စမတ်ဖုန်း ၄ လုံး အမြဲသုံးကြတဲ့ ဟောင်ကောင်တက္ကဆီ ယာဉ်မောင်းများ


ဟောင်ကောင်မှ တက္ကဆီယာဉ်မောင်းများ ကားမောင်းနေစဉ် စမတ်ဖုန်းများနှင့် တက်ဘလက်တို့ကို တစ်ချိန်လုံး သုံးစွဲနေကြသည့်အတွက် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တို့ စိုးရိမ်မကင်း ဖြစ်မိကြသည်။
တက္ကဆီ ယာဉ်မောင်းတစ်ဦးအဖို့ စမတ်ဖုန်း ဘယ်နှခု လိုအပ်မည်နည်းဟု မေးခွန်း ထုတ်သည်။ တက္ကဆီကား ဒတ်ရှ်ဘုတ်ပေါ် အစီအရီခင်းကျင်းထားသော စမတ်ဖုန်းနှင့် တက်ဘလက်အရေအတွက်ကို ကြပ်မတ်ဖို့ လိုနေသည်ဟု ယူဆသည်။ 
ယာဉ်မောင်းတို့က သူတို့သည်  ယာဉ်မောင်းနှင်နေစဉ် စမတ်ဖုန်းများ သုံးစွဲပြီး ဝင်ငွေကို အများဆုံးရအောင် လုပ်ဆောင်ကြရသဖြင့် စမတ်ဖုန်းများ သုံးစွဲဖို့ လိုအပ်သည်ဟု အခိုင်အမာ ပြောဆိုကြသည်။
အာဏာပိုင်တို့က စမတ်ဖုန်းနှင့် တက်ဘလက် နှစ်ခုထက်  ပိုမသုံးကြရန် တိုက်တွန်းသည်။ တက္ကဆီယာဉ်မောင်းတို့က အနည်းဆုံး  ၄ ခုတော့ လိုသည်ဟု ဆိုကြသည်။

တက္ကဆီယာဉ်မောင်း မိုက်ကယ်မန်း (အမည်လွှဲ)က  သူ့တက္ကဆီ ဒက်ရှ်ဘုတ်ပေါ်တွင် စမတ်ဖုန်း ၄ လုံးနှင့် တက်ဘလက်တစ်ခု ခင်းကျင်းထားသည်။ တက္ကဆီငှားသည့် အက်ပ်များထံမှ ငှားဖို့ ခေါ်သည်ကို မျက်ခြည်မပြတ် စောင့်ကြည့်သည်။ ကြိုတင်အငှား လက်ခံပေးသည်။ လမ်းကြောင်းများတွင် ယာဉ်ကြောကျပ်သည့် လမ်းပိုင်းများကိုလည်း မြေပုံပေါ်မှာ ဆန်းစစ်သည်။ အခြားတက္ကဆီယာဉ်မောင်းများနှင့်လည်း အဆက်အသွယ်မပြတ် ရှိနေပြီး သတင်းဖလှယ်သည်။ မိုက်ကယ်မန်းသည် ညဆိုင်းဆွဲသူ ဖြစ်သည်။ တစ်လဝင်ငွေ ဟောင်ကောင်ဒေါ်လာ ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၉၄၀) ရရှိသည်။ ဖုန်းထဲမှ အက်ပ်များ၏ အကူအညီများကို အချိန်ပြည့် သူရယူပြီး တက္ကဆီဆွဲနေရသည်ဖြစ်ရာ အက်ပ်များ အသုံးမပြုပါက သူ့ဝင်ငွေ အနည်းဆုံး ၄၀% လျော့ကျလိမ့်မည်ဟု သူက ဆိုသည်။ 

ဟောင်ကောင်တက္ကဆီယာဉ်မောင်းတို့သည် ကားမောင်းရင်း စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် အလုပ်ရှုပ်နေကြသည်မှာ ထုံးစံဖြစ်သည်။ သို့ဖြစ်ရာ ယာဉ်အန္တရာယ် ဖြစ်ပွားမည့်အရေး စိုးရိမ်စရာ ဖြစ်နေသည်။ 

 

 

