အင်ဂျင်ဝိုင်က ဘာတွေ လုပ်ပေးသလဲ


 အင်ဂျင်ဝိုင်က ဘာတွေ လုပ်ပေးသလဲ

 

ကားအင်ဂျင်က ရှုပ်ထွေးတယ်။ အင်ဂျင်ဝိုင်က အင်ဂျင်ရဲ့ သွေးဖြစ်ပါတယ်။ 
ကိုယ်ခန္ဓာထဲ သွေးလှည့်ပတ်တဲ့အတိုင်း အင်ဂျင်ဝိုင်ကလည်း အင်ဂျင်မှာ လှည့်ပတ်နေတယ်။ အဲဒီလို လှည့်ပတ်နေတဲ့အခါမှာ အင်ဂျင်ဝိုင်က ဘာတွေ လုပ်ပေးသလဲ။

၁. ချောဆီအဖြစ် လုပ်ကိုင်ပေးပါတယ်။

အင်ဂျင်ထဲမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအကြား အင်ဂျင်ဝိုင်က နေရာဝင်ယူပြီး မျက်နှာပြင်နှစ်ခုအကြား ပွတ်တိုက်မှုတွေ လျော့နည်းအောင် လုပ်ပေးပါတယ်။ ပစ္စတင်နဲ့ ဆလင်ဒါနံရံအကြား ချောဆီအဖြစ် ဝင်ပါပေးပြီး ပွတ်တိုက်မှုလျော့နည်းအောင် လုပ်ပေးတယ်။ 

၂. သန့်ရှင်းရေး လုပ်ပေးတယ်။

အင်ဂျင်ထဲမှာ လောင်စာဆီကို မီးလောင်ပေါက်ကွဲစေလိုက်တယ်။ အဲဒီအခါ စွန့်ပစ်ရတော့မယ့် ပစ္စည်းတွေ ထွက်လာတယ်။ ကာဘွန်အောက်ဆိုဒ်၊ နိုက်တြိုဂျင် အောက်ဆိုဒ်၊ ဆာလဖာအောက်ဆိုဒ် စတာတွေ ထွက်လာတယ်။ ဆလင်ဒါထဲ ဆက်ရှိနေလို့ မရအောင် အင်ဂျင်ဝိုင်က သယ်ထုတ်ပေးတယ်။ 
အဲဒါကြောင့် အင်ဂျင်ဝိုင်က ကြာလာတဲ့အခါ မည်းညစ်သွားရတာ ဖြစ်ပါတယ်။
အင်ဂျင်ထဲ ရှိနေတဲ့ ချေးမှုန်တွေ အမှုန်အမွှားတွေကိုလည်း အင်ဂျင်ဝိုင်က သယ်ထုတ်ပေးပါတယ်။ 

၃. အင်ဂျင်ထဲ အောက်ဆိုဒ်ဖြစ်ပေါ်မှုများ လျော့နည်းစေတယ်။

လောင်စာဆီကို အင်ဂျင်ထဲ မီးလောင်ပေါက်ကွဲဖို့အတွက် မီးစရှို့တဲ့အခါ အောက်ဆီဂျင် လိုအပ်တယ်။ လေထဲကနေ ခေါ်သွင်းပေးတယ်။ အောက်ဆီဂျင်က ပူပူလောင်လောင်မှာ ဓာတ်ပြုပြီး အောက်ဆိုဒ်တွေ ထွက်ပေါ်စေတယ်။ သံသားနဲ့ အောက်ဆီဂျင် တွဲမိလို့ အောက်ဆိုဒ် ဖြစ်တာကြောင့် သံသားမျက်နှာပြင်မှာ သံချေး တက်ပါတယ်။ အင်ဂျင်ဝိုင်က သံသားမျက်နှာပြင်ပေါ်မှာ အလွှာအဖြစ် အုပ်ကာပေးထားလို့ သံသားနဲ့ အောက်ဆီဂျင် ထိတွေ့မှု နည်းပါးစေတဲ့အတွက် သံနဲ့ တွဲပြီး အောက်ဆိုဒ်ဖြစ်ရလို့ အခွင့်အလမ်း နည်းပါးသွားပြီး သံချေးတက်ခြင်း လျော့နည်းစေပါတယ်။ 

၄. အပူတွေ သယ်ဆောင်ပေးတယ်။

အင်ဂျင်ဝိုင်က အင်ဂျင်အောက်မှာ တည်ရှိတဲ့ အောက်ခံခွက်ထဲကနေ အင်ဂျင်ထဲကို ဝင်တယ်။ ပြီးရင် ပြန်ထွက်လာပြီး အောက်ခံခွက်ထဲကို ပြန်ရောက်လာတယ်။ အဲဒီအခါမှာ အင်ဂျင်ထံမှ အပူတွေ သယ်ဆောင်လာပါတယ်။ 

Read 332 times