Honda Motor လျှပ်စစ်ဆိုင်ကယ် နောက်မှာ ကျန်ရစ်နိုင်သလား


Honda Motor ရှေ့ဆက်မောင်းနှင်ရေးအတွက် ငွေရဖို့ စီးပွားရေးသည် ၎င်းကျွမ်းကျင်ရာ မော်တော်ဆိုင်ကယ်အပေါ် အားကိုးအားထား ပြုရလိမ့်မည် ။ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းနှင့် ဒုံးပျံထုတ်လုပ်ခြင်း စီးပွားတို့ထက် ပိုအဓိကကျလိမ့်မယ်လို့ သုံးသပ်ကြပါသည်။
ဒါပေမဲ့ လျှပ်စစ်ဆိုင်ကယ်ခေတ်မှာ Honda က ဦးဆောင်နေရာမှာ ဆက်ရှိနေမှာလား ဆိုတဲ့အချက်ကို မေးခွန်း ထုတ်ကြပါသည်။


လာမယ့်နှစ် မတ်လမှာ ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း အသားတင်အမြတ် ယန်း ၅၅၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလျံ) ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ မော်တော်ယာဉ်သုံး ချစ်ပ်များ လိုသလောက်မရသဖြင့် စီးရေလျှော့ထုတ်ရသောကြောင့် အသားတင်အမြတ်ကို လျှော့ချခန့်မှန်းထားသည်။

မော်တော်ဆိုင်ကယ်များသည် ဖွံ့ဖြိုးဆဲဈေးကွက်များတွင် နေရာရနေသည်။ ၂ ဘီးတပ် တို့ထံမှ ယခုဘဏ္ဍာရေးနှစ် မတ်-စက်တင်ဘာ ၆ လတာတွင် ယန်း၁၄၈.၁ ဘီလျံ အမြတ်ရရှိခဲ့သည်။ ယခင်နှစ်ကထက် နှစ်ဆမြတ်သည်။

မော်တော်ဆိုင်ကယ် အငယ်စားများသည် Honda အတွက် အဓိကဝင်ငွေ ရှာပေးနေသည်။ ချစ်ပ်မသုံးသဖြင့် ချစ်ပ်မလုံလောက်သည့် ပြဿနာမှ ကင်းဝေးသည်။ ယခုနှစ် ဘဏ္ဍာရေးနှစ်မှာ ယခင်နှစ်ထက် ၁၆% ပိုရောင်းရလိမ့်မည်၊ စီးရေ ၁၇.၅ သန်း အထိ ရောင်းချရမည်ဟု မျှော်မှန်းထားသည်။

Honda သည် ကြာမြင့်စွာကတည်းက မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုမှာ ဦးဆောင်နေရာမှာ ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ မော်တော်ဆိုင်ကယ် ရောင်းချရသည့် စုစုပေါင်း၏ ၃၄% ကို Honda ရရှိခဲ့သည်။

ပထမနှစ်ဝက် Honda အရောင်းပမာဏတန်ဖိုး စုစုပေါင်းတွင် ၄ ဘီးယာဉ်များက ၆၃% ၊ ၂ ဘီးတပ်ယာဉ်များက ၁၅% ရှိသည်။ ၂ ဘီးတပ် ယာဉ်က ၄ ဘီးတပ် ယာဉ်ထက် နည်းနေသော်လည်း အမြတ် ရရှိရာတွင် ၂ ဘီးတပ်ယာဉ်များထံမှ ၃၄% ရရှိခဲ့ပြီး ၄ ဘီးတပ်ယာဉ်များထံမှ ၂၇% ရရှိခဲ့သည်ဖြစ်ရာ ၂ဘီးတပ်ယာဉ်များက အမြတ်ပိုရသည်။

