ရှုံးနိမ့်မှုတိုင်းကို လှေခါးသဖွယ် အသုံးချခဲ့သည့် Honda ၏ သမိုင်း


ဂျပန်နိုင်ငံက မော်တော်ကားနှင့်မော်တော် ဆိုင်ကယ်များ တကမ္ဘာလုံးကို တင်ပို့နေသော ဟွန်းဒါး(Honda) ဆိုသည့်နာမည်ကို ကြားဖူးကြမည်ဆို မလွဲမသွေပါပဲ။

ဟွန်းဒါး ကုမ္ပဏီကို စတင်တည်ထောင်သူက ဂျပန်လူမျိုး ဟွန်းဒါးဖြစ်ပြီး နာမည်အပြည့်အစုံက Soichiro_Honda (ဆိုချီယို ဟွန်းဒါး) ဖြစ်ပါသည်။ ဟွန်းဒါးကို အနောက်နိုင်ငံက သတင်းစာမဂ္ဂဇင်းများတွင် အခက်အခဲနှင့်

ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါသည်။ ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို အနောက်နိုင်ငံများက ချီးမွမ်းနေရတာလဲ ဆိုတာကို ဗဟုသုတအနေနဲပ လေ့လာကြည့်ကြ ရအောင်။

၁၉၃၈ခုနှစ်မှာ အသက်၂၁ နှစ်အရွယ် လူငယ်လေး ဟွန်းဒါးသည် မော်တော်ကား အင်ဂျင်မှာသုံးသော ပစ္စတင်ကွင်း (Piston_Ring) လေးများကို သူ့၏ကားပြင်တဲ့ အလုပ်ရုံမှာ စမ်းသပ်ထုတ်လုပ်သည်။ အောင်မြင်လျှင်

တိုယိုတာမော်တော် ကားကုမ္ပဏီကြီးကို သူ့ပစ္စည်းတွေ သွင်းမည်ဟု တွေးထားပါသည်။

အလုပ်ရုံထဲတွင် တယောက်ထဲ နေ့ရော ညရော တကုပ်ကုပ်နှင့်ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သည်။ ပိုက်ဆံမလောက်လို့ သူ့မိန်းမ၏ လက်ဝတ် လက်စားတွေရောင်းချပြီး ဆက်လုပ်သည်။ နောက်ဆုံးအောင်မြင်စွာ

ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ပစ္စည်းနမူနာအချို့ကိုယူပြီး တိုယိုတာကုမ္ပဏီကို သွားပြပြီး သူ့ပစ္စတင်ကွင်းများသည် စမ်းသပ်ရင်း တချို့ကျိုးကုန်သဖြင့် Quality အရည်အသွေး မမှီဘူးဆိုပြီး ပယ်ချလိုက်ပါသည်။

ထိုသို့ပယ်ချလိုက်သော်လည်း စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ ထပ်ကြိုးစားပါသည်။

သူသည် သတ္တုကျိုစပ်နည်းကိုကောင်းကောင်း မသိလို့ဖြစ်မှာပဲဆိုပြီး အင်ဂျင်နီယာကျောင်း သွားတက်သည်။ ကျောင်းမှ အင်ဂျင်နီယာများက သူ့၏ ပစ္စတင်ကွင်းကို ကြည့်ပြီး ဝိုင်းဟားကြသော်လည်း ရှက်ပြီး

စိတ်ပျက်ခြင်းမျိုးမရှိဘဲ ကြိုးစားမြဲကြိုးစားခဲ့သည်။

၂နှစ်ခန့်ကြာသည့်တိုင် သူ့၏ ပစ္စတင်ကွင်းများကို ဆက်လုပ်ဆောင်ခဲ့သည့်အတွက် နောက်ဆုံး အောင်မြင်သွားသဖြင့် တိုယိုတာကုမ္ပဏီက လက်ခံပြီး ပစ္စည်းများသွင်းရန် ကန်ထရိုက် စာချုပ်ချုပ်လိုက်သည်။

