ဟွန်ဒါက ဒရုံးပါတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ် မူပိုင်ခွင့် ရယူ


ဟွန်ဒါက အမြီးပိုင်းမှာ ဒရုံးတပ်ဆင်ထားတဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ် ဒီဇိုင်းကို မူပိုင်ခွင့် မှတ်ပုံတင်လိုက်တယ်။ ဘာလို့ ဆိုင်ကယ်မှာ ဒရုံးတပ်ဆင်ပေးထားရတာလဲဆိုတာကို ရေရေရာရာ မသိရပေမဲ့ မူပိုင်ခွင့် ရယူတဲ့ ဒီဇိုင်းကနေ ဘယ်လို တပ်ဆင်ထားမှာလဲဆိုတာကိုတော့ သိခွင့် ရကြပါတယ်။ မူပိုင်ခွင့် တင်တဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားချက်တွေမှာတော့ ဒရုံးတင်ဆင်တဲ့ ရည်ရွယ်ချက်တွေ ဖော်ပြထားပေမဲ့ လက်တွေ့အခြေအနေကို ထင်ဟပ်နိုင်ခြင်း မရှိဘူးလို့ ကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။


ဆိုင်ကယ်အမြီးပိုင်းမှာ ဘူးတစ်ခုပါပြီး သာမန်အချိန်တွေမှာ ပိတ်ထားတယ်။ အကြောင်းမသိရင် ဆိုင်ကယ်နောက်ပိုင်းမှာ ပစ္စည်းထည့်ဖို့ ဘူးကြီးတစ်ခု တပ်ထားတယ်လို့ ထင်ရမယ်။ 
အလုပ်လုပ်ချိန်မှာတော့ ဘူးက အဖုံးပွင့်သွားမယ်။ အထဲမှာ ထည့်ထားတဲ့ ဒရုံးက ထပျံမယ်။ ခေါက်သိမ်းထားတဲ့ ပန်ကာဒလက်အိမ်ကို ဖြန့်ပြီး ပျံသန်းမယ်။ အဲဒီ ဒရုံးက စမတ်ကျတယ်။ သူ့ဘာသာသူ ထိန်းကျောင်း ပျံသန်းနိုင်တယ်။ သူဘာသာသာသူ သတ်မှတ်ထားတဲ့နေရာကို ဆင်းသက်နိုင်တယ်။ 
ဆိုင်ကယ်သွားနေချိန်မှာ ဒရုံးက ဆိုင်ကယ်ရှေ့ဘက်ကို သွားပြီး နေရာယူတယ်။ ရှေ့ပြေးပွိုင့်တစ်ခုအဖြစ် ပျံသန်းနေမယ်။ ပြန်လည်သက်ဆင်းဖို့ အချိန်တန်တဲ့အခါမှာလည်း သူ့ဘာသာသူ ဆိုင်ကယ်နောက်မြီးဘူးဆီကို ပြန်လာမယ်။ ပန်ကာဒလက်အိမ်ကို ခေါက်သိမ်းပြီး ဘူးထဲ ဝင်ဆန့်အောင်လုပ်ပြီး နေရာယူမယ်။ 


ဒီတော့ မော်တော်ဆိုင်ကယ် မောင်းနှင်နေတဲ့သူက ဒရုံးကြောင့် အာရုံမနောက်ဘူး။ ဆိုင်ကယ် ထိန်းကျောင်းမောင်းနှင်တာကိုပဲ သူဂရုစိုက်မယ်။ ဒရုံးကို လျစ်လျူပြုထားတယ်။ 
ဒရုံးက လေထဲ အမြင့်တစ်နေရာမှာ ပျံသန်းရင်း ဆိုင်ကယ်ကို ကင်မရာနဲ့ မှတ်တမ်းတင်ပေးထားလို့ ရတယ်။
အဲဒီဟာ တစ်ခုတည်းအတွက်နဲ့တော့ ဆိုင်ကယ်မှာ ဒရုံးတပ်ဆင်တယ်ဆိုရင် ဟွန်ဒါလို ထိပ်တန်းဆိုင်ကယ် လုပ်ငန်းကြီးအဖို့ ဘာမှ အဓိပ္ပာယ် မရှိတဲ့ လုပ်ဆောင်ချက် ဖြစ်နေမယ်။ လျှပ်စစ်ဆိုင်ကယ်ဝယ်စီးတဲ့သူအဖို့လည်း အဲဒီအတွက်နဲ့တော့ ဈေးပိုပေးပြီး ဆိုင်ကယ်ကို ဝယ်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ 

 