မော်တော်ဆိုင်ကယ်များက ကားများထက် အမြတ်ရရှိမှု ပိုများသည်မှာ ၂၀၁၈ ဘဏ္ဍာရေးနှစ် ကတည်းက ဖြစ်သည်။
ငွေကြေးဝန်ဆောင်မှုများဌာနခွဲသည် အမြတ်ရနိုင်မှုတွင် ပထမနေရာမှာ ရှိနေပြီး မော်တော်ဆိုင်ကယ်က ဒုတိယနေရာတွင် ရှိနေပါသည်။

Honda အမြတ်ရှာနိုင်စွမ်းသည် ပြိုင်ဘက်တို့ထက် အပြတ်အသတ်သာသည်။
၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမြတ်ရာခိုင်နှုန်းများကို ကြည့်လျှင် Honda က ၁၂.၆% ၊
Kawasaki Heavy Industries က ၃.၅% ၊
Yamaha Motor က ၂% ၊
Suzuki Motor က ၁.၂%
ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်း Hero MotoCorp သည် ၉.၉% ဖြစ်သည်။


မော်တော်ဆိုင်ကယ် ကမ္ဘာ့ရောင်းအားတွင် ၉၀% သည်အင်ဂျင်အငယ်စား မော်ဒယ်များ ဖြစ်သည်။ Honda ၏ စကူတာနှင့် စူပါကပ် မော်တော်ဆိုင်ကယ် အမျိုးအစားများ ရောင်းအားကောင်းသည်။

Honda အဖို့ ယှဉ်ပြိုင်မှု အများဆုံးမှာ အရှေ့တောင်အာရှနှင့် အိန္ဒိယ ဈေးကွက်ဖြစ်သည်။

မော်တော်ဆိုင်ကယ်များကို ဂျပန်တွင် ဒီဇိုင်းထုတ်သည်။ ဒီဇိုင်းကို ထိုင်း၊ အင်ဒိုနီးရှားနှင့် အိန္ဒိယ တို့ထံပေးပို့ပြီး ဒေသခံတို့၏ လိုလားချက်များ၊ လိုအပ်ချက်များအရ ဒီဇိုင်းကို မွမ်းမံပြီး ထုတ်လုပ်ရောင်းချသည်။

အိန္ဒိယသည် ဆလင်ဒါပိုကြီးသည့် စကူတာကို ကြိုက်သည်။ မိသားစု ၄ ယောက် အတူစီးဖို့ အဆင်ပြေသည်။ ထိုအချက်ကိုက်ညီလျှင် စကူတာ ရောင်းအား ကောင်းသည်။

၂၀၁၈ တွင် ထိုင်းနိုင်ငံမှာ Honda က မော်တော်ဆိုင်ကယ် အရောင်းဆိုင်များတွင် လူငယ်များ လာထိုင်ကြဖို့ ကော်ဖီဆိုင်များ တွဲဖွင့်သည်။ ထိုနည်းဖြင့် လူငယ်များ Honda ဆိုင်ကယ် ဝယ်စီးဖြစ်သွားကြသည်။

Honda မှ မော်တော်ဆိုင်ကယ်များအတွက် အစီအစဉ် ရေးဆွဲရေးမှူး Nobuhide Nagata က "မော်တော်ဆိုင်ကယ် လိုအပ်ချက်က နိုင်ငံရဲ့ ဝင်ငွေ အဆင့်အတန်းအရ ကွဲပြားပါတယ်။ အလုပ် အသွားအပြန်အတွက် လိုအပ်တာ ရှိမယ်။ စိတ်အပန်းဖြေ စီးဖို့ ဝယ်တာ ရှိမယ်" ဟု ပြောပြသည်။

Honda က မော်တော်ဆိုင်ကယ် ရောင်းချခြင်းထံမှ အမြတ်ပိုများများ ရဖို့အတွက် ကုန်ကျစရိတ် သက်သာအောင် စီမံထားသည်။
အရှေ့တောင်အာရှတွင် ရောင်းချသော ဆိုင်ကယ်မော်ဒယ်များတွင် စက်အစိတ်အပိုင်းအချို့တို့ကို တစ်မျိုးတည်း ဝေမျှသုံးစွဲထားသည်။ စကူတာများတွင် ၉၀% သည် တစ်မျိုးတည်းသော အင်ဂျင်ကို သုံးစွဲထားသည်။ ၅၀% သည် ဖရိန်တူသည်။