ထို့ကြောင့် ဟွန်ဒါးသည် ပစ္စည်းထုတ်လုပ်ရန် စက်ရုံတခုဆောက်ဖို့လိုအပ်လာသော်လည်း ထိုအချိန်တွင် ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မည်ဖြစ်သဖြင့် ဂျပန်စစ်တပ်က ဘိလပ်မြေများ အကုန်သိမ်းထားသောကြောင့်

ဟွန်းဒါးသည် ဘိလပ်မြေကို ဘယ်မှာမှ ဝယ်လို့မရတော့သော်လည်း လက်လျှော့လိုက်ခြင်းမရှိပေ။ သူသည် ရတဲ့ ပစ္စည်းနှင့် ဘိလပ်မြေ ထုတ်လုပ်နည်းကို တီထွင်လိုက်ပြီး သူကိုယ်တိုင် ထုတ်သောဘိလပ်မြေနှင့်

စက်ရုံကိုကွန်ကရစ်လောင်းပြီး အပြီးတည်ဆောက် လိုက်သည်။

စက်ရုံတည်ဆောက်ပြီး ပစ္စတင်ကွင်းများ စထုတ်တော့မည်ဆိုသည့်အချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေသည့်အချိန်ဖြစ်သောကြောင့် အမေရိကန်စစ်လေယာဉ်များ၏ ဗုံးကြဲချခြင်းကို ၂ ကြိမ်တိုင်တိုင် ခံလိုက်ရပါသည်။

ထိုအချိန်တွင် စက်ရုံသည် အတော်အတန် ပျက်စီးသွားပြီး ဂျပန်စစ်တပ်က သံပစ္စည်းများ အကုန်သိမ်းထားသဖြင့် ပစ္စတင်ကွင်းများ လုပ်ရန် သံထည်ပစ္စည်းများ ရှာမရတော့သော်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ

ဆက်လက်ကြိုးစားခဲ့ပါသည်။

သူသည် အမေရိကန် စစ်လေယာဉ်များက ပစ်ချလိုက်သော ဓါတ်ဆီပုံး အလွတ်များကို ကောက်ထားသူများဆီမှ လိုက်ဝယ်သည်။ ထိုကဲ့သို့ ဓါတ်ဆီပုံးခွံများကို သံရည်ကြိုချက်ပြီး ပစ္စတင်ကွင်း စတင်ထုတ်လုပ်သည်။

သိပ်မကြာခင်အချိန်တွင်လည်း မြေငလျင်လှုပ်ခတ်သဖြင့် သူစက်ရုံပြိုကျ ပျက်စီးသွားသည်။ ထိုကဲ့သို့ ကံဆိုးမိုးမှောင်ကျရောက်နေသော်လည်း စိတ်ဓါတ်ကျအားမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ပါသည်။

၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားသည့်အချိန်တွင် ဓါတ်ဆီ အရမ်းရှားသွားသဖြင့် ဂျပန်လူမျိုးများသည် ကုန်းကြောင်းလျှောက်လျှင်လျှောက် မဟုတ်လျှင် စက်ဘီးစီးပြီး သွားလာနေရသည်။ ဟွန်းဒါးက ဓါတ်ဆီအစား

သက်သာသော အင်ဂျင်အသေးလေးတလုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးတွင် တပ်လိုက်ပြီး တနေရာနှင့် တနေရာကို သွားလာခဲ့သည်။ အိမ်နီးချင်းများက သဘောကျပြီး သူ့ကိုထိုကဲ့သို့ အင်ဂျင်အသေးလေး

တပ်ထားသော စက်ဘီးများလုပ်ပြီး ရောင်းပေးရန်ပြောကြသည်။ ထိုအခါ ဟွန်းဒါးသည်လည်း နောက်ပိုင်းတွင် ဆိုက်ကယ်ဖြစ်လာမည့် ထိုစက်ဘီးလေးကိုရောင်းချပေးခဲ့ပါသည်။ ထို့အပြင် နောက်ပိုင်းတွင် လူသိများလာပြီး

