တစ်မူထူးခြားသည့် ဟောင်ကောင် လေလံကားနံပါတ်များ 


တစ်မူထူးခြားသည့် ဟောင်ကောင် လေလံကားနံပါတ်များ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဟောင်ကောင်တွင် အစိုးရလေလံပွဲတစ်ခု၌ ကားနံပါတ် "EL0NMUSK" ကို $1,405 နှင့်ညီမျှသော ဟောင်ကောင်ဒေါ်လာဖြင့် ရောင်းချခဲ့သည်။

ဂဏန်းမပါ အက္ခရာများနှင့် ကြားအလပ် space ပါ ကားနံပါတ်များကို ၂၀၂၃ ဇန်နဝါရီလတွင် လေလံတင်ရောင်းချခဲ့သည့်အထဲ ထင်ပေါ်ကျော်ကြားသည့် လူပုဂ္ဂိုလ်အမည်များအပြင်  "BAD G1RL," "LATTE" "SHADYB1Z"  အစရှိသည်တို့လည်း ပါဝင်သည်။
ဈေးအမြင့်ဆုံး ရခဲ့သည်မှာ "1 HH" ဖြစ်ပြီး ဟောင်ကောင်ဒေါ်လာ ၁၁၅,၀၀၀($14,684) ဖြင့် လေလံဆွဲခဲ့သည်။
ဟောင်ကောင်တွင် နေထိုင်သူများသည် လိုချင်တပ်မက်ဖွယ်ရာ ကားနံပါတ်ပြားတစ်ချပ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ပေးဖို့ စိတ်အားထက်သန်ကြသည်။ 
ကန်တုံတရုတ်စကားတွင် ကံကောင်းသောနံပါတ်ဟု ယူဆသည့် "18" ကို ၂၀၀၈ ခုနှစ်တွင် ဟောင်ကောင်ဒေါ်လာ ၁၆.၅ သန်း (ကန်ဒေါ်လာ ၂.၁သန်း) ဖြင့် လေလံဆွဲသွားခဲ့ပါသည်။
နောက်ထပ် ၈ နှစ်အကြာတွင် "28" ကို ဟောင်ကောင်ဒေါ်လာ ၁၈.၁ သန်း (ကန်ဒေါ်လာ ၂.၃ သန်း) ဖြင့် လေလံအောင်ခဲ့သည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် တနင်္ဂနွေနေ့တွင် ကျင်းပဲ့သည့် တရုတ်နှစ်သစ်ကူး အထူးလေလံတွင် "R" ကို ဟောင်ကောင်ဒေါ်လာ ၂၅.၅ သန်း(ကန်ဒေါ်လာ ၃.၂ သန်း) ဖြင့် လေလံဆွဲခဲ့သည်။
 စံချိန်တင်သည့် အက္ခရာတစ်လုံးတည်း ဖော်ပြသည့် ကားနံပါတ်ပြားတစ်ခုမှာ "W" ဖြစ်ပြီး ၂၀၂၁ မတ်လတွင် ကျင်းပခဲ့သည့် လေလံပွဲတွင် ဟောင်ကောင်ဒေါ်လာ ၂၆ သန်း (ကန်ဒေါ်လာ ၃.၃ သန်း) ဖြင့် လေလံဆွဲခဲ့ပါသည်။
 
ပုံမှန်ကျင်းပပေးနေသည့်  ကိုယ်ပိုင်အမှတ်သညာ ယာဉ်နံပါတ်ပြား လေလံပွဲမှ ရရှိသည့်ဝင်ငွေအားလုံးသည် ဟောင်ကောင်အစိုးရဘဏ္ဍာရေးဌာနထံ ရောက်ရှိသွားကြသည်။


