅ဝ ဒီဂရီဆဲလ်စီးယပ်စ်ရောက်အောင် ရုတ်ခြည်း အပူချိန် မြင့်တင့်ပေးရပါတယ်။ ယင်းအပူချိန်အရောက်တွင် အအေးခံလိုက်သည့်အခါ အပြင်မျက်နှာပြင်က အအေးမြန်ပြီး မှန်သားကျစ်သွားချိန်၌ အတွင်းမျက်နှာပြင်က အပူချိန်ကျဆင်းနှုန်း နည်းပြီး ပူမြဲပူနေဆဲ ဖြစ်ပါတယ်။


ဤနည်းဖြင့် လေကာမှန်များကို အအေးခံခြင်းကြောင့် တစ်စုံတစ်ရာထိခိုက်မှု ဖြစ်ပေါ်သည့်အခါ တစ်စချင်းစီ ကြေမွသွားမည့် လေကာမှန်ချပ်ကို ရရှိလာတာပါ။ ထိုမှတစ်ဖန် လေကာမှန်သားလွှာ နှစ်ချပ်၏ အလယ်၌ လချေးပြားတစ်ချပ်ထည့်သွင်း၍ အပူနှင့် ဖိအားတို့ဖြင့် တစ်သားတည်း ကပ်သွားအောင် ပြုလုပ်ပေးပြီး ဘေးပတ်လည် နှုတ်ခမ်းသတ်ကို ချောမွေ့အောင် ပြုလုပ်ပေးလိုက်သည့်အခါ ခိုင်ခံ့တောင်းတင်းပြီး ပြင်းထန်သည့် လေတိုးအားကို ကောင်းစွာခံနိုင်ရည်ရှိသော အရည်အသွေး မြင့်သည့်လေကာမှန်ကို ရရှိလာပါတယ်။


ယနေ့ခေတ်သစ် နည်းပညာမြင့်၊ မြန်နှုန်းမြင့် မော်တော်ကားများသည် တစ်နာရီလျှင် ကီလိုမီတာ လေးရာကျော်ခန့်အထိ မောင်းနှင်နိုင်စွမ်း ရှိလာနေကြပြီဖြစ်ရာ ကား၏မြန်နှုန်းနှင့်အညီ တစ်နာရီလျှင် ကီလိုမီတာလေးရာနီးပါးနှုန်းမျှဖြင့် ရှေ့မှ ဆန့်ကျင်ခုခံထားသည့် လေထု၏တွန်းအားကို ကောင်းစွာခံနိုင်ရည်ရှိသော လေကာမှန်များဖြင့်သာ တပ်ဆင်ထုတ်လုပ်ပေးနေကြရပြီ ဖြစ်ပါတယ်။ ပြင်းထန်သည့် လေတွန်းအားနှင့် ကျောက်ခဲစငယ်ကလေးများ၏ ထိမှန်မှုကိုပါ ကောင်းစွာခံနိုင်ရည်ရှိနေပြီဖြစ်သော မျက်မှောက်ခေတ်၏ အရည်အသွေးမြင့် လေကာမှန်များထုတ်လုပ်သည့် နည်းပညာသည် အခြားသော မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်သည့် ခေတ်မီနည်းပညာများအား အမီလိုက်နိုင်သည်ဆိုသည်ကို သံသယဖြစ်စရာ မလိုတော့ပါ။

Source;Automobile.com.mm

Read 1434 times