ကက်ဘီမန်း(အမည်လွှဲ) သည် အသက် ၃၁ နှစ်ရှိသူ တက္ကဆီယာဉ်မောင်းတစ်ခုဖြစ်သည်။ သူ့ကားဆီသို့ ယာဉ်ထိန်းရဲ လာနေသည်ကို တွေ့လိုက်သည်နှင့် ဒက်ရှ်ဘုတ်ပေါ်တွင် တင်ထားသော စမတ်ဖုန်းများကို မြန်မြန်ဆန်ဆန် သိမ်းဆည်းလိုက်သည်။ စမတ်ဖုန်း နှစ်လုံး ဆိုလျှင် လုံလောက်သည်ဟု သူက ဝန်ခံသည်။ သို့သော် သူက ပြောပြသည်။
“ဖုန်းတွေ သုံးလေးလုံး တစ်ပြိုင်တည်း သုံးပြီး အက်ပ်တွေကို တောက်လျှောက်သုံးနေမှ ဆရာကျတယ်လို့ ကျွန်တော် ခံစားမိတယ်”
မကြုံဖူးသေးသည့် ကားငှားစီးသူအဖို့ အံ့အားသင့်စရာ ဖြစ်သော်လည်း စီးနေကျခရီးသည်များမှာ မသိကျိုးကျွန်ပြုပေးကြသည်။ တိုင်တန်းခြင်း မရှိခဲ့ဟု သူက ပြောပြသည်။ 
“တချို့က ကျွန်တော် ချခင်းထားတဲ့ ဖုန်းတွေကို ဓာတ်ပုံရိုက်ယူကြတယ်။ သူတို့က သဘောကျကြတယ်။ နိုင်ငံခြားသား ခရီးသည်တချို့က ကျွန်တော့ကို ရယ်စရာ ပြောတယ်။ ကျွန်တော့တက္ကဆီက တိုက်ပွဲဝင် မော်တော်ယာဉ်နဲ့ တူတယ်တဲ့”
သူသုံးစွဲနေသည့် ဒစ်ဂျစ်တယ် ကိရိယာများတွင် စမတ်တက်ဘလက် တစ်လုံးနှင့် စမတ်ဖုံး လေလုံး ပါဝင်သည်။ တက်ဘလက်သည် တက္ကဆီအငှားအက်ပ်အချို့ထံမှ  အော်ဒါကမ်းလှမ်းလာလျှင် ရယူဖို့အတွက် သုံးစွဲသည်။ စမတ်ဖုန်းနှစ်လုံးမှာ စကားပြောစက် ဝေါကီတော်ကီအဖြစ် သုံးသည်။ အခြား တက္ကဆီယာဉ်မောင်းများနှင့် ဆက်သွယ်ပြောဆိုဖို့ ဖြစ်သည်။ ယာဉ်ကြော အကျပ်အချောင် အခြေအနေ၊ လမ်းအခြေအနေ၊ တက္ကဆီတားနေသည့် ခရီးသည် ရှိနေသည့် နေရာများ၊ အော်ဒါ လက်လွှဲပေးသည်များ အစရှိသည့် ကိစ္စများဆက်သွယ်ပြောဆိုကြဖို့အတွက် သုံးစွဲသည်။ 
ဖုန်းတစ်လုံးမှာ တက္ကဆီအငှား အက်ပ် Uber  အတွက် သီးသန့်သုံးစွဲသည်။ 
ဖုန်းတစ်လုံးကို တည်နေရာပြအက်ပ် ဂျီပီအက်စ်အတွက် သုံးစွဲပြီး ငှားရမ်းသူ များပြားသည့်အလျောက် Uber က တက္ကဆီခ ဈေးမြှင့်တင် သတ်မှတ်ပေးနေသည့် နေရာများကို ကြည့်ရှုရန် သုံးစွဲသည်။ 
“ငှားမယ့် ခရီးသည် လိုက်ရှာရင်း အချိန်ကုန်မခံနိုင်ဘူး။ လမ်းတွေပေါ်မှာနဲ့ တက္ကဆီငှားရန် နေရာတွေမှာ လိုက်မရှာဘူး။ ဖုန်းတွေထဲ ဝင်လာတာတွေကို ထိထိရောက်ရောက် လုပ်ကိုင်ပေးပြီး ခရီးသည် အမြဲရနေစေတယ်။ တစ်ယောက်ဆင်းသွားရင် နောက်ထပ်အငှားအတွက်က ချိတ်ထားပြီးသား ဖြစ်နေပြီ” ဟု သူက ဆိုသည်။

 

 

