Honda က တရုတ်အီးဗီဈေးကွက်မှာ ဈေးနှုန်းမဟာဗျူဟာဖြင့် မောင်းနှင်မည်


Honda က တရုတ်အီးဗီဈေးကွက်မှာ ဈေးနှုန်းမဟာဗျူဟာဖြင့် မောင်းနှင်မည်

ကမ္ဘာ့အကြီးမားဆုံး အီးဗီဈေးကွက်ထဲမှာ လျှပ်စစ်ကားစစ်စစ် e:N မော်ဒယ်စီးရီးဖြင့် Honda က ဝင်ရောက်မောင်းနှင်ပြီး လူလတ်တန်စား အီးဗီဝယ်စီးသူများကို ဦးတည် မောင်းနှင်ပါတယ်။ ဈေးနှုန်းမဟာဗျူဟာ ခင်းကျင်းပြီး ရောင်းအား မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်း အီးဗီဈေးကွက် လက်ရှိအနေအထားမှာ ရောင်းဈေးအမြင့်တန်းမှ ကားမော်ဒယ်များနှင့် အများသူငါတတ်နိုင်တဲ့ တန်ဖိုးသင့် မော်ဒယ်များ ဟူ၍ အစွန်း ၂ မျိုး ထွက်ပေါ်နေပါတယ်။

 Honda ရဲ့ အီးဗီမော်ဒယ်အသစ်များက အထက်မရောက် အောက်မကျ  လူလတ်တန်းစားကို ချိန်ရွယ်ထားတဲ့ ရောင်းဈေးနှုန်းဖြစ်ပါတယ်။ 

တရုတ်ပြည်တွင်း အီးဗီဈေးကွက်မှာ အပိုင်းအကန့် ၂ ခု ဖြစ်ပေါ်နေပါတယ်။ မြို့ကြီးများမှာ ယွမ် ၃ သိန်းအထက် ဈေးအမြင့်တန်းကားများ ရောင်းအားကောင်းပါတယ်။ အမေရိကန်နိုင်ငံ အခြေစိုက်  အီးဗီထုတ်လုပ်ရေး လုပ်ငန်း Tesla နှင့် တရုတ်ပြည်တွင်း အီးဗီထုတ်လုပ်ရေး လုပ်ငန်း NIO တို့က ဈေးအမြင့်တန်းမှာ ကြီးစိုးထားကြပါတယ်။
  
 တန်ဖိုးနည်း မော်ဒယ်များက ရောင်းဈေး ယွမ် ၃ သောင်းဝန်းကျင် ရှိပါတယ်။ မြို့ငယ်များမှာ ရောင်းအားကောင်းပါတယ်။  Hongguang MINI EV က ကြီးစိုးထားပါတယ်။  Hongguang MINI EV ကို SAIC-GM-Wuling Automobile ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်ပါတယ်။ 

Honda က e:N ကို အလယ်အလတ်တန်း ယွမ် ၂ သိန်း‌အောက်ဖြင့် ဈေးဖွင့်ပါတယ်။ 


"တရုတ်နိုင်ငံဟာ လျှပ်စစ်ကားတွေနဲ့ ပတ်သက်လာရင် တခြားနိုင်ငံတွေထက် ရှေ့ကို ရောက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အဲဒီ‌ေဈးကွက်မှာ ပြိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ EV တွေကို ဒီဇိုင်းထုတ်ထားပါတယ်” လို့ Honda ရဲ့ တရုတ်နိုင်ငံရှိ လုပ်ငန်းဆောင်ရွက်မှု အကြီးအကဲ Katsushi Inoue က ပြောကြားပါတယ်။

Katsushi Inoue နှင့် Honda e:NS1 မော်ဒယ်


အီးဗီနယ်ပယ်ထဲမှာ Honda က  Sony Group,  General Motors တို့နှင့်လည်း လက်တွဲထားပါတယ်။ ကာဘွန်မထုတ်လွှတ်တော့တဲ့အဖြစ်သို့  ၂၀၅၀ ခုနှစ် မတိုင်ခင် ရောက်ရှိဖို့ ရည်မှန်းချက်ပန်းတိုင် ထားရှိပါတယ်။

 တရုတ်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်မယ့် အီးဗီမော်ဒယ်တွေဖြစ်ပြီး  Honda ရဲ့ H logo လက်မှတ် အဦးဆုံး တပ်ထားတဲ့ အီးဗီတွေ ဖြစ်ပါတယ်။ 
  ‌အီးဗီမော်ဒယ် ၁၀ မျိုးကုိ လာမယ့် ၅ နှစ်တာကာလအတွင်း  တရုတ်ပြည်တွင်း ဈေးကွက်အတွက် သီးသန့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ပထမဆုံးမော်ဒယ်က e:NS1 sport utility vehicle SUV ဖြစ်ပါတယ်။
တရုတ်ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုနှင့် အတူလုပ်ကိုင်တဲ့ ဖက်စပ်လုပ်ငန်း Dongfeng Honda က ထုတ်လုပ်မှာ ဖြစ်ပါတယ်။