"W" ပြီးလျှင် ဒုတိယ ဈေးအများဆုံးဖြစ်သော  "R" ကို ကြမ်းခင်းဈေး ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ ဖြင့် လေလံစတင်ခဲ့သည်။
 လေလံဆွဲသူတစ်ဦးက ဟောင်ကောင်ဒေါ်လာ ၂ သန်း ပေးလိုက်သည်။ လေလံပြိုင်သူ တစ်ဒါဇင်ကျော်တို့က သူ့ထက်ငါ ဈေးပိုပေးကြရာ မကြာခင်မှာ ၉ သန်းအထိ ရောက်သွားသည်။ ထို့နောက် ၉သန်း ၄ သိန်းသို့ ရောက်ရှိသွားသည်။ အကြိမ် ၆၀ ခန့် ဈေးအပြိုင် ပေးပြီးကြချိန်တွင် ဟောင်ကောင်ဒေါ်လာ ၂၅.၅ သန်းကို လေလံဆွဲသူ အမျိုးသမီးတစ်ဦးက ဈေးကမ်းလှမ်းလိုက်ပြီး လေလံအောင်သွားသည်။ ၎င်း အမျိုးသမီးသည် မီဒီယာများက မေးမြန်းသည်ကို ဖြေကြားခြင်း မပြုဘဲ လေလံပွဲကျင်းပရာ Convention and Exhibition Centre မှ ထွက်ခွာသွားခဲ့သည်။ 
 
 "R" သည် တရုတ်ဗေဒင်တွင် ကံကောင်းသည့် နံပါတ်ဖြစ်ပြီး ကားပြိုင်ခြင်း Racing ကိုလည်း ရည်ညွှန်းသည်။


နှစ်သစ်ကူး အထူးလေလံပွဲတွင် ကမ်းလှမ်းထားသည့် နံပါတ်ပြားအများစုသည် "1388","UU 88", "TT 888" "VV 8888" အစရှိသော  "၈" ဂဏန်းပါသည့် နံပါတ်ပြားများ ဖြစ်သည်။  "၈" အသံထွက်သည် ကံဖေးမခြင်း၊ အခွင့်အလမ်းဆိုသည့် ဝေါဟာရနှင့် သံတူကြောင်းကွဲ ဖြစ်သည်။ 
၎င်းလေလံပွဲတွင် ဒုတိယဈေးအများဆုံးမှာ "292" ဖြစ်ပြီး ဟောင်ကောင်ဒေါ်လာ ၈ သိန်းခွဲဖြင့် လေလံအောင်ခဲ့သည်။
"9" သည် တာရှည်တည်တံ့ခြင်းနှင့် သံတူကြောင်းကွဲ ဖြစ်သဖြင့် လိုချင်သူ များပြားသည်။

သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန အတွင်းရေးမှူး လမ်ဆိုင်းဟွန်းက ၂၀၀၆ ခုနှစ်ကတည်းက အစိုးရအတွက် ကိုယ်ပိုင်အမှတ်သညာ ယာဉ်မှတ်ပုံတင်အမှတ်အသားများ လေလံတင် ရောင်းချခြင်းမှ ဟောင်ကောင်ဒေါ်လာ သန်း ၆၀၀ နီးပါး ရရှိခဲ့ပြီဖြစ်ကြောင်း ၎င်း၏ဘလော့ဂ်တွင် တင်ပြခဲ့သည်။ 

ကားပိုင်ရှင်များအဖို့ တစ်မူထူးခြားသည့် ကားနံပါတ်ပြားများသည် ကိုယ်ပိုင်အဓိပ္ပာယ်နှင့် ကိုယ်ပိုင်ယုံကြည်မှုကို ဆောင်ကျဉ်းထားကြသည်။


 

အိမ်ခြံမြေသူဌေးကြီး Cecil Chao

 

 

အိမ်ခြံမြေသူဌေးကြီး Cecil Chao သည် ကားနံပါတ်ပြား “CEC1L” ကို ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ ကျော် ( ထိုစဉ်က‌ ငွေလဲနှုန်ူအရ ကန်ဒေါ်လာ ၂၅၅၀) ဖြင့် ၂၀၀၇ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ ၎င်းနံပါတ်ပြားကို ၎င်းပိုင်ဆိုင်သည့် Rolls Royce တွင် တပ်ဆင်အသုံးပြုသည်။

သူ့မှာ Bentley တစ်စီးရှိသည်။ သူ့မျိုးရိုးအမည် "CHAO" နံပါတ်ပြား တပ်ဆင်အသုံးပြုထားသည်။

 


သူ့မှာ နောက်ထပ် အမိုးဖွင့်စီးနိုင်သည့် Rolls Royce တစ်စီးရှိသည်။ ဂဏန်းတစ်လုံးတည်း နံပါတ် "4" ကို တပ်ဆင် အသုံးပြုသည်။
"4" ဂဏန်း တရုတ်အသံထွက်သည် မန်ဒါရင်နှင့် ကန်တုံ တရုတ်စကား နှစ်မျိုးစလုံးတွင် "သေခြင်း" နှင့် သံတူကြောင်းကွဲ ဖြစ်သဖြင့် ကံခေ ကံဆိုးသည်ဟု ယူဆကြသည်။