ပို့ဆောင်ရေးဝန်ကြီး Frank Chan Fan က ဥပဒေပြုကောင်စီထံ တင်ပြခဲ့ရာတွင် တက္ကဆီတစ်စီးတွင် သုံးစွဲရန် ခွင့်ပြုသည့် ဖုန်း အရေအတွက်နှင့် ဖုန်းထားရှိရမည့်နေရာတို့ကို ယာဉ်စည်းကမ်းများ ထုတ်ပြန်ပြဋ္ဌာန်းမည်ဟု ဆိုသည်။ ဖုန်းသုံးစွဲရသည့် ရည်ရွယ်ချက်များကိုလည်း ပြဋ္ဌာန်းပေးထားမည်ဖြစ်ရာ အခြားကိစ္စများအတွက် ယာဉ်မောင်းနေစဉ် ဖုန်း သုံးစွဲခွင့် ရှိမည် မဟုတ်ချေ။
ယာဉ်မောင်းနှင်နေစဉ် ဖုန်းသုံးစွဲရန် လက်တွေ့ကျသည့် အကြောင်းပြချက်များ ရှိရမည် ဖြစ်သည်။ မောင်းနှင်ရမည့် လမ်းကြောင်းကို မြေပုံဖြင့် သိရှိရန်၊ ယာဉ်ကြောကျပ်ပိတ်နေသည့် နေရာများ သိရှိရန် စသည့် အကြောင်းပြချက်မျိုးကို လက်ခံပေးမည် ဖြစ်သည်။ 
၂၀၀၀ ခုနှစ် ဥပဒေအရ ယာဉ်မောင်းနှင်နေစဉ် လက်ထဲ မိုဘိုင်းဖုန်း ကိုင်ထားခြင်းကို တားမြစ်သည်။ ဦးခေါင်းနှင့် ပခုံးကြား ဖုန်းညှပ်ထားခြင်းကိုလည်း တားမြစ်သည်။ သို့သော် ဖုန်းများ အစီအရီ ဒက်ရှ်ဘုတ်ပေါ် ခင်းကျင်းထားခြင်းနှင့် ပတ်သက်၍ အဆိုပါ ဥပဒေတွင် တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိချေ။ ဒက်ရှ်ဘုတ်ပေါ် တင်ထားသော ဖုန်း၏ စခရင်ကို တို့ထိနေခြင်းနှင့် ပွတ်ဆွဲနေခြင်းတို့ကိုလည်း ဥပဒေတွင် တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိချေ။ 
ပို့ဆောင်ရေးကဏ္ဍ ဥပဒေရေးသားသူ Frankie Yick Chi-ming က ၂၀၁၄ ခုနှစ်တွင် အစိုးရကို ပန်ကြားခဲ့သော်လည်း အရေးတယူ မရှိခဲ့ချေ။ “ကားဒက်ရှ်ဘုတ်ပေါ်မှာ ကိရိယာ‌တွေ ခင်းကျင်းထားတာ များလွန်းတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ကြာပါပြီ။ ကိရိယာ ၁၃ ခု ခင်းကျင်းထားတဲ့ ယာဉ်မောင်းတောင် ရှိခဲ့ဖူးတယ်။ တချို့ တက္ကဆီသမားတွေက စခရင်ကြီးတဲ့တက်ဘလက်တွေ သုံးကြတယ်။ သူတို့ ရှေ့ကို ကြည့်တဲ့ မြင်ကွင်းမှာ ကန့်လန့်ခံပြီး ကွယ်နေတယ်။ ဘေးကင်းကင်း မောင်းနှင်ဖို့အတွက် အနှောက်အယှက် ဖြစ်နေတယ်”
ဟု သူက ပြောပြသည်။ 
သူက ဖုန်းအသုံးပြုခွင့် ခုရေကို နှစ်ခုအထိသာ ခွင့်ပြုသင့်သည်ဟု ဆိုသည်။ တစ်လုံးမှာ ဂျီပီအက်စ် အတွက် ဖြစ်ပြီး ကျန်တစ်လုံးမှာ ဆက်သွယ်ပြောဆိုဖို့ ဖြစ်သည်။ 
“တစ်ခါက ကျွန်တော့ မိသားစုနဲ့အတူ တက္ကဆီငှားစီးတော့ ဒက်ရှ်ဘုတ်ပေါ်မှာ စမတ်ဖုန်း ခုနစ်လုံး တွေ့တယ်။ ဒရိုင်ဘာက ဝင်လာတဲ့ အော်ဒါတွေ တစ်ခုပဲတစ်ခု ယူနေတယ်။ ကျွန်တော် တကယ်စိုးရိမ်ထိတ်လန့်မိလို့ သူ့ကို အဲဒီလို မလုပ်ဖို့ ပြောတယ်။ အဲဒီလို လုပ်နေကြတာတွေကို အစိုးရက အရေးယူသင့်တယ်” ဟု သူက ပြောသည်။ 
ဟောင်ကောင်တက္ကဆီတို့သည့် တက္ကဆီအက်ပ် Uber ကြောင့် ဝင်ငွေ ပိုရကြသည်။ သို့သော် ဥပဒေချိုးဖောက်ရာ ရောက်နိုင်ကြောင်း ဥပဒေပြုကောင်စီက သတိပေးသည်။ 

