အိန္ဒိယတွင် Honda က ဘတ်ထရီလဲလှယ်နိုင်သည့် လျှပ်စစ်ဆိုင်ကယ် (၂) စီး မိတ်ဆက်ပြသ


Honda Motor သည် သူ၏ လျှပ်စစ်ယာဉ်ကူးပြောင်းမှုကို တစ်ကမ္ဘာလုံးတွင် လုပ်ဆောင်လျက်ရှိပြီး ဧပြီလ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၌ ၎င်း၏ ဘတ်ထရီ လဲလှယ်နိုင်သော လျှပ်စစ်ဆိုင်ကယ် (၂) စီးကို စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ယခုထွက်ရှိလာမည့် လျှပ်စစ်ဆိုင်ကယ် ၂ စီးကို အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Karnataka ပြည်နယ်တွင် ထုတ်လုပ် တပ်ဆင်မည် ဖြစ်ကာ ယင်းလျှပ်စစ်ဆိုင်ကယ်မော်ဒယ် ၂ ခု တွင် အလွယ်တကူ လဲလှယ်နိုင်သည့် ဘတ်ထရီများ ပါဝင်လာမည် ဖြစ်သည်။ 

 

HMSI သည် ၂၀၂၂ ခုနှစ်တွင် Karnataka ပြည်နယ်ရှိ Bengaluru မြို့တွင် ဘတ်ထရီလဲလှယ်ပေးသည့် ဝန်ဆောင်မှုကို စတင်ပြုလုပ်ခဲ့သည့် Honda Power Pack Energy India နှင့် ပူးပေါင်းကာ ၎င်း၏ အစီအစဉ်များကို အကောင်အထည်ဖော်မည် ဖြစ်ပြီး နောက်ပိုင်းတွင် အခြားမြို့များ၌ ဤဝန်ဆောင်မှုကို တိုးချဲ့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ 

 

 

HMSI သည် တစ်နှစ်တာ ဆိုင်ကယ်အစီးရေ ၆ သိန်း ထုတ်လုပ်မှုဖြင့် စတင်မည် ဖြစ်ပြီး ဈေးကွက်၏ ဝယ်လိုအားအပေါ် မူတည်ကာ တိုးချဲ့ ထုတ်လုပ်သွားမည်ဟု မတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဥက္ကဌဖြစ်သူ Atsushi Ogata ကပြောကြားခဲ့ပြီး ဤအစီအစဉ်ကို ၂၀၂၄ ခုနှစ် မတ်လတွင် စတင်နိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။ 

 

Honda ၏ အိန္ဒိယနိုင်ငံတွင်း ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်ရေးစက်ရုံ ( HMSI ) သည် ၂၀၃၀ ခုနှစ်တွင် တစ်နှစ်တာ ဆိုင်ကယ် အစီးရေ ၁ သန်းအထိ ထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး ၎င်း၏ လျှပ်စစ်ဆိုင်ကယ်များကို ကမ္ဘာအနှံ့သို့ တင်ပို့ရောင်းချမည် ဖြစ်ကာ တစ်နှစ်တာ ရောင်းအားအနေဖြင့် ဆိုင်ကယ်အစီးရေ ၃.၅ သန်းအထိ ရောက်ရှိနိုင်ရန် ဦးတည်ထားကြောင်း သိရသည်။ 

 

Advertisement

Click Here >>> Better World

 

အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ ပြောကြားချက်အရ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံအတွင်း ဆိုင်ကယ်အစီးရေ ၁၃ သန်း ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။ ဤမော်တော်ဆိုင်ကယ် ဈေးကွက်တွင်  Hero MotoCorp သည် ပထမနေရာရရှိနေပြီး ယာဉ်အစီးရေ ၄.၆၄ သန်း ရောင်းချနိုင်ခဲ့ကာ ဈေးကွက်ရှယ်ယာ ၃၀% ရရှိထားသည်ဟု ဆိုသည်။ HMSI သည် ရောင်းအားအနေဖြင့် ယာဉ်အစီးရေ ၃.၄၅ သန်းရှိခဲ့ပြီး ဒုတိယနေရာကို ရရှိထားသည်။ 

 

၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် Covid Pandemic ကြောင့် ကျဆင်းလာခဲ့သည့် မော်တော်ဆိုင်ကယ်ဈေးကွက်တွင် ပြန်လည်ထူထောင်လာနိုင်ပြီး ၁၁ လ အတွင်း မော်တော်ဆိုင်ကယ်ပေါင်း ၁၄.၅ သန်းကျော်အထိ ရောင်းချနိုင်ခဲ့သည်။ 

 

အိန္ဒိယနိုင်ငံတွင် လျှပ်စစ်ဆိုင်ကယ်များ ဘတ်ထရီလဲလှယ်ပေးသည့် ဝန်ဆောင်မှုသည် ပိုမိုကျယ်ပြန့်လျက်ရှိပြီး ထိုင်ဝမ်အခြေစိုက် Gogoro ကုမ္ပဏီသည်လည်း ဒေလီမြို့တွင် စတင်လုပ်ဆောင်နေပြီး အိန္ဒိယအခြေဆိုက် Start-Up ကုမ္ပဏီများဖြစ်သည့် Battery Smart၊ Yulu၊ Bounce Infinity၊ Sun Mobility နှင့် Sheru တို့သည်လည်း ဘတ်ထရီလဲလှယ်သည့် ဝန်ဆောင်မှုကို မြို့ကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ 

 

 

အိန္ဒိယနိုင်ငံ အစိုးရသည် လျှပ်စစ်ယာဉ်များ၏ ဂေဟစနစ်ကောင်းမွန်စေရေး အတွက် ဘတ်ထရီလဲလှယ်ခြင်းကို အားပေးလျက်ရှိနေပြီး အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ၎င်း၏ ယခုနှစ်အတွက် ဘတ်ဂျက်တွင် အစိုးရသည် ဘက်ထရီလဲလှယ်မှုမူဝါဒကို လုပ်ဆာင်နိုင်မှုစံနှုန်းများ နှင့်အညီ မိတ်ဆက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 

ဤကြေညာချက်ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် ချပြခဲ့သည့် လျှပ်စစ်စကူတာနှင့် အသေးစား အနှေးယာဉ်များအတွက် ဘတ်ထရီလဲလှယ်မှု မူကြမ်းထွက်ရှိလာခဲ့သည့် နောက်တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။


Source - Nikkei Asia

Read 544 times