အော်ဒါများမှာလာကြသော်လ်ညး အင်ဂျင်လုပ်ရန် သံထည်ရှားပါးခြင်း၊ ငွေကြေးမလုံလောက်ခြင်းတို့ကြောင့် အော်ဒါမှာထားသော ပစ္စည်းများကို မထုတ်နိုင်သောကြောင့် တောင်းပန်ခဲ့ရပါသည်။ သို့သော် နောက်မဆုတ်

အလျှော့မပေးဘဲ ဆက်လက်ကြိုးစားအားထုတ်ခဲ့ပါသည်။

ဟွန်းဒါးသည် စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က ဆိုင်ပိုင်ရှင်များဆီကို စာပို့လိုက်ပါသည်။ ထိုစာထဲတွင် ဒုတိယ ကမ္ဘာစစ်ရှုံးသွားသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ကောင်းလာရန် သူကြိုးစားနေသဖြင့် သူ့ကိုကူညီပြီး

အစုငွေထည့်ဝင်ကြရန် ရေးထားပါသည်။ ထိုအခါ ဆိုင်ရှင်ပေါင်း (၅၀၀၀) ဆီမှ အစုငွေထည့်ဆိုသော စာပြန်ရောက်လာခဲ့ပါသည်။ ထိုမှရသော် အစုငွေများနှင့် အသေးစား အင်ဂျင်တပ်ဆိုင်ကယ်လေးများထုတ်လုပ်ခဲ့ပြီး

ရောင်းရလွန်း၍ SuperCub (စူပါကပ်) ဆိုင်ကယ်ဟုဆိုပြီး နာမည်ကျော်သည့်အပြင် ထိုစူပါကပ်များကို အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အမြောက်အများ တင်ပို့နေရပါသည်။

၁၉၇၀ခုနှစ်တွင် တကမ္ဘာလုံးရေနံ ရှားပါးသွားသည့်အချိန်တွင် အကွက်မြင်သည့် ဟွန်းဒါးသည် သူ့ဟွန်းဒါး ကားကုမ္ပဏီမှ ဆီစားသက်သာသည့် ကားသေးသေးလေးများ စတင်ထုတ်လုပ်ပြီး အနောက်နိုင်ငံများကို

တင်ပို့ခဲ့ပါသည်။ အနောက်နိုင်ငံများကလည်း ဆီစားသက်သာပြီး ဒီဇိုင်းလှလှလေးများနှင့် ထုတ်လုပ်ထားသော ဟွန်းဒါးကားလေးများကို ကြိုက်ကြလွန်း၍ အလုအယက်မှာကြ ဝယ်ကြပါသည်။

ယနေ့ ဟွန်းဒါးမော်တော်ကား ကုမ္ပဏီကြီးသည် ဂျပန်နိုင်ငံသာမကပဲ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင်ပါ ကားထုတ်လုပ်သော စက်ရုံပေါင်း များစွာထောင်ပြီး ထိုစက်ရုံများတွင် အလုပ်သမား သိန်းချီ လုပ်ကိုင်နေကြပါသည်။

အကယ်၍ စာဖတ်သူအနေဖြင့် လုပ်ငန်းတစ်ခုခုလုပ်သည့်အခါ မအောင်မြင်၍ လက်မြောက်အရှုံးပေးချင်လာသည့်အခါ အခက်အခဲပေါင်းများစွာကို အရှုံးမပေးတက်ဘဲ အောင်မြင်မှုပန်းတိုင်ကို ချီတက်လာသည့် ဆိုချီယိုဟွန်းဒါးကို

ပြေးမြင်ယောက်ကြည့်စေချင်ပါသည်။ ဟွန်းဒါး၏ မှတ်သားစရာ စကားတစ်ခုမှာ "အောင်မြင်မှုမှာ ရှုံးနိမ့်မှုက (၉၉) ရာခိုင်နှုန်းပါတယ်” ဟု ပြောကြားခဲ့ပါသည်။ ဆိုချီယိုဟွန်းဒါးသည် အသက် ၈၅ နှစ်အရွယ် ဖြစ်သည့် ၁၉၉၁ ခုနှစ်

သြဂုတ်လ ၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။

Read 2569 times