အသက် ၄၂ နှစ်ရှိသူ တက္ကဆီယာဉ်မောင်း အင်နီချန်းသည် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ ကျော် ရရှိသည်။ အကယ်၍ သူ့ကို စမတ်ဖုန်း နှစ်လုံးကိုသာ ပေးသုံးမည် ဆိုပါက သူ့ဝင်ငွေ ထက်ဝက်လျော့ကျသွားလိမ့်မည်ဟု ဆိုသည်။ သူမောင်းသည့် တက္ကဆီကား ဒက်ရှ်ဘုတ်ပေါ်တွင် ကိရိယာ ၅ ခု ခင်းကျင်းထားသည်။ သူက ပြောသည်။ “ကျွန်တော့ကား ငှားစီးတဲ့သူ ထက်ဝက်ကျော်က အက်ပ်ကနေတစ်ဆင့် ငှားကြတယ်။ ဖုန်းအရေအတွက်ကို ၂ လုံးပဲ သုံးရမယ်လို့ ကန့်သတ်ချုပ်ချယ်လိုက်ရင် ကျွန်တော် လုပ်ရကိုင်ရတာက အကြီးအကျယ် ထိခိုက်လိမ့်မယ်”
ကိရိယာတွေ များနေသည့်အတွက် သူကားမောင်းနေသည့်အပေါ် ထိခိုက်မှု မရှိဟု သူက ဆိုသည်။ သူအာရုံစိုက်ထား၍ ရသည်ဟု ဆိုသည်။ “ကျွန်တော် မောင်းနေတာကို အာရုံစိုက်ထားတယ်။ မီးနီလို့ ကားကို ရပ်ထားတဲ့အချိန်မျိုးမှာသာ ဖုန်းတွေကို ကျွန်တော် သုံးတယ်။  ခရီးသည် ဆင်းတော့မှာမို့ကားရပ်ထားချိန်မျိုးမှာ သုံးတယ်။ ကျွန်တော် ဘာလို့ မိုဘိုင်းဖုန်းတွေ လေးငါးခု သုံးနေရသလဲဆိုတာ အများစုက နားလည်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ ကျွန်တော့ကို ဘာလို့ အများကြီး သုံးရတာလဲလို့ မေးတယ်”
တက္ကဆီတွေအနေဖြင့် ကိရိယာ လေးခုအထိ ဒက်ရှ်ဘုတ်ပေါ် တင်သုံးခွင့် ပေးသင့်ကြောင်း သူက ဆိုသည်။ “အဲဒါမှ အလုပ်ကိစ္စတွေနဲ့ ဖုန်း အရေအတွက် မျှတလိမ့်မယ်”

ဟောင်ကောင် တက္ကဆီကောင်စီ ဒုဥက္ကဋ္ဌ ငုကွမ်စင်းက အစိုးရသည် မြို့မှာ သုံးနေသည့် တက္ကဆီအငှားအက်ပ် ပလက်ဖောင်းများကို ကြပ်မတ်သင့်သည်ဟု တိုက်တွန်းသည်။ တရားဝင်သတ်မှတ်ထားသော တက္ကဆီ ငှားရမ်းခ နှုန်းထားအောက်တွင် လက်ခံပြီး တရားမဝင် လျှော့ဈေးများဖြင့် လုပ်ကိုင်နေသည်မှာ အများအပြား ဖြစ်နေသည်ဟု သူက ထောက်ပြသည်။ 
“ဒက်ရှ်ဘုတ်ပေါ် ထားတဲ့ ဖုန်းအရေအတွက်ကို ၂ လုံးပဲ ခွင့်ပြုသင့်တယ်။ တက္ကဆီအငှားအက်ပ်အရေအတွက်ကလည်း နှစ်ခု သုံးခုပဲ ရှိသင့်တယ်။ လျှော့ဈေးပေးတဲ့ အက်ပ်တွေ အုံနဲ့ကျင်းနဲ့ ရှိနေပြီး အပြိုင်အဆိုင် ကြမ်းနေတယ်။ အရှုံးပြနေကြပြီး အရှုံးချင်း ပြိုင်နေကြတာ ဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။ 
သုံးစွဲသည့် ကိရိယာ အရွယ်အစားကိုလည်း စည်းကမ်းပြဋ္ဌာန်းပေးရမည်ဟု သူက ဆိုသည်။ ဒက်ရှ်ဘုတ်ပေါ်မှာ တက်ဘလက်နှင့် နုတ်ဘုတ်လက်ပ်တော့များ တင်ခွင့် မပေးသင့်ကြောင်း သူက အကြံပြုသည်။
 

.scmp.com

Read 15941 times