မူပိုင်ခွင့် လျှောက်ထားရာမှ တင်ပြတဲ့ စာရွက်စာတမ်းတွေအရ ဒရုံးမှာ တခြားတာဝန်တွေ ရှိနေတာ တွေ့ကြရတယ်။
ဆိုင်ကယ်က လျှပ်စစ်ဆိုင်ကယ်ဖြစ်တာကြောင့် ဘက်ထရီအားမကုန်ခင်မှာ အားသွင်းဖို့ လိုတယ်။ အားသွင်းဖို့ နေရာ အနီးအနားမှာ ရှာမရရင်၊ အားသွင်းဖို့ ကြာမယ့်အချိန်ကို မပေးနိုင်ရင် အားသွင်းပြီးသား ဘက်ထရီကို အစားထိုးလဲလှယ် သုံးစွဲလို့ရအောင် ဟွန်ဒါက စီစဉ်ပေးထားတယ်။ ဘက်ထရီကို အလွယ်တကူ ဖြုတ်လို့ရတယ်။ အားအပြည့်ဘက်ထရီကို အလွယ်တကူ တပ်လို့ ရတယ်။ ဒီတော့ ဒရုန်းကို စေလွှတ်ပြီး အားအပြည့်ဘက်ထရီ သွားယူခိုင်းမယ်။ အားကုန်ခါနီး ဘက်ထရီကို အားသွင်းတဲ့ဆီကို ပို့ခိုင်းမယ်။ 
ဒါပေမဲ လက်ရှိဘက်ထရီနည်းပညာအရဆိုရင် အတော်ခဲယဉ်းနေလိမ့်မယ်။  Zero FXS မော်တော်ဆိုင်ကယ်မှာ လဲလှယ်တပ်ဆင်လို့ရတဲ့ ဘက်ထရီ နှစ်တုံး ပါတယ်။ ၃.၆ ကီလိုဝပ်အား ရှိတဲ့ ဘက်ထရီတွေ ဖြစ်ပါတယ်။ အလေးချိန်က ၄၂ ပေါင် (၁၉ ကီလိုဂရမ်) လေးတယ်။  ဒီတော့ အရွယ်အစား တစ်ပေမပြည့်တဲ့ ဒရုံးအနေဖြင့် ၄၂ ပေါင်ကို သယ်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ပေါ့ပါးတဲ့ ဆိုက်ကယ်သုံးဘက်ထရီတွေ ပေါ်ပေါက်လာဖို့ လိုလိမ့်မယ်။ နည်းပညာတိုးတက်ဖွံ့ဖြိုးနေတာက တရိပ်ရိပ်နဲ့ တိုးတက်နေတာဆိုတော့ အနှေးနဲ့အမြန် ပေါ့ပေါ့ပါးပါး ဆိုက်ကယ်သုံးဘက်ထရီတွေ ပေါ်ပေါက်လာနိုင်လိမ့်မယ်။

 

ဒရုံးကို သုံးစွဲမယ့် နောက်ထပ်ကိစ္စတစ်ခုကိုလည်း ဟွန်ဒါက အဆိုပြုထားတယ်။  ကိုယ်သွားမယ့် လမ်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်တွေ အနည်းအများ အခြေအနေကို ကင်းထောက်တဲ့ တာဝန်ဖြစ်ပါတယ်။ မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ မော်တော်ဆိုင်ကယ်က မြန်နှုန်းမြင့် မောင်းနှင်နိုင်တဲ့ ဆိုင်ကယ်အမျိုးအစား ဖြစ်နေတယ်။ ဒရုံးတွေက အဲဒီဆိုင်ကယ်ထက် ပိုမြန်အောင် မပျံသန်းနိုင်ကြဘူး။ ဒါပေမဲ့ ယာဉ်တွေ ကျပ်တဲ့ မြို့တွင်းသွားလာမှုမှာတော့ ဆိုင်ကယ်က ဒရုံးကို မီအောင် လိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ရှေ့မှာ ဘာတွေဖြစ်နေသလဲ ကြိုသိအောင် လုပ်ပြီး ရှောင်သင့်ရင် တခြားလမ်းကြောင်း ရွေးချယ်ပြီး သွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို လမ်းကြောင်းပြောင်းရတာ ကားတွေအဖို့ အခက်အခဲ ရှိကောင်းရှိမယ်၊ ဆိုင်ကယ်ကတော့ ကားတွေကြားကနေ မောင်းသွားလို့ ရတာကြောင့် လွယ်ကူမှာ ဖြစ်ပါတယ်။
နောက်ထပ်အသုံးပြုပုံပြုနည်းတစ်ခုကို ဟွန်ဒါက တင်ပြထားတာမှာ ဒရုံးမှာ ပါတဲ့ ပန်ကာတွေကို လိုအပ်ရင် လေပူစုပ်ဖို့ သုံးမယ်။ ဆိုင်ကယ်ရဲ့ မော်တာနဲ့ ဘက်ထရီတွေ ပူလာတဲ့အခါ ပန်ကာတွေက လေပူတွေကို စုပ်ယူပြီး ဆိုင်ကယ်နောက်ဘက်ကို စွန့်ပစ်ပေးမယ်။ ပတ်ဝန်းကျင်မှ မပူတဲ့လေတွေက မော်တာနဲ့ ဘက်ထရီဆီ ဝင်လာပြီး အပူဓာတ်ကို ရယူမယ်။ ဒရုံးက စုပ်ယူလိုက်တာ ခံရပြီး ဆိုင်ကယ်နောက်ဖက်မှာ စွန့်ပစ်ခံရမယ်။ တစ်နည်းပြောရရင် လေစီးကြောင်းတစ်ခု ဖန်တီးပေးထားပြီး မော်တာနဲ့ ဘက်ထရီတို့ကို လေနဲ့ အေးအောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။ 

 

စဉ်းစားစရာတစ်ခု ရှိတာက ဟွန်ဒါအနေဖြင့် မူပိုင်ခွင့် မှတ်ပုံတင်ထားဖို့အတွက် အခုလို အသုံးပြုပုံတချို့ကို စာရွက်စာတမ်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ လက်တွေ့မှာ အဲဒီအတိုင်း အသုံးပြုချင်မှ ပြုပါလိမ့်မယ်။ လောလောဆယ်မှာ လူသိမခံလိုတဲ့ သုံးစွဲနည်းတွေ ကြံဆထားတာ ဟွန်ဒါမှာ ဝှက်ဖဲချပ်တွေအဖြစ် လက်ထဲ ကိုင်ထားတာ ရှိနေနိုင်ပါတယ်။ 
 

Source: electrek.co

Read 5734 times