ကားဘရိတ်စနစ်ကို အကျိုးရှိရှိအသုံးချမယ်


မော်တော်ယာဉ်မောင်းနှင်တဲ့နေရာမှာ ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးချတတ်ရင် ယာဉ်တိုက်မှုအန္တရာယ်တွေက ရှောင်ရှားနိုင်သလို ဘရိတ်ကို အသုံးမချတတ်တဲ့ အတွက် အန္တရာယ်နဲ့ရင်ဆိုင်ရတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးပြုနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရှိန်ကိုလျှော့ချပါ

မောင်းနှင်နေတဲ့ ကားတစ်စီးကို ဘရိတ်နင်းလိုက်ရင် ကားက အရှိန်လျော့သွားပြီး အချိန်တန်ရပ်သွားမှာပဲလို့ ယာဉ်မောင်းသူတိုင်း ခပ်ပေါ့ပေါ့တွေးမိကြပါတယ်။

အဝေးပြေးလမ်းမှာ မြန်နှုန်းမြင့်မောင်းတဲ့အခါ မထင်မှတ်ဘဲ အန္တရာယ်အကွေ့နဲ့ကြုံရရင် ဘရိတ်ကို အလျင်စလိုနင်းမိကြပါတယ်။ အဲသည်အခါမှာတော့ တိမ်းမှောက်တာတွေ ဖြစ်နိုင်ပါတယ်။

Off – road ကားလို အင်ဂျင်ပါဝါကြီးတဲ့ကားတွေက လမ်းမရှိတဲ့ ခရီးကြမ်းတွေမှာ အဆွဲသန်ပါတယ်။ အဲဒါကို အဝေးပြေးလမ်းမှာ ဖိုးဝှီးဒရိုက်နဲ့ အရှိန်ကုန်မောင်းနှင်တဲ့အခါ ရုတ်တရက်ပေါ်လာတဲ့ အကွေ့ကြောင့် ဘရိတ်တအားနင်းမိလို့ တိမ်းမှောက်ရတာတွေလည်း ရှိပါတယ်။

ဒါကြောင့် ရုတ်တရက် ဘရိတ်ဖိနင်းတာမျိုး ရှောင်ကြဉ်ရမှာဖြစ်ပြီး အကွေ့နေရာတွေ၊ စလိုးဒေါင်းတွေ မရောက်ခင်ကတည်းက အရှိန် လျှော့ချရမှာ ဖြစ်ပါတယ်။

ရုတ်တရက် ရပ်တန့်စေတာဟာ အတည်စွမ်းအင်ကို ဆန့်ကျင်တာဖြစ်ပြီး ယာဉ်ကို လွင့်စဉ်တိမ်းမှောက်စေတဲ့အထိ ဖြစ်စေနိုင်တာဖြစ်တယ်။ ဘရိတ်ဖြည်းဖြည်းချင်းနင်းတာနဲ့ တည်တည်ငြိမ်ငြိမ် ရပ်တန့်နိုင်တာဖြစ်တယ်။

(၂) ဘယ်ခြေထောက်နဲ့ မနင်းနဲ့

ဘရိတ်ကိုနင်းတဲ့အခါ ညာဘက်ခြေထောက်နဲ့သာ အသုံးပြုသင့်ပါတယ်။ လှုပ်ရှားမှု တစ်ခုအတွင်းမှာ ဘယ်ခြေထောက်က ထိရောက်တဲ့လှုပ်ရှားမှုအတွက် နှေးကွေးနေပြီး အနီးကပ်မှ ဘရိတ်ကို ဖိနင်းမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘရိတ်ကိုနင်းတဲ့အခါ ညာခြေထောက်ကို အမြဲတမ်း စွဲစွဲမြဲမြဲအသုံးပြုတာက ပိုမိုတိကျတဲ့ ရပ်တန့်မှုကို ဖြစ်စေနိုင်မှာပါ။

(၃) လမ်းခရီးကို မှတ်သားထားပါ

အဓိကကတော့ လီဗာကို လျှော့ချပြီး ရုတ်တရက် ဘရိတ်အသုံးပြုတာမျိုးမဖြစ် အောင် လမ်းခရီးကို ကြိုတင်မှတ်သားထားတာမျိုးပါ။ ဥပမာအနေနဲ့ ကိုယ်သွားမယ့်ခရီး လမ်းမှာ စလိုးဒေါင်းလိုဟာမျိုးက ဘယ်နေရာတွေမှာ ရှိတယ်၊ တောင်အတက်က ဘယ်နေ ရာ၊ မတ်စောက်တဲ့အဆင်းက ဘယ်နေရာမှာရှိတယ် စတဲ့ခရီးလမ်းအခြေအနေတွေ မှတ်သားထားပြီး အဲသည်နေရာတွေမရောက်ခင်ကတည်းက အရှိန်လျှော့ချတာက ရုတ်တရက် ဘရိတ် ဖိနင်းရတာမျိုးမရှိတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်နိုင်မှာဖြစ်တယ်။

