HONDA မော်တော်ဆိုင်ကယ် ဘာလိုချင်သလဲ နှင့် ဘာလိုအပ်သလဲ


HONDA မော်တော်ဆိုင်ကယ် ဘာလိုချင်သလဲ နှင့် ဘာလိုအပ်သလဲ

ဖခင်ရဲ့ စက်ဘီးပြင်ဆိုင်မှာ လုပ်ကိုင်ရင်း ကြီးပြင်းခဲ့တဲ့ Soichiro Honda က စက်ပြင်ဆရာ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ Soichiro Honda က မော်တော်ဆိုင်ကယ်တစ်စီး တပ်ဆင်ထုတ်လုပ်ခဲ့တယ်။ ဂျင်နရေတာတစ်လုံးကို အသုံးပြုထားတဲ့ မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်။

၁၉၄၈ မှာ Soichiro Honda က Takeo Fujisawa နဲ့အတူ Honda Motor Company ကို ထူထောင်ပါတယ်။

နောက်တစ်နှစ်အကြာ ၁၉၄၉ မှာ ရောင်းတန်းဝင် Honda မော်တော်ဆိုင်ကယ်ကို စတင်ထုတ်လုပ်တယ်။ ‘Dream’ D-type လို့ မော်ဒယ်အမည် ပေးပါတယ်။ အဲဒီအချိန်မှာ ဂျပန်ပြည် မော်တော်ဆိုင်ကယ် ဈေးကွက်ထဲ အပြိုင်အဆိုင်တွေ ပြင်းထန်နေပါပြီ။
Soichiro Honda က ဝပ်ရှော့တွေ၊ စက်ပြင်ဆရာတွေကို အိမ်တိုင်ရာရောက် လိုက်လံတွေ့ဆုံပြီး Honda မော်တော်ဆိုင်ကယ် အရောင်းကိုယ်စားလှယ် လုပ်ဖို့ ကမ်းလှမ်းစည်းရုံးခဲ့ပါတယ်။

၁၉၅၅ မှာ Honda က ဂျပန်ပြည်မှာ မော်တော်ဆိုင်ကယ် အများဆုံး ထုတ်လုပ်ရောင်းချသူ ဖြစ်လာပါတယ်။

၁၉၅၉ မှာ အမေရိကန် မော်တော်ဆိုင်ကယ် ဈေးကွက်ထဲသို့ Honda စတင်ဝင်ရောက်ပါတယ်။

၁၉၆၀ နောက်ပိုင်း မှာ အရွယ်ပိုကြီး၊ အရည်အသွေး ပိုမြင့်၊ ပိုမြန်တဲ့ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်မှုကို အလေးပေး လုပ်ကိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်လွှား ထွန်းကားလာနေတဲ့ မော်တော်ဆိုင်ကယ် ပြိုင်ပွဲတွေကိုလည်း ဝင်ပြိုင်ပါတယ်။ CB750 Honda မော်တော်ဆိုင်ကယ်ကို စံနမူနာ ဖြစ်စေခဲ့တယ်။ ယုံကြည်စိတ်ချရပြီး စွမ်းပကား မြင့်မားတဲ့ စက်ပိုင်းဆိုင်ရာကို အခြေခံတည်ထားတယ်။

၁၉၇၀ နဲ့ ၁၉၈၀ နှစ်များအတွင်းမှာ နှစ်လုံးထိုးအင်ဂျင်နဲ့ မော်တော်ဆိုင်ကယ် အမျိုးမျိုး ထုတ်လုပ်ခဲ့ပြီး GP World Championships ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။

၁၉၉၀ ကာလများမှာ နှစ်လုံးထိုးအင်ဂျင်နဲ့ ဆက်လက်ထုတ်လုပ်ခဲ့ရာ Super Blackbird, Fireblade, Valkyrie စတဲ့ နာမည်ကျော်မော်ဒယ်တွေ ထုတ်လုပ်ခဲ့တယ်။ နောက်တော့ လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး ဥပဒေ ပေါ်ပေါက်လာလို့ ရပ်လိုက်ရတယ်။

Honda က မော်တော်ဆိုင်ကယ်ချစ်သူတွေရဲ့ နှလုံးခုန်သံကို သိနားလည်တယ်။ သွေးခုန်တာကို သဘောပေါက်တယ်။ အသည်းစွဲ ဖြစ်မိစေမယ့် မော်ဒယ်တွေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်ချစ်သူတွေ ဘာလိုချင်သလဲ နှင့် ဘာလိုအပ်သလဲ ဆိုတဲ့ ၂ ချက်ကိုဖြည့်ဆည်းပေးတယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

၁၉၅၈ မှာ Honda Super Cub စတင်ထုတ်လုပ်ခဲ့တယ်။ ယနေ့အထိ အရောင်းရဆုံး မော်တော်ဆိုင်ကယ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အခရာကျတဲ့ အချက် ၃ ချက် အဖြစ် နားလည်ရန် လွယ်ကူခြင်း၊ ဝယ်ဖို့ ငွေကြေးလက်လှမ်းမီဖို့ လွယ်ကူခြင်းနှင့် အသုံးပြုရလွယ်ကူခြင်းတို့ကို အခြေခံပြီး ဒီဇိုင်းထုတ်ထားပါတယ်။

၁၉၆၉ မှာ Honda CB750 Four ကို ထုတ်လုပ်တယ်။ မော်တော်ဆိုင်ကယ် ပြိုင်ပွဲဝင် အတန်းအစားကို ရည်ရွယ်ထားတယ်။ ကမ္ဘာ့ ပထမဆုံး စူပါမော်တော်ဆိုင်ကယ်လို့တောင် ဆိုကြတယ်။

၁၉၇၄ မှာ အမေရိကန်ဈေးကွက်ထဲမှာ Harley Davidson နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့ Honda Goldwing ကို ထုတ်လုပ်ပါတယ်။ ကြီးမားခိုင်ခံ့ ခရီးဝေး စီးလို့ ရတာကြောင့် ခရီးဝေးဝေး ဆိုင်ကယ်နဲ့ခရီးထွက်ကြတဲ့ ဆိုင်ကယ်ချစ်သူတွေ သဘောကျကြလို့ နှစ်ပေါင်း ၃၀ ဆက်လက်ထုတ်လုပ်ခဲ့တယ်။ အမေရိကန်ဈေးကွက်အတွက် အထူးရည်ရွယ်တာကြောင့် အမေရိကန်ရှိ စက်ရုံမှာ ထုတ်လုပ်ပါတယ်။

၁၉၉၂ မှာ အပေါ့စား စူပါဘိုက် lightweight superbike စီးချင်တဲ့သူတွေအတွက် Honda CBR900RR Fireblade ကို ထုတ်လုပ်ခဲ့ပါတယ်။ lightweight superbikeအတန်းအစားမှာ စံနမူနာပါပဲ။

မော်တော်ဆိုင်ကယ် စစီးတဲ့သူတွေအတွက် စီးရလွယ်မယ့် ဆိုင်ကယ် လိုအပ်တာအတွက် CB125F/R မော်ဒယ် ထုတ်လုပ်ပေးတယ်

။ CMX500 Rebel ကို ခရုဇာအသေးစား baby cruiser အဖြစ် ထုတ်လုပ်ပြီး ဈေးချိုချိုဖြင့် ရောင်းချပါတယ်။ cruiser စီးချင်ပေမဲ့ ဈေးကြီးကြီး ပေးဖို့ မတတ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

 

 

 

 

 

Read 3451 times