Hijet Grade ဘယ်လိုခွဲမလဲ


DAIHATSU HIJET ဆိုတာကို မြန်မာပြည်မှာ အနယ်နယ် အရပ်ရပ်မှာ မသိသူမရှိသလောက်ပါပဲ။ အစပိုင်းကတော့ SUZUKI CARRY TRUCK ကားလေးတွေက မြန်မာပြည်ထဲ ကိုအရင်ဝင်ရောက်လာတာပါ။ နောက်မှ DAIHATSU တံဆိပ်နဲ့ HIJET ဆိုတဲ့ KEI TRUCK ကားလေးကဝင်ရောက်လာတာပါ။

KEI TRUCK လို့ခေါ်ရတာကတော့ ဂျပန်နိုင်ငံမှာ ကားသေးလေးအနေနဲ့ ၆၆၀ စီစီ ကားလေးတွေကို KEI ကားဆိုပြီးခေါ်ပါတယ်။ဒီတော့ ဒီ ၃လုံးထိုးလေးတွေကလဲ KEI ကားလေးတွေဖြစ်သွားတာပါ။ MINI TRUCK ကားလေးတွေပေါ့ ဆီစားသက်သာပြီး လိုအပ်သလို အသုံးပြုနိုင်တဲ့ကားအမျိုးအစားလေးတွေပါ။

DAIHATSU HIJET လေးတွေက အခုမှထုတ်တာမဟုတ်ပါဘူး။ ၁၉၆၀ ပြည့်နှစ်ကထဲက ထုတ်လုပ်ခဲ့တာပါ။ အဲ့တုန်းကတော့ လူသိမများသေးပါဘူး။ MAZDA ရဲ့ လေးဘီးကားတွေနဲ့ တတန်းထဲပေါ့။ အခုဆိုရင် ထုတ်လုပ်လာတာ မျိုးဆက် ၁၁ ဆက်မြောက်နေပါပြီ။ ဒီလိုကားလေးတွေကို အစက 2STROKE လေးတွေနဲ့သာ လာပါတယ်။ HIJET မျိုးဆက် ၉ ဆက်လောက်မှ မြန်မာနိုင်ငံမှာခတ်စားလာပါတယ်။ ၂၀၀၄ မော်ဒယ်ထိပြောလို့ရပါတယ်။ ၂၀၀၅ မော်ဒယ်ကနေမှ ၂၀၁၃ ထိကို ပုံစံမပြောင်းလဲပဲ ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ မှာတော့ ရှေ့ရှယ်လ်ပုံစံနဲ့ အတွင်းခန်းတွေပါ အနည်းငယ်ပြောင်းလဲလာတာကိုတွေ့ရမှာပါ။ ချက်စီအနေနဲ့ကလဲ ပြောင်းလဲသွားပါပြီ။ ၂၀၁၃ မော်ဒယ်ထိကို S200 အနေနဲ့ထုတ်လုပ်ခဲ့ပြီးတော့ ၂၀၁၄ မှာတော့ S500P ချက်စီနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။

HIJET ဂရိတ်တွေကိုတော့ ၂၀၁၃ ထိကို SPECIAL ၊ AC-PS SPECIAL ၊ EXTRA ၊ AC-PS EXTRA ၊ JUMBO ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဂရိတ်အားလုံးကို အော်တို ဂီယာ၊ မန်နှူရယ် ဂီယာရွေးချယ်နိုင်သလို 2WD, 4WD စနစ်အနေနဲ့လဲ ရွေးချယ်နိုင်ပါတယ်။ SPECIAL ဆိုတာကတော့ များသောအားဖြင့်တွေ့နေရတဲ့ ကတုံးလို့ပြောလို့ရပါတယ်။ ဘာမှမပါဝင်ပဲ မန်နူရယ်ဂီယာ ၊ အော်တိုဂီယာနဲ့ပဲ ရွေးချယ်နိုင်မှာပါ။ AC-PS SPECIAL မှာတော့ AIRCON ၊ POWER STEERING တွေပါဝင်လာပါတယ်။ တခါတလေမှာ တခြမ်းဆိုပြီး AIRCON ပဲ ပါလာတာတို့ POWER STEERING ပဲ ပါလာတာတို့ ရှိတတ်ပါတယ်။ ဒါကတော့ ပထမဆုံးအုံနာက စဝယ်တဲ့ အချိန်မှာ AIRCON ပဲလိုချင်လို့ POWER STEERING လေးပဲလိုချင်လို့ ဆိုပြီးတော့ OPTIONAL အနေနဲ့တပ်ဆင်ခိုင်းတာမျိုးရှိလို့ တခြမ်းသာပါလာတတ်တာပါ။ ငွေကြေးကို အများအပြားမသုံးပဲ ခြုံလိုက်တဲ့သဘောပါ။ EXTRA မှာတော့ ရှေ့ရှယ်လ်အနည်းငယ် ပြောင်းလဲလာပြီးတော့ POWER WINDOW တွေပါလာတတ်ပါတယ်။ ခေါင်နိမ့်ခေါင်မြင့်ကိုလဲ ရွေးချယ်နိုင်ပါသေးတယ်။ နောက်ဆုံးဂရိတ်အမြင့်ဆုံးကတော့ JUMBO ဂရိတ်ပါ။ ကျွန်တော်တို့နိုင်ငံမှာ လူကြိုက်များသလို ဈေးလဲခေါင်ခိုက်နေတတ်ပါတယ်။

