Honda က အမေရိကန်ရှိ စက်ရုံများကို လျှပ်စစ်ကားထုတ်လုပ်ရန် ပြောင်းလဲမည်


ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Honda သည် Ohio တွင် ရှိသည့် စက်ရုံမှ ထုတ်လုပ်ရေးလမ်းကြောင်း နှစ်ခုကို လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် သင့်တော်အောင် ပြင်ဆင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း စတင် ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားသည်။ 

 

ဤပြုပြင်မှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ပြီးစီးနိုင်ရန် အစီအစဥ်ဆွဲထားပြီး Ohio ရှိ Marysville စက်ရုံတွင် လျှပ်စစ်ကားအပြင် လောင်စာအင်ဂျင်သုံး မော်တော်ယာဥ်များကိုပါ ပူးတွဲ ထုတ်လုပ်နိုင်မည်ဟု မတ်လ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

 

လတ်တလောတွင် ထုတ်လုပ်ရေးလမ်းကြောင်း နှစ်ခုမှ ပုံမှန်ကားများနှင့် Hybrid ကားများကို ထုတ်လုပ်လျက် ရှိသော်လည်း လျှပ်စစ်ကားထုတ်လုပ်ရေး အစီအစဥ်တွင် တစ်ခုတည်းအဖြစ် ပူးပေါင်းလိုက်မည် ဖြစ်သည်။ Honda သည် ၂၀၂၅ ခုနှစ်တွင် သူ၏ Accord ကားမော်ဒယ် ထုတ်လုပ်ရေးလုပ်ငန်းကို Indiana ရှိ စက်ရုံတစ်ခုသို့ ပြောင်းရွှေ့လိုက်မည် ဟူ၍ စီစဥ်ထားကြောင်း သိရသည်။ 

 

၂၀၂၂ ခုနှစ်က ပြသခဲ့သည့် Honda EV Concept

 

Honda သည် Ohio ရှိ အခြားစက်ရုံနှစ်ခုကိုပါ သင့်တော်အောင် ပြောင်းလဲမည်ဖြစ်ပြီး East Liberty စက်ရုံကိုလည်း လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ပြောင်းလဲသွားမည် ဖြစ်သည်။ ဒါ့အပြင် Anna အင်ဂျင်စက်ရုံ၏ ထုတ်လုပ်ရေးတစ်စိတ်တစ်ပိုင်းကို Alabama ရှိ အင်ဂျင်စက်ရုံသို့ မတ်လမှစ၍ ပို့ဆောင်မည်ဖြစ်ပြီး ကျန်ရှိနေသည့် နေရာတွင် လျှပ်စစ်ကား ဘတ်ထရီသေတ္တာများ ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည် ဖြစ်သည်။ 

 

Ohio စက်ရုံ ၃ ရုံတွင် လျှပ်စစ်ကားများထုတ်လုပ်နိုင်ရေး အတွက် Honda သည် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားမည့် အကြောင်းကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်ပြောကြားခဲ့ပါသည်။ ဒါ့အပြင် Honda သည် တောင်ကိုရီးယား ဘတ်ထရီ ထုတ်လုပ်ထောက်ပံ့နေသည့် LG Energy Solutions နှင့် ပူးပေါင်းပြီး Ohio တွင် လျှပ်စစ်ကားများအတွက် ဘတ်ထရီထုတ်လုပ်ရေး စက်ရုံတစ်ခု တည်ဆောက်နေပြီး အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည့် အကြောင်းကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ 

 

Advertisement

Click Here >>> Cheery Eveline

 

ထိုဘတ်ထရီများနှင့် Anna စက်ရုံထွက် ဘတ်ထရီသေတ္တာများကို Marysville စက်ရုံတွင် တပ်ဆင်မှာဖြစ်ပြီး မော်တော်ယာဥ်အတွင်း တပ်ဆင်မှုကို Marysville နှင့် East Liberty စက်ရုံများတွင် ပြုလုပ်မည် ဖြစ်သည်။  ယခု ထုတ်လုပ်မှု ကွင်းဆက်ပုံစံသည် Honda ကို လျှပ်စစ်မော်တော်ယာဥ်များအား Ohio တွင် အစအဆုံး ထုတ်လုပ်ပေးနိုင်မည့် ထုတ်လုပ်ရေးစနစ်တစ်ခု ပေါ်ပေါက်လာစေနိုင်မည် ဖြစ်သည်။ 


Source - Nikkei Asia

Read 218 times