Honda ကားကုမ္ပဏီ၏ မျိုးဆက်သစ် Honda Fit Shuttle Hybrid


Honda ကားကုမ္ပဏီက ထုတ်လုပ်သော မျိုးဆက်သစ် Hybrid ကားအမျိုးအစား Fit Shuttle သည် Honda Insight ကဲ့သို့ မြန်မာပြည်ကားစျေးကွက်တွင် အများလက်ခံထားသော ကားအမျိုးအစားဖြစ်ပါသည်။

Fit Shuttle သည် Honda Fit မှ ဆင်းသက်လာခြင်းဖြစ်သလို Honda Airwave ၏ မျိုးဆက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

Honda Fit Shuttle ကို ၂၀၁၁ ခုနှစ်၊ မေလက စတင်ထုတ်လုပ်ခဲ့ပြီး  ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ တစ်နှစ်တာထုတ်လုပ်မှုအကောင်းဆုံး ဆန်ခါတင်ကားစာရင်းထဲတွင် ပါဝင်ခဲ့ပါသည်။

ထိုကားကို အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ၁၃၀၀ စီစီတွင် Hybrid Enigine ဖြင့် ထုတ်လုပ်ထားပြီး မြန်မာပြည်တွင် ၁၃၀၀ စီစီကိုသာ တင်သွင်းမှုများပါသည်။

Fit Shuttle Hybrid ၏ အင်ဂျင်အမျိုးအစားက Honda Insight နှင့်တူပြီး i-VTEC အင်ဂျင်နှင့် IMA (Integrated Motor Assist) စနစ် အသုံးပြုထားပါသည်။

Fit Shuttle ၏ အင်ဂျင်မိုဒယ်က LDA ရှေ့ဘီးယက်အင်ဂျင်ဖြစ်ပြီး CVT ဂီယာနှင့် မြင်းကောင်ရေ ၈၈ ကောင်အားဖြစ်ပါသည်။

Hybrid အမျိုးအစားဖြစ်သည့်အတွက် ဆီစားသက်သာပြီး Highway လမ်းတွင် မောင်းမည်ဆိုလျှင် 3.4 Liter ကို ကီလိုတစ်ရာအထိ မောင်းနှင်နိုင်သကဲ့သို့ မြို့တွင်းဆိုပါက တစ်ဂါလန်ကို ကီလိုတစ်ရာအထိ မောင်းနှင်နိုင်ပါသည်။

ပြီးခဲ့သည့်  ခြောက်နှစ်ကျော်ခန့်က Hybrid ဘက်ထရီတစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာနှစ်ထောင်နီးပါရှိပြီး ပြန်လည်တပ်ဆင်ခမှာ ဒေါ်လာကိုးရာကျော်ရှိသည့်အတွက် မြန်မာငွေဖြင့် တွက်ကြည့်မည်ဆိုလျှင် ကျပ်သိန်းသုံးဆယ်နီးပါး ရှိပါသည်။

ယခုနောက်ပိုင်းတွင် ထုတ်လုပ်သော ကားအစီးရေ များလာသည်နှင့်အမျှ Hybrid ဘက်ထရီများကို အလွယ်တကူ ဝယ်ယူ၍ရသည့်အတွက် ကျပ်ရှစ်သိန်းခန့်သာ ကုန်ကျမည်ဟု သိရပါသည်။

Honda Fit Shuttle Hybrid 2011 မိုဒယ်မှာ ဂရိတ်အနေဖြင့် Hybrid-C၊ Hybrid၊ Hybrid Smart Selection၊ Hybrid Navi Premium Selection စသည်တို့ရှိပြီး မိုဒယ်မြင့်သည့်အတွက် Aircon Digital နှင့် Push-start ဖြစ်သွားပါသည်။

ထိုနောက် ဘက်မှန်တွင်လည်း Signal မီးနှင့် Central Switch၊ Cruise Control စသည်တို့လည်း ပါဝင်ပါသည်။

ဂရိတ်အမြင့်ဆုံးဖြစ်သည့် Premium Selection တွင် သားရေစတီယာရင်နှင့် အလွိုင်းအရွယ်အစား ၁၅ လက်မဖြစ်သွားပါသည်။

Honda Fit Shuttle Hybrid ၂၀၁၁၊ ၂၀၁၂ မိုဒယ်ကို ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူမည်ဆိုလျှင် အက္ခရာနှင့် ကားအရောင်၊ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ မှ သုံးရာကြားရှိပါသည်။

 

Read 4366 times