မော်တော်ယာဉ် ထုတ်လုပ်မှုကို ထိခိုက်နေတဲ့ ဝါယာပြဿနာ


မော်တော်ယာဉ် ထုတ်လုပ်မှုကို ထိခိုက်နေတဲ့ ဝါယာပြဿနာ

ကားတစ်စီးမှာ ထုတ်လုပ်ရေး စရိတ်သက်သာတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဝါယာကြိုးအစုအစည်းများက မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းမှာ အခက်အခဲတစ်ခု ဖြစ်နေပါတယ်။
ယူကရိန်းနိုင်ငံက ကားဝါယာကြိုးသွယ်တန်းဖို့အတွက် ဝါယာကြိုးများ အစုံလိုက် ထုတ်လုပ်ပေးပို့နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ယခုအခါ စစ်ပွဲကြောင့် ဝါယာကြိုးထုတ်လုပ်မှုများ ထိခိုက်လို့ အမှာစာများကို အချိန်မီ‌ ပေးပို့နိုင်ခြင်း မရှိတော့ချေ။ ယူကရိန်းမှ ဝါယာကြိုးကို အားထားနေတဲ့ ကားစက်ရုံတွေ ကားထုတ်လုပ်မှု ထိခိုက်ကုန်ပါတယ်။
ဝါယာကြိုး ထုတ်လုပ်မှုက နည်းပညာ အနိမ့်စားကိုပဲ သုံးစွဲထားပြီး ဝါယာမျှင်၊ ပလတ်စတစ် ဝါယာခေါင်း စတာတွေကလည်း ဈေးပေါပါတယ်။
ဝါယာကြိုးတွေက ဈေးသက်သာတဲ့ ပစ္စည်းဖြစ်နေလို့ တန်ဖိုးထက် လက်ခ မကြီးရလေအောင် လုပ်သားခ သက်သာတဲ့နိုင်ငံတွေမှာ ထုတ်လုပ်ကြပြီး ကားစက်ရုံရှိတဲ့ နိုင်ငံတွေဆီ ပေးပို့ပါတယ်။
ဈေးမကြီးတဲ့ ပစ္စည်းဖြစ်ပြီး ထုတ်လုပ်ဖို့ လွယ်ကူတဲ့ ဝါယာကြိုးတွေက ကားတစ်စီးမှာ မပါမဖြစ် ပစ္စည်း ဖြစ်နေလို့ ဝါယာကြိုးတွေ အချိန်မီ မရရင် ကားထုတ်လုပ်မှု ရပ်ထားကြရပါတယ်။

 



Nissan ရဲ့ စီအီးအို Makoto Uchida က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ရာမှာ ယခုအခါ လုပ်သားခ သက်သာဖို့ထက် ပစ္စည်းမပြတ်စတမ်း ရရှိနေဖို့က ပိုအရေးပါနေလို့ လုပ်သားခ သက်သာတဲ့ဆီမှာ ထုတ်လုပ်တဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်ပြီလို့ ဆိုပါတယ်။

Mercedes-Benz က ဝါယာကြိုးတွေ မက္ကဆီကိုမှာ ထုတ်လုပ်ပြီး လေယာဉ်ဖြင့် တင်သွင်းပါတယ်။ ဂျပန်မှ ဝါယာကြိုး ထုတ်လုပ်သူတွေက ယူကရိန်းအစား မော်ရိုကိုသို့ ပြောင်းရွှေ့ ထုတ်လုပ်ကြပါတယ်။ တူနီးရှား၊ ပိုလန်၊ ဆာဘီယား၊ ရိုမေးနီးယားတို့ထံ ပြောင်းရွှေ့ ထုတ်လုပ်ကြတဲ့ လုပ်ငန်းများလည်း ရှိပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ ကားတွေမှာ သုံးစွဲရတဲ့ ဝါယာကြိုးက အလျား စုစုပေါင်းက ပျမ်းမျှအားဖြင့် ၅ ကီလိုမီတာ (၃.၁ မိုင်) အထိ ရှိပါတယ်။
ကားမော်ဒယ် တစ်မျိုးနဲ့ တစ်မျိုး ဝါယာကြိုး တပ်ဆင်ပုံခြင်း ကွဲလွဲပါတယ်။ ကားတစ်စီးစာ တစ်စုံရဖို့ လူလုပ်အားဖြင့်သာ လုပ်ကိုင်ကြရပါတယ်။ မော်ဒယ်တစ်ခုအတွက် ထုတ်လုပ်နေရာမှ နောက်မော်ဒယ်တစ်မျိုးအတွက် တစ်မျိုးပြောင်းပြီး ထုတ်ရင် အချိန်ယူရပါတယ်။ ချက်ချင်း‌ပြောင်းလဲထုတ်လုပ်လို့ မရပါဘူး။

Bentley ရဲ့ စီအီးအို Adrian Hallmark က ၂၀၂၂ မှာ ယူကရိန်းမှ ဝါယာတွေ မရတာကြောင့် ထုတ်လုပ်တဲ့စီးရေ ၃၀~၄၀% လျော့နည်းဖွယ်ရှိကြောင်း ပြောကြားပါတယ်။ အခြားရင်းမြစ်များထံမှာ ပြောင်းရွှေ့ ထုတ်လုပ်ဖို့ကလည်း ခက်ခဲကြောင်း၊ ဝါယာတစ်စုံမှာ မတူတဲ့ အစိတ်အပိုင်း ၁၀ မျိုး ပါဝင်ပြီး ထုတ်လုပ်သူ ၁၀ ဦးထံမှ ရယူကာ ဝါယာကြိုး တစ်စုံရဖို့ တွဲစပ်ပေးရခြင်း ဖြစ်ကြောင်း Adrian Hallmark က ပြောကြားပါတယ်။


MyanmarAutomobileGuide

Read 12392 times