(၄) ရှေ့ကားနောက်က ကပ်မလိုက်ပါနဲ့

ရှေ့ကားနဲ့ နောက်ကားကြားမှာ လုံလောက်တဲ့အကွာအဝေးရှိနေရပါမယ်။ လုံလောက်တဲ့ အကွာအဝေးမရှိလို့ ရှေ့ကားက ဒက်စတော့ပ်အုပ်လိုက်တဲ့အခါ နောက်ကားက အချိန်မီ မရပ်တန့်နိုင်တော့ဘဲ နောက်က ဝင်တိုက်မိရာကနေ ဆင့်ကဲဆင့်ကဲယာဉ်တိုက်မှုတွေ ကြုံကြရပါတော့တယ်။

ဒါကြောင့် ရှေ့ကားနောက်က ကပ်မလိုက်မိဖို့ သတိထားရပါမယ်။ မိမိကားကို ဘရိတ်နင်းထားပြီး ဆက်ရွေ့နိုင်တဲ့အကွာအဝေးနဲ့ ယာဉ်ရဲ့အရှိန်နဲ့ဆက်သွားနိုင်တဲ့ အကွာအဝေးနှစ်ခုကို ပေါင်းပြီး ရှေ့ကားနဲ့ ခွာလိုက်ရမယ့် အကွာအဝေးကို အမြဲတွက်ချက်ပြီး အဲသည်အကွာအဝေးအတိုင်း ရှေ့ကကားနဲ့ခွာပြီး မောင်းနှင်တာက အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။

(၅) ယာဉ်ပေါ်မှာ ပုံမှန်ထက် အလေးချိန်ပိုနေရင်

ယာဉ်မောင်းသူအနေနဲ့ ယာဉ်ပေါ်မှာ မောင်းနှင်နေကျထက် အလေးချိန်ပိုနေသလားဆိုတာ သတိထားရပါမယ်။ အလေးချိန်များနေတဲ့ ယာဉ်ရဲ့ဟန်ချက် ပြောင်းလဲမှုအပေါ်မူတည်ပြီး ဘရိတ်အသုံးပြုတဲ့နေရာမှာ ထိန်းသိမ်းဆောင်ရွက်ရတာတွေ ရှိပါတယ်။ အဲဒါကို သတိမထားဘဲ မောင်းနှင်ရင်တော့ ယာဉ်ရဲ့ တည်ငြိမ်မှုရရှိဖို့ ခဲယှဉ်းမှာဖြစ်ပါတယ်။ အဲဒါကြောင့် အလေးချိန်ကို လျှော့ချရပါမယ်။

(၆) ဘရိတ်ဆီ ပုံမှန်လဲလှယ်ပါ

အရေးပေါ်ရပ်တန့်ရတဲ့အခါ ဘရိတ်ဆီရဲ့ဖိအားလျော့ကျပြီး ရပ်တန့်လို့မရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဘရိတ်ဆီရဲ့လယ်ဗယ်ကို အမြဲစစ်ဆေးတာ၊ အချိန်မှန်လဲလှယ်တာတွေ ပြုလုပ်ရပါမယ်။

(၇) ဘရိတ်စနစ် ပုံမှန်စစ်ဆေးပါ

ဘရိတ်စနစ်ထဲမှာ အစိတ်အပိုင်းတွေ ၁၂ မျိုးမကပါရှိပါတယ်။ အဲဒါတွေကို တစ်ခုချင်းစီ ရဲ့အရည်အသွေးပြည့်မီဖို့ ကျွမ်းကျင်တဲ့ဝပ်ရှော့ဆရာနဲ့စစ်ဆေးပြီး အရည်အသွေးကောင်းတဲ့ အစိတ်အပိုင်းတွေနဲ့ အစားထိုးလဲလှယ်တာ၊ ပြုပြင်တာတွေ ပုံမှန်ပြုလုပ်ရမှာဖြစ်တယ်။ ဒါမှလည်း ဘရိတ်စနစ်က အတိအကျရပ်တန့်တာမျိုး ဆောင်ရွက်နိုင်မှာဖြစ်တယ်။

ဒစ်ဘရိတ်နဲ့ ဒရမ်ဘရိတ်တွေရဲ့ ဘရိတ်ပက်နဲ့ ဘရိတ်ရှူးတွေ ကောင်း မကောင်း ကိုလည်း မိမိမျက်မြင်စစ်ဆေးနိုင်ပါတယ်။ သိရှိတာနဲ့ အသစ်လဲလှယ်လိုက်ရင် အန္တရာယ်ကို ကာကွယ်ရာရောက်တဲ့အပြင် လောင်စာဆီအကုန် သက်သာတဲ့အတွက် ငွေကြေးချွေတာနိုင်လို့ အဆင်ပြေပါတယ်။

ATO

Read 1483 times