EXTRA CAB လို နောက်ခန်းအကျဉ်းလေးပါလာပြီးတော့ AC ၊ PS ၊ PW စတဲ့ အမျိုုးမျိုး ပါလာတတ်ပါတယ်။ အင်ဂျင်ကိုလဲ ၂၀၀၄ ခုနှစ်ထိကို EF-VE အင်ဂျင်နဲ့ ထုတ်လုပ်ပေးခဲ့ပြီး ၂၀၀၇ လောက်မှာတော့ KF-VE 12VALUE ၃လုံးထိုး အင်ဂျင်နဲ့လာပါတယ်။ MANUAL GEAR ၅ ချက်နဲ့ AUTO GEAR ၃ ချက်နဲ့ပါ။ ဆီတိုင်ကီကတော့ ၃၈လီတာ ဝင်ဆံပါတယ်။ 2WD ကို ချက်စီ S201P နဲ့ ထွက်ပြီးတော့ 4WD ကို ချက်စီ S211P ချက်စီ်နဲ့ ထွက်ပါတယ်။၂၀၀၅ ထိထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ချက်စီ S200P နဲ့ S210P ဆိုပြီးထွက်မှာပါ။ ကားရဲ့ အရှည် 3395mm အကျယ် 1475mm အမြင့် 1780mm ရှိပါတယ်။

2014 မှာထုတ်လုပ်တဲ့ HIJET ကိုတော့ ချက်စီ S500P နဲ့ စလာပြီးတော့ ဂရိတ်အနေနဲ့ STANDARD ၊ AC-PS STANDARD ၊ HI ROOF ၊ EXTRA ၊ JUMBO ဆိုပြီးတော့သာ ပြောင်းလဲခဲ့တာပါ။ အတွင်းခန်းတွေ အနည်းငယ်ပြောင်းလဲလာပြီးတော့ ကျန်တာကတော့ ၂၀၁၃ ထိထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေနဲ့ တူတူပါပဲ။ ထူးခြားသွားတာကတော့ AUTO GEAR ၄ ချက်နဲ့ ထုတ်လုပ်ပေးထားတာပါ။ တာယာတွေကို 145R 12 LIGHT TRUCK TIRE တွေနဲ့တပ်ဆင်ပေးထားပါတယ်။

2WD ကို ချက်စီ S500P နဲ့ 4WD ကို တော့ S510P နဲ့ ထွက်မှာပါ။ လက်တွေ့မှာတော့ 4WD က ဆီစားတယ်ပြောလို့ရပေမယ့် TRANSFER ခလုတ်ပါဝင်လို့ လိုအပ်မှသာ သုံးရလို့ ဆီစားအများကြီးမကွာခြားသွားပါဘူး။ ထုတ်လုပ်တဲ့ စရိတ်ကလဲ 4WD က ပိုမိုဈေးများနေတာကိုတွေ့နိုင်မှာပါ။ ဆီစားနှုန်းကိုတော့ S200 စီးရီးမှာ ဓာတ်ဆီတစ်လီတာကို ပျမ်းမျှ 16.8KM/L ထိသာမောင်းနှင်နိုင်ပေမယ့် 2014 မော်ဒယ်ဖြစ်တဲ့ S500 စီးရီးမှာတော့ ၁ လီတာကို 19KM/L ထိမောင်းနှင်နိုင်လာတာကိုတွေ့ရမှာပါ။ ဆီစားသက်သာတဲ့ KEI ထရပ်ကားတစ်စီးလို့ပြောလို့ရနိုင်ပါတယ်။

DAIHATSU HIJET ထရပ်ကားတွေကို FLAT BODY (သဲဘော်ဒီ) ၊ BOX TRUCK (ပုံးခြောက်) ၊ FREEZER BOX (အအေးခန်းပုံးစို) ၊ PLATFORM TRUCK (ဓာတ်တိုင်အမြင့်တက်ပြင်သည့်) ကားတွေကို တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ အဲ့ဒါတွေကိုတော့ DAIHATSU က တပ်ဆင်ပေးခြင်းမျိုးမဟုတ်ပဲ အပြင် BOX ကားကုမ္ပဏီတွေကနေ တပ်ဆင်ပေးထားတာပါ။ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းပေါ်မူတည်ပြီးတော့ တည်ဆောက်ပေးထားလို့ တချို့လဲ အသုံးတည့်သလို တစ်ချိုု့လဲ ဖြုတ်ချပြောင်းလဲ ပစ်နေရတာကို တွေ့နေရမှာပါ။

Credit;မောင်သန့်ဇင်


 

Read 6264 times