Honda စိုးရိမ်ကြောင့်ကြရသည်မှာ အိန္ဒိယမှ Hero နှင့် Bajaj Auto အပါအဝင် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများ ဖြစ်သည်။ အန္ဒိယမော်တော်ဆိုင်ကယ်များတွင် တန်ဖိုးသင့် မော်ဒယ်တို့သည် အမေရိကန်ဒေါ်လာ ၁၀၇၅ ဝန်းကျင် ရောင်းဈေး သတ်မှတ်ကြသည်။
ထိုဆိုင်ကယ်များကို အိန္ဒိယနှင့် အာဖရိကနိုင်ငံများတွင် ရောင်းချကြသည်။

နောက်ထပ် ကြောင့်ကြစရာမှာ လျှပ်စစ်မော်တော်ဆိုင်ကယ်ခေတ်သို့ ရောက်သည့်အခါ ဓာတ်ဆီဆိုင်ကယ်ကဲ့သို့ ဦးဆောင်နေရာမှာ ဆက်ရှိနေနိုင်မည် ဆိုသည်မှာ မသေချာပေ။

၄ ဘီးတပ် မော်တော်ယာဉ်ကဏ္ဍတွင်လည်း လျှပ်စစ်အိမ်စီးကား ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံရသည်။ အနည်းဆုံးအနေဖြင့် ယန်း ၅၀ ဘီလျံ ရင်းနှီးမြှုပ်နှံကြရသည်။

ဒုံးပျံကဏ္ဍတွင်လည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေသည်။ ဖွံ့ဖြိုးမှုအတွက် ယန်းဘီလျံ ဆယ်ဂဏန်း ရင်းနှီးမြှုပ်နှံရသည်။ ထုတ်လုပ်မှုအတွက် ယန်း ၁၀ မှ ၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံရသည်။

Honda သည် လျှပ်စစ်ဆိုင်ကယ် အငယ်စားများ ဖွံ့ဖြိုးထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံမှု အားနည်းနေသည်။

Yamaha က ၂၀၅၀ တွင် ထုတ်လုပ်သမျှ ဆိုင်ကယ်အားလုံး၏ ၉၀% သည် လျှပ်စစ် ဖြစ်ရမည်ဟု ရည်မှန်းချက် ချထားသည်။
အောက်တိုဘာလတွင် Kawasaki က ထုတ်ပြန်ကြေညာသည်မှာ ၂၀၃၅ တွင် ထုတ်လုပ်သမျှ ဆိုင်ကယ်အားလုံးနီးပါး လျှပ်စစ် ဖြစ်မည်ဟု ဆိုသည်။
အမေရိကန်နှင့် အာရှနိုင်ငံများတွင်လည်း လျှပ်စစ်ဆိုင်ကယ် ထုတ်လုပ်သည့် လုပ်ငန်းသစ်များ ရှိနေပြီး အရှိန်စရနေပြီဖြစ်သည့် လုပ်ငန်းအချို့ရှိနေသည်။

Honda တွင် အိမ်အရောက်ပို့ လုပ်ငန်းသုံး အပါအဝင် လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၄ မျိုးသာ ရှိသည်။ သတင်းထုတ်ပြန်ချက်တွင် ၂၀၅၀မှာ ကာဘွန်ထပ်မတိုးသည့် ထုတ်ကုန်များကိုသာ ထုတ်လုပ်သည့့်အခြေအနေ ရရှိအောင် ကြိုးပမ်းအားထုတ်မည်ဟု ဆိုထားပါသည်။

Read 9175 times