ရှန်ဟိုင်းမြို့ဇာတိဖြစ်သော သူဌေးကြီး Chao က "ကျွန်တော့ကို တရုတ်ပြည် ရှန်ဟိုင်းမှာ မွေးတယ်။ ရှန်ဟိုင်း ဒေသိယ တရုတ်စကားမှာ နံပါတ် ၄ အသံထွက်က ချမ်းမြေ့ခြင်းနဲ့ သံတူကြောင်းကွဲပါ။ ချမ်းမြေ့ခြင်းက ကျွန်တော့ ဘဝ ဒဿနပါ" ဟု ရှင်းပြသည်။


၂၀၀၆ ခုနှစ်မှစတင်၍ ဟောင်ကောင်သယ်ယူပို့ဆောင်ရေးဌာန Hong Kong Transport Department မှ ကိုယ်ပိုင်အမှတ်သညာ ယာဉ်နံပါတ်များ ၄၀,၀၀၀ ကျော်ကို လေလံပစ်ခဲ့ပြီးပြီ ဖြစ်သည်။ ကြမ်းခင်းဈေး ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ (ဒေါ်လာ ၆၄၀) ဝန်းကျင်ဖြင့် လေလံတင်ရောင်းချခဲ့သည်။


ကိုယ်ပိုင်အမှတ်သညာ ယာဉ်နံပါတ်ကို လိုချင်သူက ကိုယ်တိုင် ဖန်တီးရသည်။ ဖန်တီးထားသော နံပါတ်ကို ရနိုင် မရနိုင်၊ သယ်ယူပို့ဆောင်ရေးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ စိစစ်မှု ခံယူရသည်။
ကြားအလပ် space အပါအဝင် စုစုပေါင်း အက္ခရာ ဂဏန်း ၈ လုံးအထိ ခွင့်ပြုသည်။ အိုင် အို ကျူ "I," "O"  "Q" အက္ခရာ သုံးမျိုး မပါရ။ 
အိမ်ခြံမြေသူဌေးကြီး Cecil Chao သည် ကားနံပါတ်ပြား “CEC1L” ကို ယူရသည်မှာ အိုင် ကို ခွင့်မပြုသဖြင့် CECIL ဟု တဲ့တိုး မရနိုင်။ သို့ဖြစ်ရာ အိုင် နေရာတွင် ဝမ်း ကို အစားထိုးပြီး “CEC1L” ဟု နံပါတ်ရယူခဲ့သည်။ သို့သော် ပလိတ်ပြားတွင် I ဟုသာ ဖော်ပြသည်၊။ 


 

စိစစ်မှု ခံယူပြီး ခွင့်ပြုချက် ရရှိသည့်အခါ ၎င်းယာဉ်နံပါတ်ကို လေလံပွဲတွင် လေလံတက်ပေးမည်။ လေလံကို နိုင်အောင် ပြိုင်နိုင်ပါက ၎င်းနံပါတ်ကို ရရှိမည် ဖြစ်သည်။

 

 


ဟောင်ကောင်အခြေစိုက် ဖန်တီးမှုဒါရိုက်တာ Michele Salati သည် လွန်ခဲ့သော သုံးနှစ်က HKVANIT1ES ပရောဂျက်ကို စတင်ခဲ့သည်။ 
တစ်မူထူးခြားသည့် ဟောင်ကောင် လေလံကားနံပါတ်များကို လမ်းများပေါ်မှာ ရိုက်ထားသည့်ဓာတ်ပုံများ ကြုံကြိုက်တိုင်း ရိုက်ယူပြီး ဝဘ်ဆိုဒ်မှာ စုဆောင်းတင်ပြပေးထားသည်။ တစ်မူထူးခြား ကားနံပါတ်ပြား စုစုပေါင်း ခုရေ ၂,၅၀၀ ခန့် ရရှိထားသည်။

 


အောက်ဖော်ပြပါ ဝဘ်ဆိုက်လင့်မှာ ကြည့်ရှုနိုင်ပါသည်။
https://hkvanities.com/create

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 318 times