နောက်ထပ်ဖက်စပ်လုပ်ငန်း GAC Honda Automobile က e:NP1 မော်ဒယ်ကို ထုတ်လုပ်မှာ ဖြစ်ပြီး ကြိုတင်အမှာစာများ လက်ခံနေပါပြီ။

e:NS1 နှင့် e:NP1 တို့က ဆင်ဆင်တူကြပါတယ်။

 

e:NS1 အရွယ်အစားက ဥရောပ အမျိုးအစား သတ်မှတ်ပုံအရ B-segment ဖြစ်ပါတယ်။ ရောင်းဈေးနှုန်းက ယွမ် ၁၇၅,၀၀၀ဖြစ်ပြီး တရုတ်အစိုးရ ထောက်ပံ့ကြေး ထည့်တွက်ထားပြီးသား ရောင်းဈေးနှုန်း ဖြစ်ပါတယ်။
 တရုတ်လုပ်ငန်း CATL ရဲ့ ဘက်ထရီကို သုံးထားပါတယ်။ ခရီးတာ ၅၁၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ 
CATL က လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်မှုကဏ္ဍမှာ အကြီးမားဆုံးဖြစ်ပြီး Honda က CATL မှာ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားပါတယ်။ 

၁၅.၁ လက်မ touch-screen display တပ်ဆင်ပေးထားပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပေးထားတာဖြစ်လို့ တရုတ်ဘာသာစကားဖြင့် သွားချင်တဲ့နေရာကို ပါးစပ်က ပြောပြပြီး လမ်းညွှန်ခိုင်းလို့ ရတယ်။ ကားတံခါး မှန် အတင်အချကိုလည်း တရုတ်ဘာသာစကား  ဖြင့် စေခိုင်းလို့ရပါတယ်။ မန်ဒါရင်း၊ ကန်တုံ၊  စီချွမ် တရုတ်စကား သုံးမျိုး နားလည်ပါတယ်။ 


e:N မော်ဒယ်များကို ဖက်စပ်လုပ်ငန်းများမှာ ရှိပြီးသားဖြစ်တဲ့ စက်ရုံတွေမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စက်ရုံအသစ်တွေ တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ ၂၀၂၄ မှာ စက်ရုံတွေ ကားထုတ်လုပ်မှု စတင်ဖို့ ရည်မှန်းထားပါတယ်။
၂၀၂၃ မှာ ဉရောပ ဈေးကွက်သို့ တင်ပို့မယ့် e:N လျှပ်စစ်ကားများ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
e:N အီးဗီတွေကို အွန်လိုင်းမှာ ရောင်းချပါမယ်။ မှာကြားသည်မှ ကားပေးပို့သည်အထိ အွန်လိုင်းမှာ အစအဆုံး လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြေပြင်အရောင်းဆိုင်တွေအဖြစ်လဖက်စပ်လုပ်ငန်းများမှ စီးပွားဘက်များရဲ့ ရှိပြီးသား အရောင်းပြခန်းများမှာ ပြသ ရောင်းချမှာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အရောင်းကွန်ရက်ကို အသုံးပြုပြီး ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ 
အစပိုင်းမှာ e:NS1 ကို တစ်လ စီးရေ ၃,၀၀၀ ရောင်းချဖို့ Honda က ရည်မှန်းထားပါတယ်။ 

ယမန်နှစ်က တရုတ်ပြည်တွင်းဈေးကွက်တွင် Honda စီးရေ ၁.၅၆ သန်း ရောင်းချခဲ့နာမှာ သမားရိုးကျ အင်ဂျင်ကားများ၊ ဘက်ထရီအင်ဂျင် နှစ်မျိုးစပ် ဟိုင်းဘရစ်များ အများစုဖြစ်ပြီး အီးဗီစီးရေ တစ်သောင်းခန့်သာ ပါဝင်ပါပေမဲ့ ၂၀၃၀ မှာ တစ်နှစ်လျှင်အီးဗီ စီးရေ ၈ သိန်း ရောင်းချတဲ့ ရည်မှန်းချက်ကို Honda ချမှတ်ထားပါတယ်။
အဲဒီရည်မှန်းချက် ရဖို့ e:N စီးရီးအပေါ် မူတည်နေပါတယ်။

Read 2888 times